အောင်ဇော်
ဂျွန် ၀ီလီယံ ယက်တော (John William Yettaw) ကို လွန်ခဲ့သည့် အပတ် ဖမ်းဆီး ခဲ့ချိန်မှ စ၍ လူ အများက ကောလာ ဟလ အမျိုးမျိုး ပြောဆို ခဲ့ကြ သလို၊ ထင်မြင်ချက် အမျိုးမျိုး လည်း ခန့်မှန်း သုံးသပ် နေခဲ့ကြ သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂-ကီလိုမီတာကျော် ခရီးရှိသည့် အင်းလျားကန်ကို ကျော်ဖြတ် ၎င်းက ရေကူးခဲ့လေသလော... ။ သို့ဆိုလျှင်ဖြင့် ၎င်း၏ ရည်ရွယ်ချက်က မည်သို့ ဖြစ်နိုင်ပါသနည်း။ သူက ဒေါ်စုအိမ်သို့ ယခင်ကတည်းက ရောက်ဖူးခဲ့ပါသလော..။ ၎င်း၏ နောက်ကွယ်တွင် မည်သူများ၊ မည်သည့်အဖွဲ့အစည်းများ ရှိနေပါ သနည်း။
အတည်မပြုနိုင်သည့် သတင်းများအရ ဒေါ်စုအိမ်သို့ ယခင်တကြိမ်ကတည်းက ၎င်းရောက်ခဲ့ဖူးကြောင်းလည်း သိရသည်။ သို့သော်လည်း အိမ်ရှင်များက သူ့ကို လိုလိုလားလား ကြိုဆိုခြင်းမရှိကြဘဲ ထွက်ခွာသွားရန်သာ ပြောဆိုနှင်ထုတ်ခဲ့ကြသည် ဟု ဆိုသည်။
မိမိနှင့် ရင်းနှီးသည့် အတိုက်အခံအသိုင်းအ၀ိုင်းများအတွင်း ယခုတကြိမ် ထွက်ပေါ်နေသော ကောလာဟလများအရ ဂျွန် ၀ီလီယံ ယက်တောက အိမ်တွင် ရက်အနည်းငယ် နားခိုခွင့်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ခဲ့သည်ဟု ဆို သည်။ ဒေါ်စုလွတ်မြောက်ရေးအတွက် ဥပဒေကြောင်းအရ တောင်းဆိုလှုပ်ရှားနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များက သေချာသည်မှာ ဒေါ်စုကို လေးစားပါသည်ဆိုသော ၎င်းအမေရိကန်ပုဂ္ဂိုလ်ကို ထိုသို့တွေ့ လိုကြလိမ့်မည် မဟုတ်ပေ။ ဒေါ်စုကို စောင့်ရှောက်ကူညီနေကြသည့် အမျိုးသမီးများကလည်း ရဲကိုခေါ်မည်ဟုပင် ခြိမ်း ခြောက်ခဲ့ကြသည်ဟု ဆိုပါသည်။
သို့သော်လည်း ထူးခြားဆန်းကြယ် လျှို့ဝှက်သီအိုရီများဖြင့် တွေးလေ့ရှိသူများကမူ ၎င်းရေကူးသမား ယက်တောကို စစ် အစိုးရက လှည့်ဖျား၍ အိမ်ကို ချိုးဖောက်ဝင်သည့် အဖြစ်ဖြစ်ရလေအောင် ပြုခဲ့ကြသည်ဟု ယုံကြည်နေကြသည်။ သို့မှသာ စစ်အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားရန် ဆင်ခြေ အကွက်ကောင်းရပေလိမ့်မည်။
စစ်အစိုးရကို လိုလားထောက်ခံသူများကမူ ယခုအဖြစ်သည် ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရပ် ခြား ထောက်လှမ်းရေးဌာနများ ပူးပေါင်းကြံစည်ကြပြီး၊ ကြားခံ လျှို့ဝှက်ထောက်လှမ်းရေးတဦးက ဂျိမ်း (စ်) ဘွန်း ရေကူး လာသည့်နှယ် ရောက်လာသည်ဟု မြင်နေကြသည်။
ဤဖြစ်ရပ်များကြောင့် ယခုအခါ ဒေါ်စု၏ပုဂ္ဂိုလ်ရေး ဆရာဝန် ဒေါက်တာတင်မျိုးဝင်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ကြောခံနေ ရပြီ ဖြစ်သည်။ အတိုက်အခံအင်အားစုများကမူ ဒေါ်စု၏ ပုဂ္ဂိုလ်ရေးဆရာဝန်သည်လည်း ၎င်းရေကူးသမားနှင့် ဆက်စပ်၍ အပစ်ပေး အရေးယူခံရဖွယ်ရှိသည်ဟု စိုးရိမ်နေကြသည်။
သို့သော်လည်း အကြားမြင်များသည့်ပုဂ္ဂိုလ်များကမူ ဂျွန် ၀ီလီယံ ယက်တောသည် ဇီးရိုး ဇီးရိုး ဆဲဗင်း (007) မဖြစ်နိုင်ဟု ဆိုကြသည်။ သူ့ဘာသာ တကိုယ်တော်လှုပ်ရှားခဲ့သည့် လူထူးဆန်းသာ ဖြစ်နိုင်သည်ဟု ဆိုကြသည်။
အမေရိကန်လူမျိုးတဦးဖြစ်သူ ယက်တောက ထိုင်းနိုင်ငံတွင်လည်း အချိန်တခုကြာ နေခဲ့သေးသည်။ သူက ပြည်ပရောက် အချို့သော မြန်မာအတိုက်အခံအုပ်စုများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းက သူရဲကောင်းဝါဒနှင့် ပတ်သက်၍ ယုံကြည်မှုဆိုင်ရာကိစ္စ စာအုပ်တအုပ် ရေးသားနေကြောင်း ပြောခဲ့သေးသည်။
သူတို့က ပြောကြားရာတွင် သူက မြန်မာပြည်အရေးကို စိတ်ဝင်စားနေကြောင်း၊ သူက ဦးဏှောက်ဖြင့် ဆင်ခြင်စဉ်းစားမှု အားနည်းကောင်း နည်းမည်ဖြစ်သော်လည်း၊ သူ၏ နှလုံးသားက အားကြီးကြောင်း ဖော်ပြကြသည်။
သေချာသည်မှာ ဤသို့ စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှု သက်သက်ဖြင့် ၎င်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သေချာ စဉ်းစားတွေး ဆခဲ့ပုံ မရပါ။ ဖြစ်လာနိုင်သည့် ဆိုးကျိုးနောက်ဆက်တွဲများကိုလည်း သူက ထည့်မစဉ်းစားခဲ့ပါ။
အကယ်၍ စစ်အစိုးရ ခေါင်းဆောင်များကသာ ဆင်ခြေကောင်းရပြီဟု ရှုမြင်ခဲ့ပါက သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားမှု သက်တန်းဆက်တိုးကြလိမ့်မည် ဖြစ်သည်။ ဂျွန်က ကောင်းစေချင်သည့်စေတနာဖြင့် လုပ်ခဲ့သော်လည်း သူက စစ်အစိုးရ လိုချင်သည့်ဆင်ခြေကို အဆင်သင့်ပေးခဲ့သလို ဖြစ်နေသည်။
စစ်အစိုးရ၏ ဥပဒေအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က အမှန်တကယ် ဥပဒေချိုးဖောက်ကျူးလွန်ထားသလို ဖြစ်နေစေ သည်။ မြန်မာနိုင်ငံတွင် အိမ်ရှင်တဦးက မိမိပိုင်အိမ်တွင် ဧည့်သည်တဦးကို ညအိပ်ညနေ လက်ခံလိုပါက အာဏာပိုင်များကို တိုင်ကြားရန် တာဝန်ရှိသည်။
ဂျွန် ၀ီလီယံ ယက်တောက ဤအချက်ကို သိချင်မှ သိပါလိမ့်မည်။ သူ၏ မိုက်မဲသောလုပ်ရပ်ကြောင့် ဖြစ်ရမည့်ဆိုးကျိုးများ အတွက်လည်း သေချာသုတေသနပြုခဲ့ပုံ မရပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးသည် စိတ်ကူးယဉ်သမား၊ အစွန်းရောက် အတွေးအခေါ်ရှိသူများ၊ စွန့်စားရေးသမား နယ် လှည့်ခရီးသည်များအတွက် ကာလအတန်ကြာကပင် ဆွဲဆောင်မှုကောင်းသော နေရာတခု ဖြစ်ခဲ့ပါသည်။
အနောက်နိုင်ငံတလွှား လှည့်ပတ်ခဲ့သူ ဝေါ်လတာ မစ်တီ (Walter Mittys) လိုလူများသာမက၊ မြန်မာနိုင်ငံအရေးနှင့် ပတ် သက်၍ မိမိဘာသာ တာဝန်ပေးခန့်ထားကြသော တက်ကြွလှုပ်ရှားသူများ၊ ကျွမ်းကျင်သူ ပညာရှင်များ၊ ထောက်ခံပြောဆို နေသူများ၊ စည်းရုံး တိုက်တွန်းပေးနေသူ လောဘီသမားများ၊ ပညာရှင်များ၊ အခွင့်အရေးသမားများ၊ သေသေရှင်ရှင် ဆောင်ရွက်တော့မည် ဆိုသည့် ဘာသာရေးအစွန်းရောက်များ၊ ကြေးစား စစ်သားများ စသဖြင့် အစုံ ရှိနေကြပါသည်။
ကရင်သူပုန်များ၏ ခံတပ် မာနယ်ပလော မကျဆုံးမီ ၁၉၉၀ ခုနှစ်များ အစောပိုင်းက နိုင်ငံခြားကြေးစား စစ်သားများက လည်း၊ "လွတ်မြောက်ရေးတိုက်ပွဲဝင်သူများ" အဖြစ် နယ်စပ်သို့ ရောက်လာခဲ့ကြဖူးသည်။ ကရင်ပြည်နယ် ရှေ့တန်းစစ် မျက်နှာများသို့ ရမ်ဘိုသဖွယ် သွား၍ စွန့်စားတိုက်ပွဲဝင်ခဲ့ကြဖူးသည်။
၁၉၉၉ ခုနှစ်၊ သြဂုတ်လတင် အင်္ဂလိပ်လူမျိုး လူငယ်တဦးဖြစ်သော ဂျိမ်း (စ်) မော့ဒ်စလေ (James Mawdsley) က ရန်ကုန်မြို့တွင် ဒီမိုကရေစီရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပြီးနောက် ဖမ်းဆီးခံရသည်။ ၎င်းမှာ သူ၏တတိယအကြိမ် မြောက် မြန်မာနိုင်ငံသို့ ခရီးစဉ်ဖြစ်ပြီး စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြရန် သွားခဲ့ခြင်း ဖြစ်သည်။ သူ၏ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံရှိ ထောင်များအတွင်း ကာလတစုံတရာ နေကြည့်ချင်သည်။
ဂျိမ်း (စ်) မော့ဒ်စလေကို ထောင်ဒဏ် (၁၇) နှစ် ချမှတ် အပစ်ပေးခဲ့သော်လည်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံထောင်ထဲတွင် ရက်ပေါင်း ၃၀၀ ကြာနေခဲ့ရသည်။ သူ့ကို ၂၀၀၀ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတကာဖိအားကြီးလာသောကြောင့် စစ် အစိုးရက ပြန်လွှတ်ပေးခဲ့သည်။
မော့ဒ်စလေက အမှန် ကံကောင်းသည်ဟု ဆိုရမည်။ အကယ်၍ ၎င်းနေရာတွင် မြန်မာလူမျိုးတဦးသာ ဖြစ်ပါက ထောင် သက်တန်းအပြည့် နေရဖွယ်ရှိပြီး၊ ပြင်ပကမ္ဘာမှလည်း ဆူပူ အော်ဟစ်ကြလိမ့်မည် မဟုတ်ပါ။
သူက နောက်ပိုင်းတွင် "နှလုံးသား ကြေကွဲလောက်သည်" The Heart Must Break ဟု အမည်ရသည့် စာအုပ်တအုပ်ကို သူ၏ အတွေ့အကြုံများအပေါ် အခြေခံ၍ ခပ်ဝံ့ဝံ့ပင် ရေးသားခဲ့ပြီး၊ ဗြိတိသျှလွှတ်တော် ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံမည်ဟုလည်း ဆိုခဲ့သေးသည်။
"မော့ဒ်စလေကတော့ ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်း အင်္ဂလန်မှာ ထူးထူးခြားခြား မွေးထုတ်ထွက်ပေါ်လာခဲ့တဲ့ လူငယ် တဦးပဲ" ဒေးဗစ် အက်တလွန် (David Atlon) က ဂျိမ်း (စ်) မော့ဒ်စလေ၏ စာအုပ်တွင် ဘုတ်ကျီးမြှောက်ရေးခဲ့ သေးသည်။ သူက ဂျိမ်း (စ်) မော့ဒ်စလေ၏ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သလို၊ တတိယကမ္ဘာ နိုင်ငံများကို ကြွေးမြီ လျော်ပစ်ရေးအတွက် တောင်းဆိုလှုပ်ရှားနေသော ဂျူဘလီ ကမ်ပိန်း (Jubilee Campaign) အဖွဲ့ကို စတင်တည်ထောင်သူ တဦးလည်း ဖြစ်သည်။
သို့သော်လည်း မော့ဒ်စလေ၏ ဆန္ဒပြပုံမျိုးကို အခြားသူများက နှစ်လိုခြင်း၊ အားကျခြင်း မရှိခဲ့ကြပါ။
ဂါဒီယံ သတင်းစာကြီး (The Guardian) ကမူ "ဗြိတိန်တွင် သူ့အပေါ်တွင် တုံ့ပြန်ကြပုံမှာ မသဲမကွဲ ရှိလှပါသည်။ သူက ပြောဆိုနေသည့် ခရစ်ယာန်တဦး၏ ဇွဲသတ္တိနှင့် ပတ်သက်၍ လူအများက သံသယရှိနေကြပါသည်။ မိမိပြည်သူထောင် ပေါင်းများစွာကို သတ်ဖြတ်နေသည့် စစ်အာဏာရှင်တဦးကို လက် ၂-ချောင်းဖြင့် သွားထိုးသည်ကတော့ အဆင်အခြင်နည်း ရာ ကျပါသည်။ သို့သော်လည်း သူ၏ ယုံကြည်စိတ်၊ အများကောင်းကျိုး လိုလားစိတ်စေတနာ၊ သတ္တိပြောင်မြောက်မှု အတွက်ကိုမူ ခပ်တုံ့ဆိုင်းဆိုင်းဖြင့် လေးစားနေသူများလည်း ရှိနေသေးသည်" ဟု ရေးသားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် အန်ဂျီအိုလောကတွင် အလုပ်လုပ်ခဲ့ဖူးသည့် အသက် ၃၀ ၀န်းကျင် မြန်မာအမျိုးသမီးတဦးကို ကျနော် အမှတ်ရနေပါသေးသည်။ သူက ပြောရာတွင် "သူက မြန်မာပြည်အကြောင်း ပြောနေတာကို၊ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ ရရှိအောင် လုပ်မယ်ပြောနေတာကို ကျမခံစားလို့ မရဘူး။ သူက မြန်မာပြည်မှာ ဖြစ်ပျက်နေတာကို ဘာမှ သိပုံမရဘူး။ သူ ပြောနေတာကိုလည်း ကျမနားမထောင်ဘူး။ ကျမ မိတ်ဆွေတွေကိုလည်း သူပြောတာ နားထောင်မနေနဲ့လို့ ပြောတယ်" ဟု ၎င်းက ပြန်ပြောပြသည်။
သူက ထပ်၍ပြောရာတွင် "မြန်မာနိုင်ငံနဲ့ မြန်မာပြည် ပြဿနာတွေကို အသုံးချပြီး၊ သူ့နာမည်ကျော်ကြားမှုနဲ့ သူ့ပုဂ္ဂိုလ်ရေး အတွက် လုပ်နေတာပဲ။ သူက (လန်ဒန်) မှာ ဆိုရင် ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် မြန်မာပြည်အရေးမှာ ပတ်သက်လာတော့ သူက ထင်ရှားတဲ့သူ တဦး ဖြစ်လာရတယ်" ဟု ဝေဖန်ခဲ့သည်။
ဂျိမ်း (စ်) မော့ဒ်စလေ အပြင်၊ ဆန္ဒမွန်ဖြင့် အခြားလှုပ်ရှားကြသူ အများအပြားလည်း သူမ၏ စာရင်းတွင် ထည့်သွင်းဖော်ပြ ရန် ရှိနေသေးသည်။
နောက်ထပ် စိတ်စေတနာကောင်းသော်လည်း တလွဲတချော် လုပ်မိသူ ဗြိတိန်သူတဦးမှာ ရေချယ် ဂိုးလ်ဒ်ဝင်း (Rachel Goldwyn) ဖြစ်သည်။ ဂိုးလ်ဒ်ဝင်းက ၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ဒီမိုကရေစီ တေးသီချင်းတပုဒ် သီဆိုမိသောကြောင့် ဖမ်းဆီးခံခဲ့ရသည်။ သူမ၏ "တော်လှန်ရေးလုပ်ရပ်" ကြောင့် ထောင် ၇-နှစ် အပစ်ပေးခံရသည်။ သို့သော်လည်း သူက အင်းစိန်ထောင်အတွင်း၌ ၂-လ ကြာသာ ပြစ်ဒဏ်ကျခံခဲ့ရသည်။
ရေချယ် ဂိုးလ်ဒ်ဝင်း ၏ အာခံမှုပွဲကလေး မစမီပင်၊ ထိုင်းအချို့အပါအ၀င် နိုင်ငံခြားသား လူ့အခွင့်အရေး လှုပ်ရှားသူ ၁၈-ဦးက ရန်ကုန်မြို့တွင် ဆန္ဒပြပွဲ လုပ်ခဲ့ကြသေးသည်။ ထိုသူများကို ချက်ချင်းပင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ဤတကြိမ်တွင် လည်း နိုင်ငံတကာက အော်ဟစ်ကန့်ကွက်လာကြသောကြောင့် လေယာဉ်ပေါ်တင်၍ ချက်ချင်းဆိုသလို ပြန်လွှတ်ပေးခဲ့ သည်။
သူတို့၏ လုပ်ရပ်ကြောင့် မြန်မာနိုင်ငံ လွတ်မြောက်ခဲ့ပါသလော။
ဝေဖန်သူများက ဆိုကြရာတွင် ဤသို့အဆင်အခြင်မဲ့ လုပ်ရပ်များကြောင့် အကောင်းထက် အဆိုးပိုများစေသည်ဟု မှတ်ချက်ချကြပါသည်။
နိုင်ငံခြားသား တက်ကြွလှုပ်ရှားသူများက မြန်မာစစ်အစိုးရ အနေနှင့် သူတို့ကို ရာသက်ပန်ထောင်ချထားရန် မဖြစ်နိုင် ကြောင်း သိနေကြပါသည်။ သူတို့ ဖမ်းဆီးခံရပါက ၎င်းတို့၏ နိုင်ငံများရှိ သတင်းစာများတွင် ခေါင်းကြီးပိုင်းက နေရာထား ဖော်ပြခံရမည်ကိုလည်း သိနေကြပါသည်။ မော့ဒ်စလေက ၎င်းရေးသားသည့်စာအုပ်တွင် ကျိုင်းတုံထောင်အတွင်း ၎င်းက အထူးအခွင့်အရေး ရရှိပုံကို ရေးသားဖော်ပြခဲ့ပါသည်။ သူက စာဖတ်ခွင့်ရသည်။ သံတမာန်များ၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့် ရသည်။ အနောက်တိုင်း အစားအစာ စားခွင့် ရခဲ့ပါသည်။
မြန်မာနိုင်ငံမှ နိုင်ငံရေးအကျဉ်းသားဟောင်းများက ၎င်းနိုင်ငံခြားသား သူရဲကောင်းများ၏ ဖြစ်ရပ်ကို နာကျည်းစိတ်တ၀က် နှင့် ပြောကြပါသည်။ အကယ်၍ အခြားနိုင်ငံရေးအကျဉ်းသားများသာ မော့ဒ်စလေနှင့် ရေချယ် ဂိုးလ်ဒ်ဝင်းလို အလေးပေး အာရုံစိုက်ခံကြရပါက မြန်မာနိုင်ငံရှိ ထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ပြောင်တလင်းခါလောက်ပြီဟု ဆိုကြပါ သည်။
သေချာမလွဲ ပြောရလျှင် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို အမှန်တကယ် ကူညီပေးလိုကြသည့် စေတနာရှိကြသော နိုင်ငံခြားသား စေတနာဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှားသူများ မရှားပါးလှပါ။ များစွာ အသင့်ရှိနေကြပါသည်။ သို့သော် လည်း ထိုသူများက သူတို့၏လုပ်ရပ်ကြောင့် အခြားသူများအပေါ် သက်ရောက်ရမည့် ဆိုးကျိုးများကို မစဉ်းစား မတွက်ဆ ဘဲ သူတို့စိတ်ထင်တိုင်း လုပ်ဆောင်ခြင်း မပြုကြပါ။
ဂျွန် ၀ီလီယံ ယက်တောက နောက်ဆက်တွဲ ဆိုးကျိုးများကို ဆင်ခြင်စဉ်းစားခဲ့ပါသလား။ သူ့လုပ်ရပ်က အကောင်းထက် အဆိုးသာ ပို၍ ဖြစ်စေမည်ဟု အချိန်ယူစဉ်းစားခဲ့ပါသလော။
သေချာသည်မှာ ဤသို့ စဉ်းစားခဲ့ဟန် မရှိပါ။ အကယ်၍ နောက်တကြိမ်တွင်သာ နိုင်ငံခြားသား တက်ကြွလှုပ်ရှားသူများက ထင်ပေါ်ရ လေ အောင် စတန့်စွန့်စားခန်းလုပ်မည်ဆိုပါက သူတို့ရေဆင်းမကူးမီ၊ ရေအတိမ်အနက်ကိုတော့ သေချာတွက်ဆ သင့်ပါကြောင်း အကြံပြုလိုပါတော့သည်။
No comments:
Post a Comment