ဘာတီလင်တနာ (Bertil Lintner)
ဘန်ကောက်။ ။ ကမ္ဘာ့ စီးပွါး ပျက် ကပ်ကြောင့် မမျှော် လင့်သော သားကောင် တကောင် ပေါ်လာသည်။ ယင်းမှာ မြောက်ကိုရီး ယား နိုင်ငံက အရှေ့တောင်အာရှ တလွှား ဖွင့်ထား သော စားသောက်ဆိုင် များပင် ဖြစ်သည်။လွန်ခဲ့သော လအနည်း ငယ်အတွင်း က အဆိုပါ ဆိုင်များမှာ `လတ်တလော စီးပွါးရေး အခြေ အနေကြောင့်´ ပိတ်လိုက် ရသည် ဟု ထိုင်း နိုင်ငံမြို့တော် ဘန်ကောက်ရှိ အာရှ သံတမန် တဦးက ပြောသည်။ ဤအချက်က ဒေ သ တွင်း စားသောက် ဆိုင်များ၊ အခြား ရှေ့တန်း ဟန်ပြ လျှို့ဝှက် ကုမ္ပဏီများ ဖွင့်လှစ် လုပ်ကိုင်နေသည့် မြောက်ကိုရီးယား အလုပ် သ မား ပါတီ၏ နိုင်ငံ တကာ ငွေကြေး ရှာဖွေရေး ဌာနခွဲ ဖြစ်သော အမှတ် ၃၉ ဗျူရိုသည် ငွေကြေး များ ပြတ်လပ်နေပြီ ဟူသည့် အဓိပ္ပါယ် ဆောင် ပါသည်။ အကယ်၍ ဤစီးပွါးရေး လုပ်ငန်း များသည် ငွေကြေး ခဝါချရန် သက်သက်သာ တည်ထောင် ထားသည် ဆိုလျှင်ပင် ဤ လုပ်ငန်း များ၏ လည်ပတ် စရိတ် နှင့် ငွေကြေး စီးဆင်း မှုမှာ သူတို့ ရပ်တည် ရှင်သန်နိုင် ရေးအတွက် အရေး ကြီးမြဲ ကြီးပါသည်။ သူတို့ စားသောက်ဆိုင် များ၏ အဓိက ဖောက်သည် များမှာ အထီးကျန် မြောက်ကိုရီးယား နိုင်ငံ၏ ရှားရှား ပါးပါး နှစ်သိမ့် စရာ အစား အ သောက် များကို လာရောက် ရှာဖွေ စားသောက်ကြ သည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီး သည်များ ဖြစ်သည်။
စားပွဲထိုး မိန်းကလေးများမှာ သေချာဂရုတစိုက် ရွေးချယ်ထားသည့် ငယ်ရွယ် နုပျို၍ ရိုးရာကိုရီးယား အဝတ်အစားများ ဝတ်ဆင်ထားကြသည့် မိန်းမပျိုကလေးများ ဖြစ်သည်။ သူတို့သည် လာရောက်သော ဧည့်သည်များကို သီချင်းများ အကများဖြင့်လည်း ဖျော်ဖြေကြသည်။
ကမ္ဘာ့စီးပွါးရေး အကြပ်အတည်းကြောင့် တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့်ခရီးသည် အရေအတွက်သာ ကျဆင်းသွားသည်မဟုတ်၊ တောင်ကိုရီးယား ဝမ်ငွေ၏ တန်ဘိုးမှာလည်း ကျဆင်းသွားခဲ့ရာ ထိုငွေကြေး၏ ဝယ်နိုင်အားလည်း ကျဆင်းသွားခဲ့ရသည်။ တောင်ကိုရီးယား ဝမ်ငွေသည် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလက အမေရိကန် တဒေါ်လာလျှင် ၉၄၂ ရှိနေရာမှ ဖေဖော်ဝါရီလတွင် ၁၅ဝ၆ အထိ ကျဆင်းသွားခဲ့သည်။ အသေးစိတ် စာရင်းအင်းများ မရရှိသော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာသော တောင်ကိုရီးယား လူမျိုး ကမ္ဘာလှည့်ခရီးသည် အရေအတွက်မှာ ၂၅ ရာနှုံး ကျဆင်းသွားခဲ့သည်။ ထိုင်းနိုင်ငံသည် သူတို့အတွက် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားနှင့် လာအိုတို့သို့ သွားရောက်ရာ တံခါးပေါက်လည်း ဖြစ်သည်။
မိမိနိုင်ငံတွင် ဒေါင်ဒေါင်မြည် ဆိုရှယ်လစ်ဖြစ်သော်လည်း မြောက်ကိုရီးယား နိုင်ငံသည် နိုင်ငံရပ်ခြားတွင် အရင်းရှင် စီးပွါးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ အောင်မြင်လှသည်။ ထိုလုပ်ငန်းများမှ ပြုံယမ်း၏ ဘဏ္ဍာတိုက်တွင်းသို့ နိုင်ငံခြား ငွေကြေးများ ပုံမှန် စီးဆင်းနေစေသည်။ မြောက်ကိုရီးယားသည် ကုန်သွယ်ရေး ကုမ္ပဏီများကို ထိုင်း၊ ဟောင်ကောင်၊ မကာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် ဖွင့်လှစ်ထားကာ မြောက်ကိုရီးယား ကုန်စည် များကို ဒေသတွင်းနိုင်ငံများသို့ တင်ပို့ ရောင်းချနေသည်။ အများစုမှာ အဝတ်အထည်၊ ပလပ်စတစ်၊ ကြေးနီ ကဲ့သို့သော သတ္တုများ ဖြစ်ကြသည်။ တချိန်တည်းတွင် အစားအစာ အမျိုးမျိုး၊ အပေါ့စား စက်ပစ္စည်းများ၊ အီလက်ထရောနစ် ပစ္စည်းများကို တင်သွင်းခဲ့သည်။ ယခင်ကမူ အရပ်ဘက်ရော စစ်ရေးဘက်တွင်ပါ အသုံးပြုနိုင်သည့် နှစ်ဘက်သုံး ဓါတုပစ္စည်းများကို တင်သွင်းခဲ့သည်။ ဤကုမ္ပဏီ အားလုံးသည် အင်အား ကြီးမားလှသော Daesong Group က လည်ပတ် လုပ်ကိုင်နေသော လုပ်ငန်းများဖြစ်ပြီး လျှို့ဝှက် သိပ်သည်းလှသော အမှတ် ၃၉ ဗျူရို လက်အောက်ခံလည်း ဖြစ်သည်။
၁၉၈ဝ စုနှစ်များ နှောင်းပိုင်းနှင့် ၁၉၉ဝ စုနှစ်များအတွင်း ကွန်မြူနစ် မဟာမိတ်ဟောင်းများနှင့် ကုန်သွယ်ရေး အဆက်အဆံများ ရပ်ဆိုင်းသွားပြီး အလွန်ပြင်းထန်သည့် အကြပ်အတည်းကို ကြုံရပြီးနောက် မြောက်ကိုရီးယား နိုင်ငံသည် ဤအရင်းရှင် စီးပွါးရေး လုပ်ငန်းများကို ပြောင်းလဲ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည်။ ပိုပြီး ထိခိုက်စရာ ဖြစ်လာသည်မှာ ၁၉၉ဝ ခုနှစ်တွင် ယခင် ဆိုဗီယက်ယူနီယံက၎င်း၊ ၁၉၉၃ ခုနှစ်တွင် တရုပ်နိုင်ငံက၎င်း သူတို့ ရောင်းချသော ကုန်စည်များကို နိုင်ငံတကာ စံဈေးနှုံးများအတိုင်း ငွေမာဖြင့် ပေးချေရန် တောင်းဆိုလာခဲ့ခြင်း ဖြစ်သည်၊ ယခင် ကုန်ချင်း လဲလှယ်သည့် ဘာတာစနစ်ကို လက်မခံတော့။ အလားတူ နိုင်ငံရပ်ခြားရှိ သံရုံးများကိုလည်း မြောက်ကိုရီးယား နိုင်ငံက အရေးတကြီး လိုအပ်နေသော နိုင်ငံခြားငွေကြေးများ ရှာဖွေခိုင်းခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံအတွင်း ဖြစ်ထွန်းသမျှကို လေ့လာနေသော ဘန်ကောက်အခြေစိုက် အနောက်တိုင်း သံတမန်တဦး အပြောအရ သိရသည်။ `ငွေဘယ်လိုရတယ်ဆိုတာက အရေးမကြီးဘူး၊ တရားဝင်ရော၊ တရားမဝင်ရော နည်းပေါင်းစုံနဲ့ လုပ်လို့ ရတယ်။ သူတို့က မကြာခဏ သံတမန် အထူးအခွင့်အရေးကို အလွဲသုံးစား လုပ်ကြတယ်´ ဟု အဆိုပါ သံတမန်က ပြောသည်။
မြောက်ကိုရီးယား နိုင်ငံ၏ အဓိကရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖြစ်ကြသော Star Bravo နှင့် Kosun Import-Export ကုမ္ပဏီတို့မှာ ယနေ့တိုင် ထိုင်းနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ၂ဝဝဝ စုနှစ်များအစော ပိုင်းတွင် တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့ ပြီးလျှင် မြောက်ကိုရီးယားသည် ထိုင်းနိုင်ငံ၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့သည်။ မြောက်ကိုရီးယား သံတမန်များက ဇိမ်ခံကားများ၊ အရက်နှင့် စီးကရက်များတို့ကို ထိုင်းနိုင်ငံ အတွင်းသို့ အကောက်ခွန်မဲ့ တင်သွင်းလာသည်ကို အနောက်နိုင်ငံ ထောက်လှမ်းရေးအရာရှိများက သတိပြုမိလာကြသည်။ ဘန်ကောက်သည် ဤသို့သော ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ၏ ဗဟိုဌာနချုပ် ဖြစ်လာခဲ့သည်။ ပိုထူးသော လုပ်ငန်းတရပ်မှာ ဘန်ကောက်ရှိ မြောက်ကိုရီးယား လူမျိုးများက တပတ်ရစ် မိုဘိုင်းဖုံးများကို ဝယ်ယူ၍ သံတမန်ချောအိတ်များ သုံးပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့ကာ အသစ် မဝယ်နိုင်သော ဖောက်သည်များအား ရောင်းချနေခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနှစ် အစပိုင်းတွင် အရည်အသွေးမြင့် အမေရိကန် ဒေါ်လာ ၁ဝဝ တန် ငွေစက္ကူများ ဘန်ကောက်တွင် ပေါ်ထွက်လာခဲ့သည်။ ဤကိစ္စအတွက် မြောက်ကိုရီးယား သံရုံးတွင် တာဝန်ရှိသည်ဟု ထိုအချိန်က တာဝန်ယူခဲ့သော ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတွင်းရှိ ဒေသခံ ဘဏ်များတွင် အဆိုပါ သံအရာရှိများ ဒေါ်လာငွေအတုများ အပ်နှံရန် ကြိုးပန်းသည်ကို ဖမ်းမိခဲ့ပြီး၊ သူတို့ကို နောက်မလုပ်ရန် သတိပေးခဲ့သည်။
စားသောက်ဆိုင်များမှာမူ ပြုံယမ်း အစိုးရအတွက် နောက်ထပ် ငွေကြေးများ ရှာဖွေရာတွင် အသုံးပြုသည်။ တချိန်တည်းတွင် မြောက်ကိုရီးယားနိုင်ငံ၏ မသတီစရာ စီးပွါးရေး လုပ်ငန်းများမှ ရရှိသော ငွေကြေးများ ခဝါချ ရာတွင်လည်း အသုံးပြုနေသည်ဟု သံသယရှိစရာ ဖြစ်နေသည်။ စားသောက်ဆိုင်များနှင့် အခြားငွေသား အသားပေး စီးပွါးရေး လုပ်ငန်းများကို ဘဏ်များက အပ်နှံငွေအဖြစ် လက်မခံသည့် ငွေအစုလိုက် အပုံလိုက်ကို လက်ခံရာ ကြားခံအဖြစ် အများအားဖြင့် အသုံးပြုနေသည်။
မြောက်ကိုရီးယား စားသောက်ဆိုင် အများအပြားကို ပီကင်း၊ ရှန်ဟဲနှင့် အခြား တရုတ်မြို့ကြီးများတွင် နှစ်ပေါင်း များစွာ ကတဲက ဖွင့်လှစ် လုပ်ကိုင်လာခဲ့သည်။ သို့သော် အရှေ့တောင်အာရှတွင် ပထမဆုံးသော အဆိုပါ စားသောက်ဆိုင်ကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့၌ ၂ဝဝ၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ အန်ကောဝပ် ဘုရားကျောင်း အပြိုအပျက်များကို လာရောက် လေ့လာကြည့်ရှုကြသည့် တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည် ထောင်ပေါင်းများစွာကြောင့် အဆိုပါ စားသောက်ဆိုင်မှာ ချက်ချင်း အောင်မြင်သွားခဲ့သည်။ ထိုဆိုင် အောင်မြင်သွားသောကြောင့် ဒုတိယ စားသောက်ဆိုင်ကို မြို့တော် ဖနွမ်းပင်တွင် ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ က ထပ်မံဖွင့်လှစ်ခဲ့သည်။ အတော်အတန် ကြီးမားသော အဆိုပါ စားသောက်ဆိုင်တွင် သိပ်မထူးခြားလှသော ကိုရီးယားလူမျိုးတို့၏ အဓိက အစားအစာ ကင်ချီ (Kimchi) နှင့် အခြား ဟင်းလျာများကို ရောင်းချပြီး မြောက်ကိုရီးယား စားပွဲထိုး အမျိုးသမီးလေးများက အဆိုအကမျာဖြင့် ဖျော်ဖြေသည်။ အဆိုပါ ဆိုင်ကို စီးပွါးရေး မကောင်းသောကြောင့် ယခုနှစ် အစောပိုင်းက ပိတ်ခဲ့ရသည်။
နောက်ထပ် ပြုံယမ်းစားတော်ဆက် ဟုခေါ်သည့် စားသောက်ဆိုင် တဆိုင်ကို ဘန်ကောက်မြို့တွင် ၂ဝဝ၆ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါ စားသောက်ဆိုင်ကို အနောက် နိုင်ငံသားများ အရောက်အပေါက် နည်းသည့် ဘန်ကောက်ဆင်ခြေဖုံး Pattanakan အရပ် လမ်းကြားတွင် အထူး ဆောက်လုပ်ထားသော ကောင်းမွန်ခန့် ငြားလှသည့် အဆောက်အဦ၌ ဖွင့်လှစ်ထားသည်။ သို့သော် ထိုအရပ်သည် မြောက်ကိုရီးယား သံရုံးနှင့် အခြား ဘန်ကောက်မြို့ရှိ ရှေ့တန်းဟန်ပြ ကုမ္ပဏီများ ဖွင့်လှစ်ထားရာ နေရာနှင့်မူ နီးသည်။ နောက်ထပ် အလားတူ စားသောက်ဆိုင်တဆိုင်ကို ပို၍ပင် ခမ်းနားစွာ ထိုင်းနိုင်ငံ၏ နာမည်ကျော် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ ဖြစ်သော ဖတ်တယား (Pattaya) ၌ ဖွင့်လှစ်ခဲ့သည်။ သီးခြား အဆောက်အဦဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားများ ရပ်နားရန် အလွန်ကြီးမားသော ကားရပ်စခန်း တခုကိုပါ အပြင်တွင် တပါတည်း ထည့်သွင်း တည်ဆောက်ထားသည်။ ထိုစားသောက်ဆိုင်ထက် အများကြီးငယ်သော စားသောက်ဆိုင်ကိုမူ လာအိုနိုင်ငံ၏ အိပ်မောကျနေသည့် ပျင်းရိငြီးငွေ့ဘွယ် ကောင်းသော ဗီယင်ကျန်းမြို့တော်၌ ဖွင့်လှစ်ထားသည်။ ထိုစားသောက်ဆိုင်မှာမူ တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်များကြောင့် ထင်ရှာလာခြင်း မဟုတ်ဘဲ တရုတ်လူမျိုး ပညာရှင်များနှင့် ဧည့်လုပ်သားများ လာရောက် စားသောက်ကြခြင်း ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံ၏ ဆက်လက် လည်ပတ်လုပ်ကိုင်နေဆဲ စားသောက်ဆိုင်မှာ ဗီယင်ကျန်း စားသောက်ဆိုင် တဆိုင်သာ ဖြစ်ပါလိမ့်မည်။
မြောက်ကိုရီးယားနိုင်ငံ၏ ငွေတုလုပ်ငန်းနှင့် မှောင်ခိုစီးပွါးရေး လုပ်ငန်းများကို နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ပြုံယမ်း၏ ဘဏ္ဍာရေး လုပ်ငန်းများကို ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ဝက်အူတင်း တင်းကြပ်ခဲ့သည်။ ဤလုပ်ရပ်မှာ မကာအိုရှိ ဒေသခံ ဘဏ်တခုဖြစ်သော Banco Delta Asia ကို ´ငွေကြေးခဝါချမှု လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု အဓိက စိုးရိမ်ပူပန်စရာ ဘဏ္ဍာရေး အဖွဲ့အစည်း´ အဖြစ် သတ်မှတ်ခံလိုက်ရပြီးနောက် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဘဏ်မှာ ပြိုလဲလုနီးပါး ဖြစ်သွားပြီး မြောက်ကိုရီးယားနိုင်ငံ၏ ပိုင်ဆိုင်မှု အားလုံကိုလည်း ထုတ်မရအောင် လုပ်ထားခြင်း ခံလိုက်ရသည်။ ၆ နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားနိုင်ငံ၏ အလျှော့ပေး လိုက်လျောလာမှုများကို မက်လုံးပေးသည့် အနေနှင့် အဆိုပါ ပိုင်ဆိုင်ခွင့် (ရရန်ပိုင်ခွင့် Assets)များကို မြောက်ကိုရီးယားနိုင်ငံသို့ ရုရှအရှေ့ဖျားရှိ ဘဏ်မှတဆင့် တဖြေးဖြေး ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ပေါင်းစပ်လိုက်သောအခါ မြောက်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရပ်ခြား ဘဏ္ဍာရေး ကွန်ရက်မှာ ထိခိုက် ပျက်စီးသွားတော့သည်။ ပြုံယမ်း ၏ ပင်လယ်ရပ်ခြား ရှေ့တန်းဟန်ပြ ကုမ္ပဏီ အများအပြားမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် မရတော့။ ဥပမာ အားဖြင့် ထိုင်းနှင့် မြောက်ကိုရီးယား နိုင်ငံတို့အကြား အပြန်အလှန် ကုန်သွယ်မှုပမာဏမှာ ၂ဝဝ၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၄၃ သန်းအထိ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ စတင် ကျဆင်းသွားခဲ့သည်။ ၂ဝဝ၇ ခုနှစ် တွင် အမေရိကန် ဒေါ်လာ သန်း ၁ဝဝ သို့ ကျဆင်းသွားပြီး ၂ဝဝ၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇ဝ.၈ သန်း သာ ရှိတော့သည်။
ယခု မြောက်ကိုရီးယားနိုင်ငံက ဒုတိယအကြိမ် ညူကလီယာလက်နက် စမ်းသပ် ဖောက်ခွဲမှုများ ပြုလုပ်၍ ဒုံးကျည်များ ပစ်လွှတ် စမ်းသပ်ခဲ့ပြီးနောက် ဝါရှင်တန်က မြောက်ကိုရီးယားနိုင်ငံကို အကြမ်းဘက်ဝါဒ ထောက်ခံအားပေးသော နိုင်ငံအဖြစ် ပြန်လည် သတ်မှတ်မည့် အလားအလာများ တဖန် များလာပြန်ပြီ ဖြစ်သည်။ ဤသို့ ဖြစ်လာပါက ပုဂ္ဂလိက ကုမ္ပဏီ အများအပြားမှာ ပြုံယမ်းနှင့် စီးပွါးရေး လုပ်ကိုင်လျှင် အမေရိကန် ဘဏ္ဍာရေးဌာန၏ နာမည်ပျက်စာရင်း သွင်းခံရမည်ကို စိုးရိမ်ရ၍ တွဲဖက် စီးပွါးရေးလုပ်ကိုင်ရန် ဝန်လေးသွားကြမည် ဖြစ်သည်။
ဤသို့ ငွေရှာပေးနေသည့် စီးပွါးရေးလုပ်ငန်း အများအပြား ပျက်ကိန်း ကြုံနေရသဖြင့် ပြုံယမ်းမှာ ဖိအားများ ပိုမို ခံလာနေရသည်။ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး အကြပ်အတည်းကလည်း မြောက်ကိုရီးယားနိုင်ငံကို နောက်ထပ် ချောင်ပိတ်ခံရအောင် လုပ်လိုက်သလို ဖြစ်နေသည်။ နိုင်ငံရပ်ခြားရှိ မြောက်ကိုရီးယားနိုင်ငံ၏ စီးပွါးရေး လုပ်ငန်းများမှ ရရှိငွေများကို တိုင်းပြည်ရှိ လူမှုဖွံ့ဖြိုးရေး လုပ်ငန်းများတွင်သော်၎င်း၊ တိုင်းပြည်တွင်းရှိ အစာရေစာ ငတ်ပြတ်နေသော ပြည်သူလူထု၏ ထမင်းစားပွဲပေါ်တွင် စားစရာများ တင်ပေးလိမ့်မည်ဟုသော်၎င်း၊ အခြား အခြေခံ လိုအပ်ချက်များ ဖြည့်ဆည်းပေးလိမ့်မည်ဟုသော်၎င်း မျှော်လင့်၍ မရနိုင်ပါ။ ဒေသတွင်းရှိ တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်များအား ရောင်းချရန် အစားအသောက်ပင် မရှိတော့ပါ။
(ဘာတီလင်တနာသည် ဘန်ကောက်အခြေစိုက် ဆွီဒင်လူမျိုး သတင်းစာဆရာ တဦးဖြစ်ပြီး အာရှရေးရာ စာအုပ် အများအပြား ရေးသားခဲ့သူ ဖြစ်သည်။ ထိုစာအုပ်များထဲတွင် “Blood Brothers: The Criminal Underworld of Asia”, “Great Leader, Dear Leader: Demystifying North Korea under the Kim Clan” တို့ ပါဝင်သည်။)
No comments:
Post a Comment