Sunday, June 14, 2009

စစ်အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေးခေါ် ချေမှုန်းရေးမဟာဗျူဟာ (ပထမပိုင်း-၂)

မင်းသန်းနိုင်

(ဗကပ) ရဲ့ ပြည်သူ့တပ်မတော်အင်အားစုတွေ ကွဲထွက်ပြန့်ကျဲသွားပြီး အဲဒီအင်အားတွေကို အပစ်အခတ်ရပ်စဲအောင် လုပ်နိုင် လိုက် တော့ စစ်မျက်နှာ တဖက်အေးသွားတယ်။ ဒီတပ်တွေနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ တပ်တွေကို သုံးပြီး အနီးဝန်းကျင်ဒေသမှာ ရှိတဲ့ အခြားအင်အားစုတွေကို တိုက်ခိုက်ဖို့ အင်အားတွေ ရလာတယ်။ ဒီလိုအခြေအနေကို တွက်မိတဲ့ ဗိုလ်ချုပ်ဆေထင် ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ သူ့ရဲ့ ရှမ်းပြည်တပ်မတော် (SSA) ဟာ ရနိုင်တဲ့အခွင့်အရေးတွေနဲ့ အပစ်အခတ်ရပ်စဲလိုက်ပြန်တယ်။ (ဗကပ) ကနေ ခွဲထွက်ခဲ့တဲ့ ဇခုံတိန်ယိန်း ဦးဆောင်တဲ့ (NDAK) အမည်ခံ ကချင်တပ်ဖွဲ့ကလည်း အပစ်ရပ်လိုက်ပြန်တယ်။ ၁၉၈၉ ခု တစ်နှစ်ထဲမှာပဲ စစ်အစိုးရဟာ အဖွဲ့ (၅) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ တစ်ခုထူးခြားနေတာက နောက်ကျတဲ့ (၃) ဖွဲ့ကိုတော့ အစောပိုင်းဖြစ်တဲ့ အဖွဲ့နှစ်ဖွဲ့လောက် အခွင့်အရေးမပေးတော့ဘူး။

အဲဒီနောက် ယ္ခင် (ဗကပ) ရဲ့ ပြည်သူ့တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်တို့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ တပ်အင်အားတွေကို သုံးပြီး ရှမ်းပြည်နယ်အတွင်းမှာ ရှိနေတဲ့ အခြားအင်အားစုတွေကို စစ်ဆင်တိုက်ခိုက်ပါတော့တယ်။ တပ်မအင်အားနဲ့ စစ်ဆင်တိုက်ခိုက် ဝိုင်းပတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ အဲဒီစစ်ဆင်ရေးမှာ ဒေသခံပြည်သူလူထုတွေကို အမျိုးမျိုး ညှင်းဆဲအကြပ်ကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို အပစ်အခတ်ရပ်စဲလာအောင် တောင်းဆိုပေးဖို့ ဖိအားပေးလုပ်ဆောင်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၁ ခုနှစ်ထဲမှာ ယခင်ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ တပ်မဟာ (၄) ဖြစ်တဲ့ ဦးမထုနော် ခေါင်းဆောင်တဲ့ (KDA) အဖွဲ့၊ ဦးအောင်ခမ်းထီး ဦးဆောင်တဲ့ ပအိုင်းအမျိုးသားအစည်းအရုံး (PNO) နဲ့ ဦးအိုက်မုန်း ခါင်းဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO) တို့က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတယ်။ သူတို့ကိုတော့ နောက်ပိုင်းမှာ အပစ်အခတ်ရပ်စဲခဲ့တာ ဖြစ်လို့ ယ္ခင်အဖွဲ့တွေလို အခွင့်အရေးတွေ မပေးတော့ပဲ လျှော့ချခဲ့တာ တွေ့ရတယ်။ ဒီလိုနည်းနဲ့ (ဗကပ) ကနေ ခွဲထွက်လာတဲ့ အဖွဲ့တွေနဲ့ ရှမ်းပြည်နယ်ထဲရှိ အဖွဲ့တွေ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲသွားကြတယ်။
ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင် အပါအဝင် အခြားလူမျိုးစုတော်လှန်ရေးအဖွဲ့တွေဟာ ကရင်ပြည်နယ်မှာ အခြေပြုထားတဲ့ (NDF) (DAB) တပ်ပေါင်းစုတွေမှာ ပါဝင်နေပြီး အရှိန်မပျက် စုစည်းလှုပ်ရှားနေကြတယ်။ စစ်အစိုးရဟာ (KNU) ရဲ့ အခြေခံစခန်းတွေကို တပ်မကြီးတွေ လက်နက်ကြီးတွေနဲ့ ရေရှည်ထိုးစစ်ကြီးများ ဆင်နွှဲပြီး တိုက်ခိုက်နေတယ်။ တပ်ပေါင်းစုဝင်အဖွဲ့တွေရဲ့ တပ်တွေကလည်း (KNU) ဘက်ကို စစ်ကူပို့ပြီး တိုက်ခိုက်ပေးနေတယ်။ အဲဒီတုန်းကတော့ စစ်ရေးတိုက်ပွဲရော နိုင်ငံရေးတိုက်ပွဲပါ အရှိန်ကောင်းနေတယ်။

၁၉၉၀ ခုနှစ်မှာ စစ်အစိုးရအထွေထွေရွေးကောက်ပွဲ ကျင်းပပေးခဲ့တယ်။ အဲဒီရွေးကောက်ပွဲမှာ စစ်အစိုးရဘက်က အားကိုးအားထားနေတဲ့ ယ္ခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ရဲ့ အသွင်ပြောင်း သို့မဟုတ် အမွေစားအမွေခံ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) က အရှုံးကြီး ရှုံးခဲ့ပြီး အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ်အနိုင်ရခဲ့တယ်။ အဲဒီလို သူတို့မထင်မှတ်သလို ဖြစ်သွားတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသေးတာကို အကြောင်းပြပြီး အာဏာမအပ်၊ လွှတ်တော်ခေါ်ခွင့် မပေးခဲ့ဘူး။ နိုင်ငံရေးပါတီတွေနဲ့ ရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်အချို့ နယ်စပ်ဘက်ကို ထွက်လာပြီး (NDF) (DAB) တပ်ပေါင်းစုတွေနဲ့ ပူးပေါင်းလှုပ်ရှားခဲ့တယ်။ တပ်ပေါင်းစုအဖွဲ့ဝင်တွေကလည်း အားပေးပြီး ရွေးချယ်ခံအမတ်တွေသာ ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (NCGUB) ကို ဖွဲ့စည်းခဲ့ကြတယ်။ အဲဒီတော့ ကရင်ပြည်နယ်မှာ ဗဟိုပြုပြီး လှုပ်ရှားနေတဲ့ အတိုက်အခံတွေရဲ့ အင်အားဟာ နိုင်ငံရေးအရရော စစ်ရေးအရပါ အလွန်ကိုအားကောင်းသွားတယ်။

အဲဒီကာလမှာဖြစ်ရှိနေတဲ့ နိုင်ငံရေး စစ်ရေး အနေအထားတွေကို ယှဉ်ကြည့်ရင် အတိုက်အခံ ပုန်ကန်သူတွေဘက်က ပြည်နယ်ပေါင်းစုံနဲ့ လူမျိုးပေါင်းစုံကို ကိုယ်စားပြုထားတဲ့ (NDF) တပ်ပေါင်းစုရှိနေတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းစည်းထားတဲ့ မဟာမိတ်အဖွဲ့ (DAB) ရှိနေတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ ပြည်သူတွေက မဲပေးထားတဲ့ ပြည်သူ့ကိုယ်စားလှယ်အမတ်တွေနဲ့ ဖွဲ့စည်းထားခဲ့တဲ့ ညွှန့်ပေါင်းအစိုးရဆိုတာလည်း ရှိနေတယ်။ (နဝတ) စစ်အုပ်စုဘက်ကို ကြည့်လိုက်တော့ ၁၉၆၂ ကနေ အာဏာသိမ်းခဲ့တဲ့ စစ်အုပ်ချုပ်ရေးစနစ်ကြောင့် နိုင်ငံလည်းမွဲ ပြည်သူတွေလည်း ကိုယ်စိတ်ဆင်းရဲ ဖြစ်ခဲ့ရတာကြာပြီး။ ဒီဒဏ်ကိုမခံနိုင်တော့လို့ ၁၉၈၈ မှာ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ဖြစ်လာခဲ့တယ်။ အဲဒီအုံကြွမှုမှာ ကျောင်းသားပြည်သူ ထောင်ပေါင်းများစွာကို ရက်ရက်စက်စက် ပစ်သတ်ပြီးမှ စစ်တပ်က တဖန် အာဏာသိမ်းပြန်တယ်။ ဒီလိုအာဏာသိမ်းထားတဲ့ကာလမှာ ရွေးကောက်ပွဲလုပ်ပေးပြီး အနိုင်ရတဲ့ပါတီနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို အာဏာလွှဲအပ်ပေးမယ်လို့ ကတိပေးထားတယ်။ လက်တွေ့မှာ မအပ်ခဲ့ဘူး။ ဒီတော့ အာဏာကျဆင်းနေမယ်ဆိုတာ တွက်ချက်ခန့်မှန်းနိုင်ပါလိမ့်မယ်။ စစ်ရေးမှာ သူပုန်နဲ့ အစိုးရဆိုပေမဲ့ တပ်ရင်းတပ်တွေနဲ့ ရင်ဆိုင်ပြီး ရေရှည်ယှဉ်ပြိုင် တိုက်ခိုက်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်။
နဝတဘက်က ဗကပ ဘက်ကနေ ခွဲထွက်လာတဲ့အဖွဲ့တွေ၊ ရှမ်းပြည်နယ်ထဲရှိ အချို့အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ပေမယ့် တောင်ပိုင်းရှိ တပ်ပေါင်းစုတွေနဲ့ ညွန့်ပေါင်းအစိုးရ အင်အားစုတွေက အားကောင်းနေတော့ နိုင်ငံရေးအရ ယှဉ်ပြိုင်ဖို့မလွယ်ဘူး။ ဒီအနေအထားမှာ ဒီလိုစုစည်းနေတဲ့ အင်အားကို ဖြိုခွဲဖို့ နည်းလမ်းရှာ မဟာဗျူဟာ နည်းဗျူဟာတွေ ချလာရပြန်တယ်။ အဲဒီလိုချလာတဲ့ အစီအစဉ်အရ ၁၉၉၃ ခုနှစ်မှာ (နဝတ) ရဲ့ အတွင်းရေးမှူး (၁) ဖြစ်တဲ့ ဒု-ဗိုလ်ချုပ်ကြီးခင်ညွှန့်ဟာ လွယ်ကော်၊ ဖါးအံ၊ မော်လမြိုင်၊ ရေးမြို့တွေကို သွားရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ကမ်းလှမ်းဖိတ်ခေါ်ခဲ့တယ်။

စစ်အစိုးရဟာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ဖို့ ထိုင်းအစိုးရကိုလည်း ချဉ်းကပ်စည်းရုံးတယ်။ ထိုင်းအစိုးရဟာ အာဏာသိမ်း တက်လာခါစ စစ်အစိုးရ အကြပ်တွေ့နေတဲ့ကာလမှာ သွားရောက်ဆက်ဆံ မဟာမိတ်ဖွဲ့ပြီး မြန်မာပြည်အတွင်း သစ်ထုတ်လုပ်ခွင့်နဲ့ ငါးဖမ်းခွင့်တွေကို ဈေးချိုချိုနဲ့ ရခဲ့တယ်။ အဲဒီအတွက် ထိုင်းဘက်က အမြတ်တွေများစွာ ရလိုက်တယ်။ ဒီလိုအခြေခံရှိနေချိန်မှာ စစ်အစိုးရဘက်က တကယ်လို့ နယ်စပ်ရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ခဲ့ရင် သစ်တွေ ပိုထုတ်နိုင်မယ်။ ငါးတွေ ပိုဖမ်းနိုင်မယ်ဆိုပြီး ထိုင်းအစိုးရကို ဆွဲဆောင်ခဲ့တယ်။ အဲဒီအပေါ် ထိုင်းအစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်ချတ်ချိုင်ဟာဝမ်ဟာ စီးပွားရေး ရမက်ဇောနဲ့ ထိုင်း - မြန်မာနယ်စပ်တလျှောက်ရှိ စစ်ဖြစ်နေတဲ့ ဒေသတွေကို ''စစ်ရေးဇုံကနေ စီးပွားရေးဇုံအဖြစ် ပြောင်းလဲပစ်မယ်'' လို့ ကြွေးကြော် ပြောဆိုလာတယ်။ အဲဒီက သဘောထားကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီဆက်စပ်ပေးသလို ဖိအားတွန်းအားတွေလည်း အမျိုးမျိုးပေးလာတယ်။

တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေဘက်ကလည်း နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းလိုတဲ့ အခြေခံ သဘောထားအမြင်တွေ ရှိနေတော့ တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ဖို့ လက်ခံနည်းလမ်းရှာလာတယ်။ ပဌမဆုံးသဘောထား ပြန်ကြားလိုတာက (DAB) မဟာမိတ်အဖွဲ့ချုပ်အနေနဲ့ ဆွေးနွေးမယ်။ ပြည်ပနိုင်ငံတခုခုမှာ ဆွေးနွေးမယ်။ ဒါကို စစ်အစိုးရဘက်က လက်မခံဘူး။ ဒီမိုကရေစီအင်အားစုတွေနဲ့ မဆွေးနွေးဘူး။ တိုင်းရင်းသားအင်အားစုတွေနဲ့ပဲ ဆွေးနွေးမယ်။ ပြည်တွင်းမှာပဲ ဆွေးနွေးမယ်လို့ ဆိုလာတယ်။ အဲဒီတော့ (NDF) တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးဖို့ နည်းလမ်းရှာလာပြန်တယ်။ ဒါကိုလည်း လက်မခံပြန်ဘူး၊ တဖွဲ့ချင်းစီပဲ ဆွေးနွေးမယ်လို့ ဆိုလာပြန်တယ်။ အဲဒီအခြေအနေမှာ တစ်ဆို့မှုတွေ ဖြစ်လာတယ်။ ထိုင်းဘက်က ဖိအားတွန်းအားတွေ ပြင်းထန်လာတယ်။ ထင်ရှားတဲ့ လုပ်ရပ်တခုကတော့ စစ်ပြေးဒုက္ခသည်စခန်းတွေကို ထိုင်းနယ်မြေထဲ ထားခွင့်မပေးတော့ပဲ အဓမ္မတွန်းထုတ်ခဲ့တယ်။ (နဝတ) တပ်တွေကလည်း အချို့ဒုက္ခသည်စခန်းထဲ ဝင်ရောက်ပြီး တိုက်ခိုက်မီးရှို့တာတွေ လုပ်ခဲ့တယ်။

အဲဒီအချိန် (NDF) တပ်ပေါင်းစုထဲမှာ ကချင် (KIO) ကရင် (KNU) ကရင်နီ (KNPP) နဲ့ မွန် (NMSP) အဖွဲ့တို့ဟာ အဓိက ဇာတ်ကောင်တွေလို ဖြစ်နေတယ်။ ကချင်အဖွဲ့ (KIO) ဟာ နိုင်ငံရေးမြောက်ပိုင်းအစွန်မှာရှိနေပြီး အခြားအဖွဲ့တွေနဲ့ အလှမ်းဝေးနေတယ် (နဝတ) တပ်တွေကလည်း သူတို့ကို ဖိတိုက်နေတယ်။ သူတို့မှာ ခဲယမ်းကျည်ဆံတွေ နည်းပါးလာတော့ အမြန်တွေ့ဆုံဆွေးနွေးလိုတဲ့ သဘောထားရှိနေတယ်။ အများနဲ့ ညှိနှိုင်းဆွေးနွေးရာမှာ ခက်ခဲကြန့်ကြာနေလို့ မစောင့်နိုင်တော့ပဲ သီးခြား သွားဆွေးနွေးခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံး သီးခြားစီ ဆွေးနွေးဖို့ ဖြစ်လာတယ်။ (KIO) က ၁၉၉၄ ခု ဖေဖေါ်ဝါရီထဲမှာ (နဝတ) နဲ့ အပစ်အခတ် ရပ်စဲသွားတယ်။ (မဒတ) အဖွဲ့ဝင် ကယန်းပြည်သစ်ပါတီ (KNLP) ကလည်း ၁၉၉၄ နှစ် အတွင်းမှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့တယ်။ (မဒတ) အဖွဲ့ဝင်မဟုတ်တဲ့ အလယ်ပိုင်းဒေသရှိ ကရင်နီပြည်သူလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ ရှမ်းပြည်ရှိ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) တို့ကလည်း ၁၉၉၄ ခုနှစ်အတွင်းမှာ အပစ်အခတ်ရပ်သွားတယ်။ ၁၉၉၅ ခုနှစ်ဆန်းမှာ (KNU) ထဲက ဗုဒ္ဓဘာသာ ယုံကြည်သူတပ်ဖွဲ့ဝင်အ ချို့ (KNU) ထဲက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းသွားကြတယ်။ သူတို့ရဲ့ လမ်းပြမှုကြောင့် (KNU) နဲ့ တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်စခန်း တည်ရှိရာ မာနယ်ပလောစခန်း ကျသွားရတယ်။ (KNPP) က ၁၉၉၅ ခု မတ်လထဲမှာ အပစ်အခတ် ရပ်သွားပြန်တယ်။ အဲဒီနှစ် ဧပြီလထဲမှာ ဗိုလ်ချုပ်မြက စစ်အစိုးရတပ်တွေ ကိုယ့်ကိုလာမတိုက်ရင် သူတို့ကို သွားမတိုက်နဲ့ဆိုပြီး (KNLA) အတွင်းမှာ အမိန့်ထုတ်ခဲ့ဘူးတယ်။ အကျိုးမရှိတော့ မကြာမီမှာ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ရတယ်။ မွန် (NMSP) အဖွဲ့က ၁၉၉၅ ခု ဇွန် လအတွင်းမှာ (နဝတ) နဲ့ အပစ်အခတ်ရပ်စဲ သွားခဲ့ရတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ်ဆန်းမှာ (MTA) ခေါ် ခွန်ဆာရဲ့ ရှမ်းပြည်တပ်မတော်ဟာ လက်နက်ချတဲ့အနေအထားမျိုးနဲ့ နဝတ အောက်ကို ဝင်သွားတယ်။ နောက်ပိုင်း အချို့အဖွဲ့တွေ စစ်အစိုးရနဲ့ အပစ်ရပ်ကြရာမှာ ''လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်တယ်'' ဆိုတဲ့ ဝေါဟာရနဲ့ လက်နက်ချခိုင်းတာတွေပဲ ရှိခဲ့တယ်။ (KNU) အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ အကြိမ်ကြိမ် လွှတ်ပြီး ရန်ကုန်၊ မော်လမြိုင် မြို့တွေမှာ သွားရောက်ဆွေးနွေးခဲ့ဘူးတယ်။ ဗိုလ်ချုပ်ကြီး စောဗိုလ်မြကိုယ်တိုင် ၂၀၀၄ ခုမှာ ရန်ကုန်သွားပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ဆွေးနွေးခဲ့ဘူးတယ်။ ဒါပေမဲ့ သဘောတူညီမှု တစုံတစ်ခုရတဲ့အထိ ဖြစ်မလာခဲ့ပါ။ စစ်အစိုးရဟာ (KNU) အပေါ် နိုင်ငံရေးအရ လှည့်စားတွေဝေအောင် လုပ်ပြီး စစ်ရေးအရ ဖိတိုက်ခဲ့တယ်။ ဒီလိုနဲ့ (KNU) က ကွဲထွက်လာတဲ့ အဖွဲ့တွေကို မွေးထားပြီး (KNU) ကို ပြန်လည်တိုက်ခိုက်နေတာပဲ ရှိတယ်။ ဒါကိုကြည့်ရင် အပစ်အခတ်ရပ်စဲရေး အစီအစဉ် ကုန်ဆုံးသွားပြီးလို့ ပြောနိုင်တယ်။

ဒီဖော်ပြထားတဲ့ အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာပုံ ဖြစ်စဉ်တွေဟာ ကျနော်လေ့လာ တွေ့ရှိ ကြားသိခဲ့သမျှတွေကို ဘက်မလိုက်ပဲ အကျဉ်းခြုံး တင်ပြလိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ မိမိတို့ရဲ့ အားနည်းချက်တွေကို ရှုမြင် သင်ခန်းစာယူတတ်ဖို့ လိုပါတယ်။ ရှေ့အခန်းတွေမှာ တော်လှန်ရေး အင်အားစုတွေကို ဘယ်လိုတိုက်ခိုက် ချေမှုန်းဖျက်ဆီးခဲ့တာတွေကို ဆက်လက်တင်ပြပါမယ်။

No comments: