Tuesday, June 16, 2009
မြန်မာကျမ်းဂန်များမှ ပေးသော သင်ခန်းစာ
အနှစ် ၂ဝ ကျော် ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်း တလျှောက်တွင် ပြည်တွင်း အင်အားသည် လက်ရှိ မျက်မြင်ဖြစ် သည်။ နံပါတ် တစ်ခေါင်း ဆောင်နှင့် အရည် အသွေး ရှိသော ရဲဘော် အများ ထောင်သွင်း ခံထား ရသည်။ ထို့အပြင် တိုင်းပြည် ၏ အတိုက် အခံ အင်အား အတော် များများ ပြည်ပသို့ ရောက်ရှိ နေလေ ရာ ပြည်တွင်း လှုပ် ရှား မှုများ ကို ဦးဆောင်မည့် ခေါင်းဆောင် များ ခါးပြတ် နေခဲ့သည်။
မြန်မာလူထု၏ လူထုအားသက်သက်ဖြင့် တိုက်၍မရဘဲ ထိရောက်ပြတ်သားသော ဦးဆောင်မှုရှိမှသာ ပန်းတိုင်ရောက်နိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ ပြည်တွင်းပြည်ပ အင်အားများ မစုစည်းနိုင်မီ အခြား မည်သည်ကို လုံ့လပြုရပါမည်နည်းဟု စဉ်းစားရသော် ခေတ်အလျောက် ဖွံ့ဖြိုးတိုးတက်လာသော အယူအဆများ၊ အသိအတတ်ပညာများနှင့် ခေတ်သစ်တော်လှန်ရေး အသွင်အပြင်ကို ဆဝါးမိအောင် စူးစမ်းရပေဦးမည်။ သို့သော် ဤပညာရပ်များ အတွေးအမြင် အယူအဆများမှာ အောက်ခြေလူတန်းစားတို့ ချက်ချင်း လက်လှမ်းမမီနိုင်ရာ၊ ၎င်းတို့လက်လှမ်းမီနိုင်သော လမ်းကြောင်းတို့ကို ရှာဖွေပေးရပေလိမ့်မည်။
ဤတွင် မြန်မာ့ကျမ်းဂန်များ၌ ပါရှိသော တရားများကို တွေ့ရှိမိသည်။ ထိုတရားများသည် လူတန်းစား နိမ့်မြင့်မရွေး ကျင့်သုံးနိုင်သော၊ ကျင့်သုံးအပ်သော၊ ကျင့်သုံးနေသမျှ အကျိုးရှိသော၊ ရန်သူကို အခါခပ်သိမ်း လွန်မြောက်နိုင်သည့် တရားများပင် ဖြစ်တော့သည်။
အကယ်၍ ကျွန်ုပ်တို့၏ တိုင်းပြည်သည် သမိုင်းအလှည့်အပြောင်းအရ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်ခဲ့ပါလဲ။ ဤတရားများ ဆိတ်သုဉ်းခဲ့လျှင် အနှစ်သာရပြည့်ဝနိုင်မည် မဟုတ်သလို သူနိုင်ကိုလည်း ပြန်၍ခံရနိုင်ပေသည်။
မြတ်စွာဘုရားသည် ဤတရားလေးပါးကို ဧကနိပါတ်ဝါနရိန္ဒဇာတ်၌ “ရန်သူအောင်မူကြောင်း ၄ ခု” အဖြစ်နှင့် ဟောကြားတော်မူ၏။ ဝါနရိန္ဒဟူသည် မျောက်မင်းဖြစ်၏။ မိကျောင်းတကောင်သည် မျောက်မင်းအား ဖမ်းယူရန် အမျိုးမျိုး ကြိုးစား၏။ ဘယ်နည်းနှင့်မျှ ဖမ်းမမိသဖြင့် နောက်ဆုံးတွင် မိကျောင်းက မျောက်မင်းအား ချီးကျူးပြောကြား၏။
“မျောက်မင်း .. သင်၏ ကိုယ်တွင်း၌ သစ္စာ၊ ပညာ၊ လုံ့လနှင့် စွန့်လွှတ်ခြင်း ဟူသော ကျေးဇူးတရား ၄ ပါးတို့ ရှိကုန်သကဲ့သို့၊ ထို့အတူ အကြင်သူ၏ ကိုယ်တွင်း၌ ထိုတရား ၄ ပါးတို့ ရှိကုန်အံ့။ ထိုသူသည် ရန်သူကို လွန်မြောက်နိုင်၏''။
“အကြင်သူအား မှန်ကန်စွာ ပြောဆိုမှုသစ္စာ၊ ပညာဟူသော ဓမ္မ၊ ဝီရိယဟူသော ဓိတိ၊ စွန့်လွှတ်မှု ဟူသော စာဂ ဤတရား ၄ ပါး ပြည့်စုံပါက ထိုသူ မလွှမ်းမိုးနိုင်သော ရန်သူဟူသည် မရှိ”။
“အကယ်၍ ရန်သူကို မလွှမ်းမိုးနိုင်သေးပါလျှင် ရန်သူ အောင်မှုကြောင်း ၄ ခုနှင့် မပြည့်စုံသေး၍ ဖြစ်မည်။ သစ္စာ၊ ဓမ္မ၊ ဝီရိယနှင့် စာဂတို့ အသီးသီးတည်ရှိနေပါလျှင် လောကတွင် စိုးရိမ်ဖွယ်ရာမရှိ”
ဤတရား ၄ ပါးသည် စောင့်ထိန်းကျင့်သုံးသူ မည်သူအတွက်မဆို မုချ အကျိုးရှိမည်ဖြစ်ပြီး၊ မြန်မာလူထုတရပ်လုံး လက်တွေ့ တကယ်ကျင့်သုံးနိုင်ပါက လိုချင်သော ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။
ထိုမှတပါး လက်ရှိ ပြည်တွင်းရှိ မြန်မာလူထု အမြဲတစေ နားယောင်စေနိုင်သော ဒီမိုကရေစီကို မကျင့်သုံးသူ၊ ပြည်သူ၏ အကျိုးစီးပွားကို အမှန်တကယ် ဆုတ်ယုတ်စေသူတို့၏ မုသားစကားတို့ နေရာအနှံ့ ပျံ့လျက်ရှိရာ မြန်မာလူထုတို့ တချက်တည်းနှင့် နားရှင်းသွားစေရန် အောက်ပါ ဇာတ်တော်ကို ကိုးကား၍ ကောက်နုတ်ဖော်ပြပါသည်။
ဧကနိပတ်ဒေဝဓမ္မဇာတ်၌ ဘီလူးနှင့် မင်းသား အမေးအဖြေ ပြုပုံမှာ -
“ဘီလူးက - မင်းသား … လောက၌ အဘယ်တရား အမြတ်ဆုံးနည်း”
"ယက္ခ - မညှဉ်းဆဲခြင်း တရားသည် အမြတ်ဆုံးဖြစ်၏”
''မင်းသား - အဘယ်သူကို သူတော်ကောင်းခေါ်၍ အဘယ်သူကို သူယုတ်မာ ခေါ်သနည်း”
''ယက္ခ - သတ္တဝါတို့အား သနားသူကို သူတော်ကောင်းခေါ်၍ ရက်စက်သူကို သူယုတ်မာဟု ခေါ်ပါသည်”
ထိုဇာတ်တော်၌ ဘီလူးနှင့် မင်းသား အမေးအဖြေများစွာပါရာ ဤအမေးအဖြေ ၂ နှစ်ခုနှင့်ပင် စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်မှုကို ကွင်းကွင်းကွက်ကွက် မြင်နိုင်ပေသည်။
မြန်မာလူမျိုးတို့ အစဉ်တစိုက် ကိုးကွယ်လာသော ဗုဒ္ဓ၏ ဇာတ်တော်လာ တရားများသည်ပင် မြန်မာလူမျိုးတို့ သားစဉ်မြေးဆက် တောင့်တလာကြသော ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရရှိရန်အတွက် လေးနက်ပြည့်ဝ မှန်ကန်သော အမြင်၊ လက်တွေ့ ထိရောက်အာနိသင်ကြီးမားသော နည်းနာနိဿယ အကျင့်လမ်းစဉ်ကို ညွှန်ပြနေလေသည်။
ထိုမှတပါး ယက္ခဘီလူးနှင့် မင်းသားတို့၏ အခြားသော အမေးအဖြေများကို နှလုံးသွင်းနိုင်ရန် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
“ဘီလူးက - မင်းသား … လူ၏ အကြီးဆုံးရန်သူကား အဘယ်နည်း”
''ယက္ခ - လူ၏ အကြီးဆုံး ရန်သူမှာ အမျက်ဒေါသ ဖြစ်၏”
''မင်းသား - စဉ်းစားချိန်ဆ၍ ပြုသဖြင့် အဘယ်အကျိုး ရမည်နည်း”
''ယက္ခ - အလုံးစုံတို့၌ အောင်မြင်ခြင်း အကျိုးရ၏”
အခြားအခြားသော အဖြေများကိုလည်း အလျင်းသင့်သလို ထည့်သွင်းဖော်ပြသွားပါမည်။
မြန်မာလူမျိုးတို့၏ အဆီအနှစ်ဖြစ်သော၊ ဦးနှောက်နှင့်တူသော၊ ဆရာသမားနှင့်တူသော၊ မျက်စိအလင်း ပညာအလင်းကို ဖွင့်ပေးသော မြန် မာကျမ်းဂန်များမှ လိုက်နာကျင့်သုံးအပ်သည်တို့ကို ကျင့်သုံးနိုင်ပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်ရှိသော လူမျိုးအဖြစ် ဘဝကို ရှင်သန်လွန်မြောက်နိုင်ပါစေ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment