Sunday, June 14, 2009

ဥမင်လှိုဏ်ခေါင်း၊ လက်နက်နှင့် ကင်မ်ချီ - မြောက်ကိုရီးယား၏ ဒေါ်လာရှာ လုပ်ငန်းများ (အပိုင်း ၁)

ဘာတီလင်တနာ (Bertil Lintner)

ရက်စက်၍ လျှို့ဝှက်သိပ်သည်းသော မြန်မာစစ်အစိုးရအတွက် မြောက်ကိုရီးယားက လှိုဏ်ခေါင်းများ တူးဖော်ပေးနေခြင်း

ဘန်ကောက် (ယေးလ်ဂလိုဘယ် ) ။ ။ ဒုံးကျည် နှင့် ညူကလီယာ နည်းပညာ၊ ငွေတု ပြုလုပ်ခြင်း နှင့် စီးကရက် မှောင်ခို လုပ်ငန်း၊ နိုင် ငံ ရပ်ခြား တိုင်းပြည် များတွင် ဟန်ပြ ကုမ္ပဏီ များ ပျော်ပွဲ စားရုံများ ဖွင့်လှစ် လုပ်ကိုင်ခြင်း၊ အရှေ့ အလယ်ပိုင်း ဒေသသို့ အလုပ် သ မား များ တင်ပို့ခြင်း၊ ဤလုပ်ငန်း တို့မှာ ပြုံယမ်းရှိ စစ်အစိုးရ အတွက် အရေး တကြီး လိုအပ် နေသော နိုင်ငံခြား ငွေကြေးများ ရှာဖွေ ရာတွင် မြောက်ကိုရီးယား တို့ အလွန်ကျွမ်း ကျင်၍ တီထွင် ဖန်တီး မှုရှိစွာ လုပ်ကိုင် နိုင်သော အလုပ်များ ဖြစ်သည်။ သို့သော် ဤ လှိုဏ်ခေါင်း ဖောက် လုပ်ငန်း ကျွမ်းကျင် မှုကို နိုင်ငံခြား အလုပ် အပ်နှံ သူများ အတွက် လုပ်ကိုင်ပေး သည် ဆိုသည်မှာ လူသိနည်း သော စီးပွါးရေး လုပ်ငန်း တခု ဖြစ်သည်။ စိတ်ဝင်စားဖွယ် ဤစီးပွါးရေး လုပ်ငန်း အကြောင်း တစေ့ တစောင်း သိရှိနိုင် သည့် မြန်မာ နိုင်ငံမှ လျှို့ဝှက် ရိုက်ကူး ပေးပို့ လိုက်သော ဓါတ်ပုံ များကို ဤသတင်း ထောက်က ရရှိထား ပါသည်။

၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခှုနှစ်အတွင်း ရိုက်ကူးထားသည့် ဤဓါတ်ပုံများတွင် တကမ္ဘာလုံးက မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲကို အမျှော်ကြီး မျှော်နေချိန်တွင် စစ်အစိုးရက လှိုဏ်ခေါင်းများ တမျှော်တခေါ် တူးဖော်ခြင်းဖြင့် အလုပ်ရှုပ်နေသည်ကို တွေ့ရနိုင်သည်။ ပြင်ပ ကမ္ဘာကဖြစ်စေ၊ သူ့ပြည်သူများကဖြစ်စေ ပေးလာမည့် မည်သည့် ခြိမ်းခြောက်မှုမျိုးကိုမဆို ကြံ့ကြံ့ခံနိုင်မည့် ဤမြေ အောက် အဆောက် အအုံများကို မြောက်ကိုရီးယား ပညာရှင်များက ကူညီ ဆောက်လုပ်ပေးနေသည်။ ဤလှိုဏ်ခေါင်းများသည် မြောက်ကိုရီး ယား နိုင်ငံက တက်တက်ကြွကြွ လုပ်ကိုင်ပေးနေ သည်ဟု ဆိုသည့် ညူကလီယာ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းနှင့် ပတ်သက်မှုရှိသည် မရှိ သည်ကိုမူ မသိရပါ။ (မြန်မာ့ညူကလီယာ မက်မောမှုတွင် ရှု)

ယခု ထုတ်ဝေဖြန့်ချိလိုက်သော ဓါတ်ပုံများတွင် မြန်မာနိုင်ငံ၏ အသစ် တည်ဆောက်ထားသော ခံတပ် မြို့တော်ကြီး နေပြည်တော်၌ မြေအောက် အဆောက်အအုံများ အနှံ့အပြား ကွန်ရက်သဖွယ် တည်ဆောက်ထားသည်ကို တွေ့ရနိုင်သည်။ စစ်အစိုးရသည် သူ၏ အုပ်ချုပ်မှု ယန္တယားကို ၂၀၀၅ ခုနှစ် နိုဝင်ဘာလ၌ မြို့တော်ဟောင်း ရန်ကုန်မြို့မှ ကီလိုမီတာ ၄၆၀ (မိုင် ၃၀၀) အကွာတွင် လုံးလုံး အသစ် တည်ဆောက်ထားသော နေရာသစ်သို့ ရွှေ့ပြောင်းသွားခဲ့သည်။

ဘုရင်မင်းမြတ်တို့၏ ဘုံဗိမာန် ဟု အဓိပ္ပါယ်ရသော နေပြည်တော်သည် စစ်အစိုးရအတွက် အာဏာ၏ သင်္ကေတဖြစ်ပြီး ကိုလိုနီခေတ်မတိုင်ခင် ရှေးလက်နက်နိုင်ငံတော် ထူထောင်ခဲ့သာ ဘုရင်များ အစဉ်အလာအတိုင်း နိုင်ငံသစ်ကို ထူထောင်လိုသည့် ဆန္ဒနှင့်အညီလည်း ဖြစ်သည်။ သို့သော် မြေအောက်တွင် တည်ဆောက်ထားသော အဆောက်ဦများမှာမူ စစ်တပ်က အာဏာကို စွဲစွဲမြဲမြဲချုပ်ကိုင် ထားလိုသည့် သဘောသာ ဖြစ်သည်ဟု ယူဆရသည်။ နောက်ထပ် လှိုဏ်ခေါင်းများနှင့် မြေအောက် အစည်းအဝေး ခန်းမများကို တောင်ကြီးမြို့အနီးတွင် တည်ဆောက်ထားပြီး ဖြစ်သည်။ တောင်ကြီးသည် မြန်မာနိုင်ငံအရှေ့မြောက် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော သောင်းကျန်းမှု များစွာ၏ နေရပ်ရင်းလည်း ဖြစ်သည်။ ၂၀၀၆ ခုနှစ် ဇွန်လအတွင်းက ရိုက်ကူးထားသော ဓါတ်ပုံအချို့တွင် မြောက်ကိုရီးယား ပညာရှင်များ နေပြည်တော် ဒေသအတွင်း အစိုးရ ဧည့်ဂေဟာတခုမှ အရပ်ဝတ်များဖြင့် ထွက်လာပုံကို တွေ့ရသည်။ သူတို့အနီးရှိ မြန်မာ အလုပ်သမားများနှင့် ပုံသဏ္ဍန် ကွဲပြားနေသော အဆိုပါ ပညာရှင်များမှာ မြောက်ကိုရီးယား လူမျိုးများ ဖြစ်သည်ဟု အာရှသံတမန်များက ခွဲခြားပြပါသည်။

ယင်းသည် မြောက်ကိုရီးယား သူလျှိုများက ရန်ကုန်မြို့အာဇာနည်ဗိမာန်တွင် ၁၉၈၃ ခုနှစ်က ဗုံးထောင် တိုက်ခိုက်၍ ထိုစဉ်က ဒုတိယဝန်ကြီးချုပ်နှင့် အခြားဝန်ကြီး ၃ ဦး အပါအဝင် တောင်ကိုရီးယားအရာရှိများ သေဆုံးသွားခဲ့၍ သံတမန် အဆက်ဖြတ်အပြီး ယခုတဖန် တပတ်ပြန်ကျော့၍ ဆက်ဆံရေးသစ်များ ထူထောင်လာခြင်း ဖြစ်သည်၊

မြန်မာနှင့်မြောက်ကိုရီးယား သံတမန်များအကြား လျှို့ဝှက် ဆွေးနွေးပွဲများသည် ၁၉၉ဝ စုနှစ်များ ကတဲက ဘန်ကောက်မြို့တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခင် ဆယ်စုနှစ်အတွင်း ရန်လိုသော အပြုအမူများ ရှိခဲ့လင့်ကစား သူတို့တွင် ဘုံတူညီသော အချက်အလက်များစွာ ရှိနေသည် ဆိုသည်ကို နှစ်ဘက်စလုံးက သိမြင်လာခဲ့ကြသည်။ အခြေခံ အကျဆုံး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းနှင့် ပြုံယမ်း၏ နူကလီးယား လက်နက် အစီအစဉ်များကြောင့် နှစ်နိုင်ငံစလုံးမှာ နိုင်ငံတကာ၏၊ အထူးသဖြင့် အမေရိကန်၏ မကြုံစဖူးသော ပြစ်တင်ရှုတ်ချမှုကို ခံနေရသည်။ မြန်မာ နိုင်ငံအတွက်လည်း တိုးပွါးလာနေသော မြို့ပြအုံကြွမှုများနှင့် နယ်စပ်ရှိ တိုင်းရင်းသား သူပုန်များကို နှိမ်နင်းရန်အတွက် စစ်နက်လက်ပစ္စည်းများ ပိုမို လိုအပ်လာနေသည်။ မြောက်ကိုရီးယားကလည်း ရိက္ခာ၊ ရာဘာ နှင့် အခြား အခြေခံကုန်စည်များကို လိုအပ်နေသည်၊ ဘာတာစနစ်ဖြင့် ရောင်းဝယ်လိုလျှင်လည်း လက်ခံလိုသည်။ ဤအချက်သည် ငွေကြေး ချို့တဲ့နေသော မြန်မာဗိုလ်ချုပ်ကြီးများအတွက် အကိုက်ပင် ဖြစ်သည်။ `သူတို့ချင်း ကျောချင်းကပ်ပြီး အပြန်အလှန် အကာအကွယ်ပေးဘို့ အသင့်ပြင်ထားကြတာ` ဟု ဘန်ကောက်အခြေစိုက် အနောက်တိုင်း သံတမန်တဦးက ပြောသည်။ `မြန်မာဗိုလ်ချုပ်ကြီးတွေက အမေရိကန်ကို အာခံရဲလို့ဆိုပြီး မြောက်ကိုရီးယားတွေကို သဘောကျတယ်၊ သူတို့လဲ ဒီလို လုပ်ချင်နေကြတယ်`။

အပြန်အလှန် လျှို့ဝှက် လည်ပတ်မှုများ ပြုလုပ်ပြီးနောက် မြောက်ကိုရီယား လက်နက်များ မြန်မာနိုင်ငံသို့ စတင် ရောက်ရှိလာခဲ့သည်။ ဤထူးခြား ဆန်းကြယ်သော မြန်မာနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံမှုကို အရှေ့ဖျား စီးပွါးရေးစာစောင် (FEER) က ၂ဝဝ၃ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပထမဆုံး ဖော်ထုတ်လိုက်သည်။ ၁၅ ယောက် အယောက် ၂ဝ ခန့်ရှိသော မြောက်ကိုရီးယား ပညာရှင်များကို မြို့တော်ဟောင်း ရန်ကုန်ရှိ ထိုအချိန်က အစိုးရ ဧည့်ဂေဟာတခု၌ မြင်တွေ့ခဲ့ရသည်။ ၁၉၈၃ ခုနှစ်က ဖြစ်ပွါးခဲ့သော ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုကြောင့် ထိုသတင်းကို သံသယဖြင့် ကြည့်မြင်ခဲ့ကြသည်။ သို့သော် ၂ဝဝဝ စုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ၌ မြောက်ကိုရီး ယားမှ စစ်မြေပြင်သုံး အမြောက်ကြီးများ မြင်တွေ့ရသော အခါတွင်မှ မြောက်ကိုရီးယား နိုင်ငံသည် မဟာမိတ်သစ်တရပ်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီ ဖြစ်ကြောင်း ရှင်းလင်းသွားခဲ့သည်။ ယင်းမှာ နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ပြန်လည် ထူထောင်သည့် ၂ဝဝ၇ ခုနှစ်ဧပြီလ မတိုင်မီ နှစ်ပေါင်းများစွာ ကတဲက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

`၁၉၅ဝ စုနှစ်များက ရုရှပုံစံကို အခြေံခံထားတာ ဖြစ်ပေမဲ့ ဒီလက်နက်တွေ (အမြောက်ကြီး) တွေက စိတ်ချရတယ်၊ စစ်ပွဲတွေမှာ အစစ်ဆေး အစမ်းသပ်ခံပြီးသား ဖြစ်တယ်` ဟု သြစတြေလျလူမျိုး မြန်မာနိုင်ငံဆိုင်ရာ ပညာရှင် Andrew Seth က ၂ဝဝ၄ ခုနှစ်က သြစတြေလျနိုင်ငံ အမျိုးသား တက္ကသိုလ်သို့ တင်သွင်းသော စာတန်းတွင် ရေးသားဖော်ပြထားသည်။ `ဤလက်နက်များကြောင့် မြန်မာနိုင်ငံက အင်အားချည့်နဲ့နေသော တာဝေးပစ် အမြောက်လက်နက်ကြီးများ၏ စွမ်းဆောင်ရည်တွင် သိသိသာသာ တိုးတက်မှု ရရှိသွားခဲ့သည်` ဟု ရေးသားထားသည်။ ထိုအချိန်ကတဲက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံမှ ယာဉ်တင်ဒုံးပစ် လောင်ချာများ၊ တရုတ်ပြည်မှ ရရှိထားသော စစ်သင်္ဘောများတွင် တပ်ဆင်အသုံးပြုရန်အတွက်ဟု ယူဆရသော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုလည်း ဝယ်ယူ တင်သွင်းခဲ့သည်။

ထို့နောက် လှိုဏ်ခေါင်းတူး ကျွမ်းကျင်သူများ ရောက်ရှိလာပြန်သည်။ ဇီဝနှင့် ဓါတုလက်နက် အစီအစဉ်များ အပါအဝင် မြောက်ကိုရီးယားနိုင်ငံ၏ ကာကွယ်ရေး စက်ရုံ အများစုနှင့် အခြား စစ်တပ်နှင့် အစိုးရ အဆောက်အအုံများကို မြေအောက်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤစက်ရုံများထဲတွင် လူသိထားပြီး ဖြစ်သော စက်ရုံများဖြစ်သည့် Ganggye, Sakchu တို့မှ စက်ရုံများ ပါဝင်သည်။ ထိုနေရာများတွင် ထောင်ပေါင်းများစွာသော ပညာရှင်များ၊ အလုပ်သမားများက တောင်အောက်တွင် ဥမင်လှိုဏ်ခေါင်းများ တူးဖော် ဖောက်လုပ်နေခဲ့ကြသည်။ ဤနည်းပညာ ကျွမ်းကျင်မှုကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချနေသည် ဆိုသည်ကို ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့သည်မှာ ၂ဝဝ၆ ခုနှစ် ဇွန်လက ဖြစ်သည်။ မြောက်ကိုရီးယား ဥမင်လှိုဏ်ခေါင်း တူးဖော်ရေး ကျွမ်းကျင်သူ အဖွဲ့တဖွဲ့ လုပ်ကွက်ထဲတွင် ရောက်နေပြီ ဆိုသည်ကို အတည်ပြု အကြောင်းကြားသည့် နေပြည်တော်မှ ကြေးနန်းတစောင်ကို ထောက်လှမ်းရေး အေဂျင်စီများက ကြားဖြတ် ဖမ်းမိခဲ့သည်။ ၃ နှစ် ကြာပြီးနောက် ယခုထုတ်ပြန်လိုက်သည့် ဓါတ်ပုံများသည် ဤသတင်းများ၏ မှန်ကန်တိကျမှုကို အတည်ပြု ပေးလိုက်သည်။ ယခုအချိန်တွင် ဤဥမင်လှိုဏ်ခေါင်းများသည် တောင်ကြီးမြို့က ဥမင်များကဲ့သို့ပင် ပြီးစီးလောက်ပြီ ဖြစ်သည်။ ဤကောင်းစွာ ဖုံးကွယ်ထားသော ဥမင်များက ၁၉၈၈-၈၉ ခုနှစ်များ အတွင်းက ဖြစ်ပွါးခဲ့သော လူထုအုံကြွမှုများ အတွင်းကလို အရပ်သားများက အစိုးရ အဆောက်အဦများကို ဝင်စီးမည့် အန္တရာယ်မှ ကောင်းစွာ ကာကွယ်ပြီး ဖြစ်စေသည်။ နိုင်ငံတကာနှင့် ကင်းကွာနေသော စစ်အစိုးရသည် ဤနက်နက် တူးထားသော ကတုတ်များကို အာဖဂန်ရှိ တာလီဘန်များနှင့် အီရတ်ရှိ ဆက်ဒမ် ဟူစိန်အစိုးရတို့လို လေကြောင်းမှ တိုက်ခိုက်လာလျှင်လည်း နောက်ဆုံးအဆင့် အနေဖြင့် ကာကွယ် ခုခံနိုင်အောင် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု သတင်းရပ်ကွက်များက ပြောပြကြသည်။ ဤလက်နက်များအတွက် မြန်မာနိုင်ငံက ဘာတွေ ဘယ်မျှ ပေးလိုက်ရသည် ဆိုသည်မှာမူ မရှင်းလင်းသေးပါ။ ဖြစ်နိုင်သည်မှာမူ မြန်မာနိုင်ငံမြောက်ပိုင်း မြစ်အောက်ကြမ်းပြင်တွင် ရှိနေသော ရွှေများ၊ သို့မဟုတ် စားနပ်ရိက္ခာတို့ဖြင့် လဲလှယ်ခဲ့ရခြင်း ဖြစ်နိုင်ပါသည်။ သို့မဟုတ် အခြားသတ္တုများလည်း ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံသည် မြောက်ကိုရီယား၏ ဥမင်လှိုဏ်ခေါင်း စီးပွါးရေးအတွက် တခုတည်းသော ဖောက်သည်နိုင်ငံတော့ မဟုတ်ပါ။

၂ဝဝ၆ ခုနှစ် စစ်ပွဲအပြီးတွင် ဟစ်ဇဘိုလာ စစ်သွေးကြွများ စွန့်ခွါသွားခဲ့သော မြေအောက် အဆောက်အအုံ အတော်များများကို အစ္စရေးနှင့် ကုလသမဂ္ဂ တပ်ဖွဲ့များက လက်ဘနွန်နိုင်ငံ တောင်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။ တိုက်ဆိုင်သည်လားတော့ မသိ၊ ဤဥမင်များနှင့် အစည်းအဝေးများ ကျင်းပနိုင် လောက်အောင် ကျယ်ဝန်းသော မြေအောက် အခန်းကျယ်ကြီးများသည် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသေား စစ်မဲ့ဇုံအတွင်း တောင်ကိုရီးယား တပ်ဖွဲ့များက ဖော်ထုတ် တွေ့ရှိခဲ့သည့် ဥမင်များ၊ မြေအောက်ခန်းများနှင့် တထေရာတည်း တူနေသည်။ မြက်ခင်းများ၊ ခြံပုတ်များအတွင်း ကွယ်ဝှက်ထားသော မြောင်းဖုံး လူဝင်ပေါက်အရွယ် သေးငယ်သော အပေါက်ကလေးများမှ ဆင်းသွားလျှင် သံမဏိဖြင့် အချောကိုင်ထားသော မြေတွင်း ဥမင်များမှတဆင့် အခန်းကျယ်ကြီးများ အတွင်းသို့ ရောက်ရှိသွားနိုင်သည်။ ထိုအခန်းကျယ်ကြီးများတွင် လျှပ်စစ်၊ လေဝင်လေထွက် စနစ်၊ ရေပန်း တပ်ဆင်ထားသည့် ရေချိုးခန်းများနှင့် ရေမြောင်းစနစ် ပါဝင်သော အခန်းကျယ်ကြီးများ အတွင်းသို့ ရောက်ရှိသွားသည်။ အချို့သော ဥမင်များကို မီတာ ၄ဝ အနက် အစ္စရေးနယ်စပ်မှ မီတာ ၁ဝဝ အကွာခန့်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဤဥမင်များတူးဖော်ရာတွင် မြောက်ကိုရီးယားတို့ ပါမပါဆိုသည်ကို ဆန်းစစ်ရန်မှာမူ ခက်ခဲပါသည်။ အစ္စရေး စုံစမ်းစစ်ဆေးရေး သတင်းသမား (Investigative Journalist) Ronen Bergman ၏ အဆိုအရမူ အနောက်သို့ ကူးပြောင်းခိုလှုံလာသော အီရန် တော်လှန်ရေး အစောင့်တပ် အကြီးတန်း အရာရှိတဦး၏ အပြောအရ `ရာပေါင်းများစွာသော အီရန်ပညာရှင်များနှင့် အင်ဂျင်နီယာများ၊ အီရန် သံတမန်များက ခေါ်ယူလာခဲ့သော မြောက်ကိုရီးယား ကျွမ်းကျင်သူများကြောင့် ဟစ်ဇဘိုလာတို့သည် လက်ဘနွန်တောင်ပိုင်းတွင် ၂၅ ကီလိုမီတာရှည် မြေအောက်လမ်းမ တခုကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်`ဟု ဆိုသည်။

ဘေရွတ် သတင်းရပ်ကွက်များ၏ ယူဆချက်အရမူ ဟစ်ဇဘိုလာတို့သည် သူတို့ကို ဆီးရီးယားနှင့် အီရန် မဟာမိတ်များက ပေးအပ်ခဲ့သော မြောက်ကိုရီးယား ဒီဇိုင်းနှင့် ပုံစံပြာတို့ကို အသုံးပြုတည် ဆောက်ခြင်းဖြစ်ဘို့ ပိုများသည်ဟု ဆိုသည်။ ဤနှစ်နိုင်ငံစလုံးမှာ မြောက်ကိုရီးယားနှင့် နီးစပ်သော နိုင်ငံများဖြစ်ကြသည်။ (အီရန်နှင့် ဆီးရီးယား နှစ်နိုင်ငံစလုံးသည် မြောက်ကိုရီးယားနိုင်ငံမှ ဒုံးပျံ နည်းပညာကို ရရှိခဲ့သည်။ မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ခဲ့သည်ဟု ယုံကြည်ရသော ဆီးရီးယားနိုင်ငံရှိ အနုမြူ ဓါတ်ပေါင်းဖိုကို အစ္စရေး လေတပ်က ၂ဝဝ၇ ခုနှစ် စက်တင်ဘာလအတွင်း တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့သည်) မည်သို့ပင်ဖြစ်စေ မြောက်ကိုရီးယား၏ ဥမင်လှိုဏ်ခေါင်းဖောက် အတတ်ပညာသည် ပို့ကုန်ဈေးကွက်တွင် တန်ဘိုးရှိ ကုန်စည်တရပ် ဖြစ်လာနေခဲ့သည်။ နိုင်ငံတကာမှ အပယ်ခံ အာဏာရှင်များကို ကူညီ လုပ်ဆောင်ပေးနေသ၍ ငွေပေးချေမှု အပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံက အလွန် ပျော့ပျောင်းပါသည်။


No comments: