မင်းလွင်
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က လွန်စွာခမ်းနားခဲ့သည့် မြန်မာနိုင်ငံ ဒုတိယမြို့တော်၏ ရာဇ၀င်ကို ပြန်လည် သတိတရ ကြည့်မိပါသည်။
မန္တလေးမြို့သည် ယခင်ကနှင့်မတူ များစွာပြောင်းလဲသွားခဲ့ပါပြီ။ မြို့တည်သက်တမ်း နှစ်ပေါင်း ၁၅၀ ရှိပြီဖြစ်သည့် ယခုလို အခါသမယမျိုးတွင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့သည် နောက်ထပ်တကြိမ် အပြောင်းအလဲကို နက်နက်ရှိုင်းရှိုင်း ကြုံတွေ့နေရပြီ ဖြစ်ပါသည်။
ဗြိတိသျှလူမျိုးများ နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သော မန္တလေးမြို့သည် ယခုအခါ အလုံးအရင်းဖြင့် ၀င်ရောက်နေသော တရုတ်လူမျိုးများ၏ လွှမ်းမိုးမှုအောက်တွင် ကျရောက်နေပါတော့သည်။
မန္တလေးကို နန်းမြို့တည်၍ အုပ်ချုပ်ခဲ့သော မင်းတုန်းမင်းကြီး (၁၈၅၃ - ၁၈၇၈) အုပ်စိုးစဉ်ကတည်းက တရုတ်လူမျိုးများ နေထိုင်ခဲ့ကြပါသည်။
သို့သော် တရုတ်နိုင်ငံမှ တရုတ်လူမျိုးများ ရွှေ့ပြောင်းရောက်ရှိလာခြင်းသည် ၁၉၄၉ ခုနှစ်တွင် အဆုံးသတ်သွားသော တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်တရုတ် စစ်တပ်၏ ထိုးစစ်မှ ထွက်ပြေးလာသော ကူမင်တန် (တရုတ်ဖြူ) တပ်များ မြန်မာနိုင်ငံထဲ ၀င်ရောက်လာခဲ့ခြင်းက စတင်ခဲ့ပါသည်။
ထိုကဲ့သို့ တရုတ်လူမျိုးများ မန္တလေးမြို့တွင် တိုးတက်များပြား နေထိုင်လာခြင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ တရုတ်လူမျိုးများ နောက်ထပ်ရွှေ့ပြောင်းလာစေရန် ဆွဲဆောင်ခဲ့ပါသည်။ ယခုအခါ တရုတ်လူမျိုးများသည် မန္တလေး မြို့စီးပွာရေး လုပ်ငန်း အများစုတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေပါသည်။ တရုတ်လူမျိုးများ ပိုင်ဆိုင်သော ဟိုတယ်များ၊ ဧည့်ရိပ်သာများ၊ စားသောက်ဆိုင်များနှင့် အသေးစားစီးပွားရေး လုပ်ငန်းများသည် မန္တလေးမြို့တွင် မှိုလိုပေါက် များပြားလာသည့်အပြင် တရုတ်လူမျိုးတို့၏ ရိုးရားပွဲလမ်းသဘင် နေ့ရက်များသည် မြို့တော်၏ ပြက္ခဒိန်တွင် အခိုင်အမာ ချဉ်းနင်း ၀င်ရောက် နေရာယူနေပါပြီ။
ထိုကဲ့သို့ တရုတ်လူမျိုးများပြောင်းရွှေ့ဝင်ရောက်လာနေသော်လည်း ၄င်းတို့သည် မန္တလေးမြို့၏ လူဦးရေး ၁ သန်းခန့် တွင် မည်မျှရှိသည်ကို မသိကြပါ။
မင်းတုန်းမင်းကြီးသည် မင်းနေပြည်တော်ကို အမရပူရမှ မန္တလေးမြို့သို့ ၁၈၅၉ ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ပါသည်။ ထို အချိန်က မန္တလေးကို ရတနာပုံနေပြည်တော်ဟု ခေါ်ဝေါ်ခဲ့ပါသည်။
မင်းတုန်းမင်းကြီးသည် ရန်သူများကျူးကျော်ဝင်ရောက်နိုင်ခြင်းမရှိစေရန်ရည်ရွယ်ပြီး ဧရာဝတီမြစ်ကမ်းမှ ၁၃ ကီလိုမီတာ ဝေးသောနေရာတွင် မန္တလေးမြို့ကို တည်ခဲ့ပါသည်။
ဥရောပရေတပ်သင်္ဘောများသည် အမရပူရအထိ ထိုးဖောက် ၀င်ရောက်နိုင်ခဲ့ကြပြီး ဗြိတိသျှနယ်ချဲ့တို့သည် မင်းတုန်း မင်းကြီး၏ရှေ့ မင်းနှစ်ပါးကို ၁၈၂၄ နှင့် ၁၈၅၂ ခုနှစ်များတွင် တိုက်ခိုက်အောင်နိုင်ခဲ့ပါသည်။ မိမိ၏ထီးနန်းကို သိမ်းပိုက် မည်ကို စိုးရိမ်ပြီး မင်းတုန်းမင်းကြီးသည် ရန်သူက အမြောက်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခြင်းမရှိသည့်နေရာသို့ နန်းမြို့ကို ပြောင်းရွှေ့တည်ထောင်ခြင်းဖြစ်ပါသည်။
နန်းမြို့တော်ကို လက်ရှိ မန္တလေးမြို့နေရာသို့ ပြောင်းရွှေ့ရန် မင်းတုန်းမင်းကြီးဆုံးဖြတ်ခဲ့ရခြင်းတွင် လက်တွေ့သိပ်မ ကျသော နောက်ထပ်အကြောင်းရင်း တခုလည်း ရှိပါသည်။
ယင်းမှာ တခါက ဗုဒ္ဓဘုရားရှင်သည် ညီတော်အာနန္ဒာနှင့် အတူ မန္တလေးတောင်ပေါ်သို့ ကြွချီလာပြီး အနာဂတ်တွင် ရှင်ဘုရင်ဖြစ်မည့်သူသည် ဤနေရာတွင် မြို့တော်တည်အံ့ ဟု ဗျာဒိတ်ပေးသွားခဲ့သည်။ ထို ဗျာဒိတ်အရ မင်းတုန်းမင်း ကြီးက နန်းမြို့ကို မန္တလေးသို့ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းကြီး နတ်ရွာစံပြီးနောက် သူ၏သားတော် သီပေါမင်းနန်းတက်ခဲ့ပါသည်။ ထိုမင်းသည် မြန်မာနိုင်ငံဘုရင်စနစ်၏ နောက်ဆုံးမင်းဖြစ်ပါသည်။
၁၈၈၅ ခုနှစ်တွင်ဖြစ်ပွားသော တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတို့က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် သီပေါမင်းသည် ပြည်ပတွင်အကျဉ်းစံဘ၀ဖြင့် သေဆုံးခဲ့ပါသည်။
ဗြိတိသျှကိုလိုနီတို့သည် ရန်ကုန်မြို့ကို မြို့တော်အဖြစ် တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဗုဒ္ဓစာပေကျမ်းဂန်များ သင်ကြားပို့ချရာ အဓိက ဗဟိုချက်အဖြစ် ဆက်လက်တည်ရှိနေပါသေးသည်။ မန္တလေးမြို့သည် မြန်မာပြည်သူများ၏ လွတ်လပ်သည့် အချုပ်အခြာ အာဏာရှိခဲ့သော နောက်ဆုံး နန်းမြို့တော်အဖြစ် နှင့် လူမျိုးအသွင် လက္ခဏာတို့၏ အဓိကသင်္ကေတအဖြစ်လည်း သမိုင်းတွင် တည်ရှိနေပါသည်။
၁၉၄၁ ခုနှစ်တွင် ဂျပန်တပ်များ မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့်အခါ နိုင်ငံအနှံ့အပြားတွင် ဗြိတိသျှတပ်များနှင့် စစ်ဖြစ်ပွားရာ မန္တလေးမြို့သည် စစ်မြေပြင် ဖြစ်ခဲ့ရပါသည်။ မဟာမိတ်တပ်များက ဗုံးကြဲသည့် ဒဏ်ကြောင့် မန္တလေးမြို့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံး ခဲ့ရပါသည်။ ဂျပန်တပ်များက အလွန်လှပသည့် ဘုရင့်နန်းတော်ကို ရိက္ခာသိုလှောင်ရုံအဖြစ် သုံးခဲ့သည့်အတွက် နန်းတော်သည် ပစ်မှတ်ဖြစ်ခဲ့ရပါသည်။
မဟာမိတ်တပ်များ ဂျပန်ကိုအောင်နိုင်ပြီး နောက်ပိုင်း မြန်မာနိုင်ငံလည်း လွတ်လပ်ရေး ရခဲ့ပါသည်။ သို့သော်လည်း မန္တလေးမြို့ကို နိုင်ငံ၏မြို့တော်အဖြစ် ဆက်လက်ထားရှိရေး မျှော်လင့်ချက်သည် မည်သည့်အခါမျှ အကောင်အထည် မပေါ်လာတော့ပါ။
နိုင်ငံ၏မြို့တော်ကို နေပြည်တော်သို့ မပြောင်းရွှေ့ခင်အထိ ရန်ကုန်မြို့သည် မြို့တော်အဖြစ် ဆက်လက် တည်ရှိခဲ့ပါသည်။
၁၉၈၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မန္တလေးမြို့လယ် မီးလောင်မှုကြီးသည် အိမ်ခြေပေါင်း ၃၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပြီး မြို့တော်၏ မျက်နှာစာကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပါသည်။ ထိုမီးသည် မန္တလေးမြို့၏ ခရိုင်တခုလုံးကို ပြောင်တလင်း ခါသွားအောင် လောင်းကျွမ်းသွားရုံမက ထိုမီးလောင်မြေကို ပြန်လည်တည်ဆောက်ခြင်း မပြုနိုင်တော့သော မြန်မာလူမျိုး မြေပိုင်ရှင်များလက်မှ တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များက ၀ယ်ယူခွင့်ကို ဖွင့်ပေးခဲ့ပါသည်။
“အခုဆိုရင် တရုတ်လူမျိုးတွေပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို မန္တလေးမြို့လယ်နေရာအနှံ့မှာ တွေ့နိုင်ပါတယ်”ဟု မြို့ခံ သတင်းစာဆရာ ကျော်ရင်မြင့်က ပြောပါသည်။
မန္တလေးမြို့၏ နိစ္စဓူဝ ဘ၀တွင် တရုတ်လူမျိုးတို့၏ စီးပွားရေးလုပ်ငန်းများကြီးထွားလာခြင်းနှင့်အတူ တရုတ်ယဉ်ကျေး မှုသည်လည်း ထက်ကြပ်မကွာ ကပ်လျှက်လိုက်ပါ လာပါသည်။ တရုတ်ဘုံကျောင်းများသည် တရုတ်လူမျိုးများပိုင်ဆိုင် သောစတိုးဆိုင်များနှင့်အတူ အသိုက်အမြုံဖွဲ့ ထွက်ပေါ်လာနေပါသည်။
တရုတ် လူမျိုးများသည် မြန်မာအမျိုးသမီးများကို လက်ထပ်ယူသောနှုန်းမြင့်မားလာခြင်းနှင့်အတူ တရုတ်ယဉ်ကျေးမှု မှာ ပို၍ပင် လွှမ်းမိုးလာပြီး ထိုကဲ့သို့ဖြစ်ပေါ်တိုးတက်မှုကို ဒေသခံအများအပြားက မနှစ်မြို့ကြပါ။
တချိန်တွင် မန္တလေးမြို့၏ ဘ၀ကို တရုတ်လူမျိုးများနှင့် တရုတ်မြန်မာ ကပြားများသာ လွှမ်းမိုးတော့မည်ကို ဆရာ ကျော်ရင်မြင့်တယောက် ကြိုတင်မြင်ယောင် နေခဲ့ပါသည်။ ထိုနေ့သည် နောက်ထပ် နှစ်ပေါင်း ၁၅၀ မဝေးတော့ပါ။
မင်းလွင် ရေးသားသည့် The Chinese Road to Mandalay ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
No comments:
Post a Comment