Saturday, June 13, 2009

စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးခေါ် ချေမှုန်းရေးမဟာဗျူဟာ (ပထမပိုင်း-၁)

မင်းသန်းနိုင်

တချိန် တုံးက (နဝတ) နောက်တော့ နအဖ လို့ခေါ်တဲ့ စစ်အစိုးရ က ပြုလုပ် ကျင့်သုံး နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း တွေနဲ့ အပစ် အခတ် ရပ်စဲ ရေး ရဲ့ ဦးတည်ချက် ဟာ ဘာလဲ? ဒါမှ မဟုတ် စုစည်း နေတဲ့ အတိုက် အခံ ရန်သူ တွေ ကို ပြန့်ကျဲသွား အောင် ဖဲ့ထုတ်ပြီး တဖွဲ့ ချင်းစီကို ချေမှုန်း ဖို့လား? ဒါကို စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထား ကြတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့ အစည်း ဝင်များ အပါအဝင် နိုင်ငံ ရေးရာ ကိစ္စတွေ ကို စိတ်ဝင် စားပြီး လေ့လာ သုံးသပ် နေတဲ့ မိဘ ပြည်သူ များ ရှင်းရှင်း လင်းလင်း သိ မြင် ကောင်း သိမြင်ကြ ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဆယ်နှစ်ကျော် အနှစ်နှစ်ဆယ်ကာလ အပစ်အခတ်ရပ်စဲလာတာဖြစ်လို့ ပုံမှန်ဦးနှောက်ရှိရင် သိကြမှာပါ။ ဒါပေမဲ့ ဆန္ဒာဂတိဆိုတဲ့ အရောင်ပါတဲ့မျက်မှန်ကို တပ်ပြီးကြည့်မယ် လူတွေကတော့ ပကတိအရောင်ကို မြင်နိုင်မှာမဟုတ်ပါ။ ထို့နည်းတူ သတိ ပညာနည်းပါးသူများလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်မှာမဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်ထိတွေ့ ဖြတ်သန်းခဲ့ခြင်းမရှိသူတွေအတွက် မရှင်းသေးရင်လည်း ရှင်းသွားအောင် ရှင်းနေပြီးဆိုရင်လည်း ပိုမိုခိုင်မာအောင် ကျနော်ရဲ့ အတွေ့၊ အသိနဲ့ လေ့လာသုံးသပ် တွက်ချက်မိ တာတွေကို မျှဝေလိုက်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး သမိုင်းမှာလေ့လာချင်လေ့လာ နိုင်ငံတကာမှာပဲ ကြည့်ကြည့် အပစ်အခတ်ရပ်စဲရေးကို စတင် ကမ်း လှမ်းတဲ့အဖွဲ့တွေဟာ အကြပ်အတည်းအခက်အခဲ ကြီးကြီးမားမားနဲ့ ဘေးကြပ်နံကြပ် ရင်ဆိုင်ရတဲ့ ကာလတွေမှာ ထွက်ပေါက်ရဖို့ လုပ် ကြ တာကို တွေ့ရတယ်။ စစ်အစိုးရရဲ့ အခြေအနေကိုလည်း ပြန်လေ့လာကြည့်မယ်ဆိုရင် (၈) လေးလုံး လူထုအုံကြွမှုကြီးမှာ အာဏာ သိမ်းပြီး တက်လာခါစ ဖြစ်တယ်။ (၈) လေးလုံးလူထုအုံကြွမှု ဆိုတာကလဲ (မဆလ) တစ်ပါတီအာဏာရှင်စနစ်နဲ့ (မဆလ) ရဲ့ ကျောရိုး ဗမာ့တပ်မတော်ရဲ့ အနိုင်ကျင့်မှုကို မခံနိုင်လွန်းလို့ ပေါ်ပေါက်လာတာဖြစ်တယ်။ တစ်ပြည်လုံးအနှံ့ ပေါ်ပေါက်လာတဲ့ အုံကြွမှုကြီးကို မ ထိန်းသိမ်းနိုင်တော့တဲ့အခါ စစ်တပ်ဟာ (မဆလ) ပါတီနဲ့ လမ်းခွဲဟန်ပြပြီး ကယ်တင်ရှင် လေသံနဲ့ အာဏာသိမ်းခဲ့တာ ဖြစ်တယ်။ ပြီး တော့ ပြည်သူတွေ ကျေနပ်လက်ခံအောင် ရွေးကောက် ပွဲလုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ တကယ်တော့ (၈) လေးလုံး အုံကြွမှုကြီးမှာ ပြည်သူတွေကို ထောင်နဲ့ချီပြီး သတ်ခဲ့တာ စစ်တပ်ဖြစ်တယ်။

ဒါကြောင့် စစ်တပ်ရဲ့ အုပ်စိုးမှုကို လက်မခံနိုင်တဲ့ (၈) လေးလုံးအရေးအခင်းမှာ ဦးဆောင်ခဲ့သူ ကျောင်းသားတွေဟာ လက်နက်ကိုင် တော် လှန်ဖို့ နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့အစည်းထံ သောင်းနဲ့ချီပြီး ရောက်သွားကြတယ်။ အဲဒီကာလမှာ တိုင်းရင်းသားလူမျိုးစုံ တော် လှန်ရေးအဖွဲ့ (၁၂) ဖွဲ့ဟာ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) ခေါ် (NDF) မှာ စုစည်းနေကြတယ်။ (မဒတ) ဟာ လက်နက်ကိုင် တိုက်ပွဲဝင်လိုတဲ့ ကျောင်းသားတွေကိုစုပြီး မြန်မာနိုင်ငံဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ခေါ် (ABSDF) ကို ဖွဲ့စည်းနိုင်အောင် ကူညီပေးခဲ့တယ်။ ပြီးတော့ အဲဒီနှစ်ထဲမှာပဲ (မကဒတ) အပါအဝင် ဒီမိုကရေစီအင်အားစုများနဲ့ (မဒတ) အဖွဲ့ဝင် တိုင်း ရင်းသားအင်အားစုများ ပူးပေါင်းပြီး မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (မဒမခ) ခေါ် (DAB) ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ (DAB) မှာ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်လာနေတဲ့ အဖွဲ့ပေါင်း (၂၂) ဖွဲ့ ပါဝင်ခဲ့တယ်။ ဒီလိုအတိုက်အခံအင်အားစုများ စုစည်း နိုင်ခြင်းအပေါ် ပြည်သူအများစုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အားရကျေနပ်ပြီး ထောက်ခံအား ပေးကူညီမှုတွေ ရှိလာနေတယ်။

အခြားတစ်ဖက်ကလည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဟာ အလုပ်သမားညီအစ်ကိုပါတီ တရုတ်ကွန်မြူနစ်ပါတီက ဖေါဖေါသီသီ ပေး ထားတဲ့ လက်နက်တွေနဲ့ ဒေသခံတိုင်းရင်းသား လူမျိုးစုတွေရဲ့ အင်အားကို အခြေပြုပြီး စစ်အစိုးရကို တပ်မခြင်းပြိုင်ကာ ယှဉ်တိုက် နေတဲ့ အနေအထားရှိနေတယ်။

အာဏာသိမ်းခါစ စစ်အစိုးရရင်ဆိုင်နေရတဲ့ အခြားအခက်အခဲတွေကတော့ ပြည်သူတွေ ထပ်မံအုံကြွဖို့ လှုပ်လှုပ်ရှားရှား ရှိနေတယ်။ နိုင်ငံ့ဝန်ထမ်းအများစုက စစ်အစိုးရရဲ့ ထိန်းကွပ်မှုကို မခံလိုကြတော့ဘူး။ ဘဏ္ဍာရေးမှာလည်း အကြပ်အတည်း ကြီးမားနေတယ်။ စစ် ရေး အရလည်း တစ်ပြည်လုံးအနှံ့မှာ ပုန်ကန်မှုတွေ ပိုမိုလှုပ်ရှား လာနေပြီး တိုက်ပွဲကြီးတွေလည်း ဆက်တိုက်ဖြစ် ပွားနေတယ်။ နိုင်ငံ တကာကလည်း နည်းပေါင်းစုံနဲ့ ဝေဖန်တိုက်ခိုက်ဖိအားတွေ ပေးလာနေတယ်။ တကယ်တော့ လူရမ်းကားအရူးကြီး မီးဝိုင်းခံနေရသလို ဖြစ်နေရတဲ့ဘဝပါ။ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံက အကြပ်တည်းဆုံး အခြေအနေကို ရောက် နေ တာဖြစ်တယ်။ ဒီလိုအကြပ်အတည်းတွေကြားက ရပ်တည်နိုင်ဖို့နဲ့ ထွက်ပေါက်ရနိုင်ဖို့ အပစ်အခတ် ရပ်စဲရေးကို လုပ်လာရ တာဖြစ် တယ်လို့ ကျနော် မြင်တယ်။

အာဏာသိမ်း (နဝတ) စစ်အစိုးရဟာ (ဖဆလ) လက်ထက်က တပ်မှူးဟောင်းများကို အကြံပေးအဖွဲ့အဖြစ် စုစည်းထားပြီး နိုင်ငံရေး၊ အုပ် ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန်ရေး စတာတွေမှာ နည်းလမ်းရှာ ဗျူဟာချ အကောင်အထည်ဖော်နေတာဖြစ်တယ်။ ဖြစ်ရှိနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအခြေအနေတွေအရ ပြည်ပက တိုက်ရိုက်ဝင်စွက်ဖို့ မလွယ်ဘူးဆိုတာ သူတို့သိထားတယ်။ လူထုတွေ ကို တော့ ငြိမ်းသွားအောင် ရွေးကောက်ပွဲလုပ်ပေးမယ်၊ နိုင်ငံရေးပါတီတွေ ထောင်ကြပါလို့ လမ်းဖွင့်ပေးလိုက်တယ်။ ဘဏ္ဍာရေး အကြပ် အ တည်းကိုတော့ အိမ်နီးချင်းနိုင်ငံတွေကို သစ်ခုတ်ခွင့်၊ ငါးဖမ်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ပေးလိုက်တယ်။ အိမ်နီးချင်းနိုင်ငံအချို့က စီးပွားရေးလုပ်ခွင့်တွေရပြီး အမြတ်များများရလိုက်တော့ စစ်အစိုးရအပေါ် ဝေဖန်မှုတွေ ရပ်သွားတယ်။ အချို့ကိစ္စတွေမှာ စစ်အစိုးရကို ကာကွယ်ထောက်ကူလာကြတယ်။ ဒီတော့ ဘဏ္ဍာရေးအကြပ်အတည်းရော၊ သံတမန်ရေးအကြပ်အတည်းပါ လျော့ကျ သက်သာသွား တယ်၊ သူတို့ကို လက်တွေ့အန္တရာယ်ပေးနိုင်တာက တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ရေး အင်အားတွေပဲ ကျန်တော့တယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်အားတွေထဲမှာ သူတို့ကို အဓိကရင်ဆိုင်တိုက်ခိုက်နိုင်တာက တောင်ပိုင်းမှာ (KNU) ခေါ် ကရင် အ မျိုးသားအစည်းအရုံးရဲ့ တိုက်ခိုက်ရေးတပ်မတော် (KNLA) နဲ့ မြောက်ပိုင်းမှာ (ဗကပ) ရဲ့ ပြည်သူ့တပ်မတော်တွေပဲ ဖြစ်တယ်။ စစ်အစိုး ရဟာ (KNU) နဲ့ (KNLA) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့  စခန်းတွေကို ၁၉၈၀ ကျော်ကနေ ၁၉၉၀ ကျော်ကာလအတွင်း အကြီးအကျယ် စစ်ဆင်တိုက်ခိုက်ခဲ့တယ်။ မော်ဖိုးကေ၊ ဝမ်းခါ၊ ဖလူး၊ မယ်လ၊ မယ်တဝေါ၊ ခွေးအိပ်တောင်နဲ့ မာနယ်ပလောစခန်းတွေကို ရဖို့ နှစ်ပေါင်းများစွာ တန်ဖိုးအမြောက်အမြား ပေးပြီး တိုက်ခဲ့ရတယ်။ (မဒတ) တပ်ပေါင်းစုအဖွဲ့ဝင်တွေက (KNU) ကို ကူညီ တိုက်ခဲ့ တယ်။ နောက်ပိုင်းကျောင်းသားတပ်မတော် ပေါ်လာတော့ ကျောင်းသားတပ်ဖွဲ့တွေကလည်း ဝိုင်းကူတိုက်ခဲ့တယ်။

မြောက်ပိုင်းက (ဗကပ) ရဲ့ တပ်ဖွဲ့တွေနဲ့လည်း ၁၉၈၀ ကျော်ကနေ ၁၉၈၈ အထိ တိုက်ပွဲကြီးတွေ များစွာ ပြစ်ပွားခဲ့တယ်။ (ဗကပ) ရဲ့ ပြည် သူ့တပ်မတော်ထဲမှာ 'ဝ' ‘ကိုးကန့်’ တွေက အများစု၊ ကချင်၊ ရှမ်းနဲ့ အာခါလူမျိုးတွေလည်း ပါဝင်တယ်။ (ဗကပ) ရဲ့ ပြည်သူ့ တပ် မတော်နဲ့ ဗမာ့တပ်မတော်တို့ရဲ့ ကွန်လုံတိုက်ပွဲ၊ မိုင်းယောင်းတိုက်ပွဲ၊ စီစီဝမ်တာပန်တိုက်ပွဲတွေဟာ အလွန်ပြင်းထန်ခဲ့တယ်။ (ဗကပ) တွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ အလျံပယ်ရှိနေတာကြောင့် စစ်အစိုးရအဖို့ ထိန့်လန့်စရာ ရှိနေတယ်။

ခြုံကြည့်ရင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုရဲ့ တိုက်အားဟာ အာဏာရအစိုးရရဲ့ တပ်တွေနဲ့ ရင်ဆိုင်ပြီး ယှဉ်ပြိုင် တိုက်ခိုက် နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ဒီအခြေအနေမှာ ပြည်သူနဲ့ စစ်အစိုးရအကြား ပဋိပက္ခတွေဖြစ်လာတော့ ပြည်သူတွေ ပုန်ကန် တဲ့ ဘက် ပါသွားရင် အစိုးရအဖို့ အာဏာမြဲဖို့ မလွယ်တော့ဘူး။ ဒါကြောင့် သူပုန်အင်အားတွေကို ဖြိုခွဲဖို့ မဟာဗျူဟာ၊ နည်းဗျူဟာတွေချ၊ အရင်းအနှီးတွေ များစွာထုတ်ပြီး အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို လုပ်ဆောင်လာရတာ ဖြစ်တယ်။ သူတို့ရဲ့မဟာဗျူဟာကတော့ စစ် ပါရဂူ ဇွန်ဇူးတို့၊ တရုတ်တော်လှန်ရေးခေါင်းဆောင် မော်စီတုံးတို့ ကျင့်သုံးခဲ့တဲ့နည်း ဖြစ်တယ်။ အဲဒီနည်းကတော့ အင်အားကြီးပြီး စု စည်း နေတဲ့ ရန်သူကို ပြန့်ကျဲအောင်လုပ်၊ ပြန့်ကျဲသွားတဲ့အခါ တစ်ခုချင်းစီကို နည်းပေါင်းစုံနဲ့ ချေမှုန်းသွားရေး ဖြစ်တယ်။

အခြေအနေဖန်တီးပေးလာပုံက ၁၉၈၉ ခုနှစ်ဆန်းမှာ (ဗကပ) ရဲ့ တိုက်အားတစ်ခုဖြစ်တဲ့ ကိုးကန့်လူမျိုးစုတပ်ဖွဲ့တွေ (ဗကပ) ကနေ ခွဲ ထွက် သွားတယ်၊ အဲဒီကိုးကန့်အဖွဲ့ကို ဖုံကျာရှင်းနဲ့ ဖုံကျာဖူး ညီအစ်ကိုတို့က ဦးဆောင်ထားတာ ဖြစ်ပြီး ခွဲထွက်ခါစ အစစအရာရာ မ ပြည့်စုံတော့ တိုက်ပွဲကို ရှောင်လိုတဲ့အမြင် ရှိတယ်။ ဒီအချိန်မှာ (နဝတ) စစ်အစိုးရဘက်က စစ်မျက်နှာကျဉ်းသွားစေဖို့ ကိုးကန့်လူမျိုး ဘိန်းကုန်သည်ကြီး လောစစ်ဟန်ကို လွှတ်ပြီး အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် ညှိနှိုင်းလုပ်ဆောင်နိုင်ခဲ့တယ်။ သိပ်မကြာခင်မှာ (ဗကပ) ရဲ့ အဓိကတိုက်အားဖြစ်တဲ့ 'ဝ' လူမျိုးတပ်ဖွဲ့တွေ (ဗကပ) ကနေ ခွဲထွက်သွားပြန်တယ်။ ကျောက်ညီလှိုင်နဲ့ ပေါက်ယိုချန်းတို့ ဦးဆောင် တဲ့ 'ဝ' တပ်ဖွဲ့တွေမှာ တပ်အင်အားနဲ့ လက်နက်ခဲယမ်းအင်အား များစွာရှိပေမဲ့ ရိက္ခာနဲ့ ဆေးဝါးမှာ အခက်အခဲ ရှိနေပြန်တယ်။ ဒါကြောင့် သူတို့လည်း လောလောလတ်လတ်အခြေအနေမှာ စစ်ပွဲကို ရှောင်ရှားချင်နေတယ်။

အတော်ပါပဲ (နဝတ) စစ်အုပ်စုဟာ သူတို့ရဲ့ အကြပ်အတည်းက အသက်ရှူပေါက် ရဖို့ 'ဝ' တပ်ဖွဲ့တွေကို (နဝတ) ဟာ အဖွဲ့ အစည်း ကို ရော နယ်မြေကိုပါ အသိအမှတ်ပြုပြီး သူတို့နယ်မြေကို သူတို့စီမံအုပ်ချုပ်ခွင့် ပေးခဲ့တယ်။ ဒီထက်မက သူတို့လိုအပ်နေတဲ့ ရိက္ခာ၊ ဆေး ဝါး နဲ့ ဒေသဖွံ့ဖြိုးရေး အကူအညီတွေကိုလည်း ပေးမယ်လို့ ဆိုပါတယ်။ သဘောကတော့ အပစ်အခတ်ရပ်စဲရေး ဖြစ်လာအောင် တန် ဘိုးကြီးကြီး ပေးပြီး ဝယ်ယူထားတာမျိုး ဖြစ်တယ်။ ဒီနှစ်ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးနောက် မကြာမီမှာ (ဗကပ) က နောက်ထပ် ခွဲထွက် လာ တဲ့ ဦးစိုင်းလင်း ဦးဆောင်တဲ့ မိုင်းလားအဖွဲ့နဲ့လည်း အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့တယ်။

No comments: