Wednesday, June 17, 2009

အိမ်ကိုဆူးစို့ … ခလေးကို လက်တို့ … ခွေးကို အို့ လာခဲ့ကြပါဗျို့

နှင်းပန်းအိမ်

ကျမတို့ မြန်မာ နိုင်ငံက ရသ စုံတယ်။ အလင်္ကာ စုံတယ်။ ဒါ့အပြင် နွေ၊ မိုး၊ ဆောင်း စုံပြီး လွမ်းစရာ ပေါတဲ့ နိုင်ငံ လည်း ဖြစ်ပါတယ်။ ကျ မတို့ မြန်မာ ပြည်တွင်းမှာ ဆယ့်နှစ်လ ရာသီပျော် ပွဲတော် တွေအပြင် ရှင်ပြု အလှူ ကလည်း ဗုဒ္ဓ ဘာသာဝင် တွေအတွက် အထင် ကရ ရှိလှတဲ့ ယဉ်ကျေးမှု တခုပါ။

ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဓလေ့ထုံးစံနဲ့ နီးနီးကပ်ကပ် ကြီးပြင်းနေထိုင်ကြရတဲ့အခါမှာ သိပ်ပြီး မလေးနက်ကြပေမယ့် သူများတိုင်းပြည်ရောက်သွားရင် သိပ်ကို တန်ဖိုးထားတတ်သွားပါတယ်။ ကိုယ်ချစ်တဲ့ အမိနိုင်ငံ၊ ကိုယ့်ဇာတိမြေရဲ့ မြေကြီးကို နင်းရတာက ပိုပြီး ခိုင်မာမြဲမြံသလို ကိုယ့်ဇာတိမြေရဲ့ လေကပဲ ပိုပြီး သန့်ရှင်းသလို ထင်တတ်ကြတာ မဆန်းပါဘူး။

ကျမ ဘဝမှာ ငြိမ်သက်ခြင်း မရှိ။ အသစ်သစ်တွေ ပြောင်းလဲရင်ဆိုင်လို့ မပြီးနိုင်။ အသစ်သစ်သော ဝန်းကျင်ထဲက သိစရာ အသိတွေ၊ တက်စရာ အသိတွေရဖို့ စိတ်အားထက်သန်ရတာကိုလည်း ကျမ မငြင်းနိုင်ပါဘူး။

ကျမတို့နေတဲ့ ဒုက္ခသည်စခန်းလေးက တောင်တွေဝိုင်းရံပြီး သစ်ပင်တောတောင်တွေနဲ့ စိမ်းမြသန့်ရှင်းပြီး အေးချမ်းတဲ့ နေရာလေးပါ။ အေးချမ်းတဲ့ တောရိပ်တောင်ရိပ်မှာနေပြီး ရှေ့ခရီးအနာဂတ်အတွက် တွေးတောပူလောင်နေရတဲ့ ဒုက္ခသည်တွေပါ။ လူမျိုးပေါင်းစုံ ကိုးကွယ်မှုအစုံရှိတဲ့ စခန်းလေးထဲမှာ ကိုယ့်ဘာသာအလိုက် ကိုးကွယ်မှုတွေ ရှိကြပါတယ်။ အဲဒီဘာသာတရားတွေက ဒုက္ခသည် ကျမတို့အတွက် ခွန်အားဖြစ်ရပါတယ်။

ဒုက္ခသည်တွေထဲမှာ အရင်ရောက်နှင့်သူတွေ တတိယနိုင်ငံထွက်ခါနီးဆို နှုတ်ဆက်ပွဲလုပ်၊ ကိုယ် နှစ်ချီနေခဲ့တဲ့ တောတောင်တွေကို နောက်ခံထား ဓာတ်ပုံရိုက်၊ သွားမယ့်နေ့ မနက်ဆို စခန်းထဲ ကျန်ခဲ့ရမယ့် သူတွေက ခင်ရာမင်ရာ “ဘယ်သူရေ ဘယ်ဝါရေ” နဲ့ လူစုံအောင် လိုက်ပို့ကြပါတယ်။ ကားပြာကြီးပေါ် မတက်မချင်း ဓာတ်ပုံ ရိုက်လို့မဆုံး၊ အလွမ်းသယ်လို့ မဆုံးပါဘူး။ ကရင့်လူမျိုး အဖိုးအဖွား အရွယ်တွေက သံယောဇဉ်ကြီးတဲ့အရွယ်မို့ သူ့လူမျိုး၊ သူ့ဆွေမျိုးများနဲ့ နောင်ပြန်ဆုံဖို့ မလွယ်ဘူးဆိုတဲ့ စိတ်နဲ့ မျက်ရည်မဆယ်နိုင်အောင် ဖြစ်ကြပါတယ်။ သူတို့ကို မြင်ရင် ကျမတို့ပါ မျက်ရည်စို့ရပါတယ်။

တတိယနိုင်ငံသွားမယ့် ဒုက္ခသည်တင်ဆောင်ရာ ကားပြာကြီးက မဲဆောက်အထိ မောင်းပို့ပေးရပါတယ်။ ဒီကားပြာကြီးက ကွင်းထဲကနေ မောင်းထွက်သွားရင် တောင်ပေါ်လမ်းကို ပတ်ပြီး တက်ရတာမို့ လိုက်ပို့တဲ့သူရော၊ ကားပေါ်ပါသွားသူပါ မြင်ကွင်းထဲက ပျောက်တဲ့အထိ လက်ပြနှုတ်ဆက်ကြပါတယ်။ တယောက် တနေရာနဲ့ နောင် လူချင်းဆုံကြဖို့ ဘယ်လွယ်တော့မလဲ။ ဒုက္ခဆင်းရဲကို အတူခံစားရသူများမို့ သွေးသားအရင်းအချာလို ချစ်ခင်ကြရ သူများပါ။

တတိယနိုင်ငံကို ထွက်ခွာဖို့ ရက်ပိုင်းသာ လိုတော့တဲ့ မိသားစုနဲ့ တတိယနိုင်ငံထွက်ဖို့ စောင့်နေရတဲ့ မိသားစု နှစ်ဦးရဲ့ ရှင်ပြုအလှူပွဲကို ကျမ မြင်ရတော့ ရှင်ပြုပွဲကို ဒုက္ခသည်အဖြစ် ဘယ်လိုများ နွှဲမလဲလို့ စောင့်ကြည့်ရပါတယ်။

ဒုက္ခသည်စခန်းလေးထဲမှာ လုပ်တဲ့ ရှင်ပြုအလှူဆိုပေမယ့် သိုက်သိုက်ဝန်းဝန်းနဲ့ ကိုယ့်ရိုးရာဓလေ့အတိုင်း ကျင်းပနိုင်ခဲ့ပါတယ်။ ရှင်လောင်းမှာ လှည့်မယ်ဆိုတော့ ကျမမှာ အံ့သြဝမ်းသာသွားရတယ်။ ဒုက္ခသည် စခန်းထဲက အပျို အအိုတွေကို ဘယ်သူအလှဆုံးလဲဆိုတာ ရွေးမရနိုင်တော့ပါဘူး။

ကန်တော့ပွဲရွက်၊ ပရိတ်အိုးရွက်၊ ခေါင်းအုံးပိုက်၊ သင်ဖြူးရွက်၊ သင်္ကန်းမောင်းထောင်ချိုင့်ပိုက်၊ ပရိက္ခရာ လွယ်၊ ရွှေကလပ်ကိုင်၊ ငွေကလပ်ကိုင်ပြီး စခန်းတခုလုံး ရှင်လောင်းလှည့်ကြတယ်။ မောင်ရင်လောင်း၊ ပဉ္ဖင်းလောင်းတွေက မြင်းမရှိတော့ ဒီအတိုင်း ခြေကျင်လျှောက်ရပါတယ်။ သူတို့ကို ထီးမိုးပေးတဲ့သူတွေက စီးကရက် တဖွာဖွာသောက်၊ မိုးအုံ့မျက်မှန်တပ်ပြီး ရှိုးလုပ်ကြတာပေါ့။ နို့ဖိုး ဖိုးချစ်လို့ ကျမတို့ ခေါ်တဲ့ တပ်ကြပ်ကြီး ကိုချစ်ဖေက ဒိုးပတ်ဝိုင်းနဲ့အပြိုင် ကနိုင်တဲ့သူပါ။ အသံအောင်လှတဲ့ နို့ဖိုးကိုသိန်းဇော်က “မေမေ သင်္ကန်းပိုက်လို့ ရယ်၊ ဖေဖေ သပိတ်လွယ်” ဆိုတဲ့ သီချင်းကိုလည်း လည်ပင်းကြောကြီးတွေ ထောင်ထပြီး စခန်းတခုလုံး ကြားအောင် ဆိုပါတော့တယ်။

အိုးစည်ဒိုးပတ်ဝိုင်းကလည်း မကြားရတာ ကြာလို့လားမသိဘူး၊ နားထောင်လို့ သိပ်ကောင်းတာပဲ။ မြူးကြွတဲ့ ဒိုးပတ်သီချင်းသံကို အဝေးကကြားရင်ပဲ ခလေးတွေ အော်ဟစ်လူစုပြီး တကောက်ကောက်လိုက်တော့တာ။ မောင်ရင်လောင်းတွေကို ညနေပိုင်း ဆံချတဲ့အချိန်မှာ မိခင်ဖခင် အဖိုးအဖွားတွေ အပြုံးကိုယ်စီနဲ့ ကြည်နူးနေကြပါတယ်။ ဆံချ သိမ်ဆင်း တရားနာပြီး ပြန်လာတဲ့အခါ နို့ဖိုး ဖိုးချစ် သူ့မျက်နှာပေါ်က မိတ်ကပ်ဖျက် မင်းသား အဝတ်အစားချွတ်ပြီး လူဝတ်နဲ့ ဗျို့ဟစ်ပါတော့တယ်။

“နက်ဖြန် မနက် မနွယ် မမြင့်မြင့်အေးတို့ အလှူကို အိမ်ကို ဆူးစို့ ခလေးကို လက်တို့ ခွေးကိုအို့ လာခဲ့ကြပါဗျို့” ။

တကယ်လည်း စခန်းထဲက အိမ်တွေမှာ အဖြစ်လောက် ဝါးတံခါးလေးသာ ရှိကြတာပါ။ ဒုက္ခသည်စခန်းထဲမှာ ရိက္ခာငါးပိ၊ ဆန်ကိုသာ အားပြုစားသောက်နေရတဲ့ သူတွေမို့ အလှူဟင်းကို ကြိုတင်မှန်းဆပြီး သွားရည်ယိုနေကြပါတယ်။

နောက်နေ့ အလှူမှာ အလှူ့အမတွေက ရိုးရိုးရှင်းရှင်းနဲ့ သိပ်ကို လှနေကြတယ်။ အလှူလာတဲ့ သူတွေကလည်း ကျမတို့ မြင်နေကြ ဝတ်ကောင်းစားလှ ပိုး ဖဲ ကတ္တီပါ စိန်ရွှေ လက်ဝတ်ရတနာ ဝတ်မထားနိုင်ကြပါဘူး။ ဒုက္ခသည်ကိုး..။

ဘုန်းကြီးကျောင်းဆို ဘုံတွေ၊ ပြဿဒ်တွေနဲ့ တဆောင်တယောင် မရှိရှာပါဘူး။ ဝါးကိုကြီးပဲ အားပြုဆောက်ထားရတဲ့ ဝါးကျောင်းကြီးပါ။ အလှူလာ ဧည့်ပရိသတ်ကို ဝါးကြမ်းခင်းမှာ မျက်နှာချင်းဆိုင် ထိုင်ခိုင်းပြီး ပန်းကန်တွေ ရှေ့ချပေးပါတယ်။ လက်ရေတပြင်တည်းဆိုတာ ဒါမျိုးကိုပြောတာ ဖြစ်ရမယ်။

ထမင်းနဲ့ ဟင်းကတော့ ကျောက်ဖရုံသီးနဲ့ ကြက်သားပြွန်းဟင်း၊ ဝက်သား၊ သရက်သီးသုပ်၊ တုန့်ရမ်းဟင်းချို၊ ဘာပြောကောင်းမလဲ စားလိုက်ကြတာ ဟင်းဆိုတာ ထည့်မလောက်။ အားပါးတရ စားနေတဲ့ အလှူလာ ဧည့်ပရိသတ်ကို အလှူ့အမတွေကလည်း တယောက်တနေရာဆီ ရောက်ရင် ဒီလူနဲ့ဒီလူ ပြန်မတွေ့တော့ဘူးဆိုတဲ့ သံယောဇဉ်စိတ်၊ ချစ်ခင်စိတ်တွေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာဝမ်းနည်း ဧည့်ခံကြတယ်။

တတိယနိုင်ငံမှာ ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လောက် တိုးတက်တိုးတက် ကျမတို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကို လွယ်လင့်တကူ သွားနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ ဟိုကျရင် ရုန်းကန်ကြရတော့မယ်။ ဘာသာစကား အခက်အခဲ၊ ယဉ်ကျေးမှု အခက်အခဲ၊ ဓလေ့ထုံးစံ အခက်အခဲတွေကို ရင်ဆိုင်ကြရဦးမယ်။ ဒီမှာတော့ ကိုယ်နဲ့အတူ ဝိုင်းဝန်း တရားနာမယ့်၊ သာဓုခေါ်နိုင်မယ့် မိတ်ဆွေတွေ အများကြီးမို့လား။ ကိုယ်က ဘယ်လောက် ကျွေးမွေးနိုင်ဦးတော့ အခုလို အားပါးတရ စားနိုင်မယ့် စားချင်တဲ့ ဧည့်ပရိသတ် ရှိမယ်မထင်ပါဘူး။

ကျမတို့မှာလည်း သူတို့ကိုယ်စား “ပတ္တနုမောဒနာ” သူများကုသိုလ်ကို သာဓုခေါ်ရခြင်းဆိုတဲ့ အကျိုးကိုလည်း ခံစားရပါတယ်။ ကျမတို့ မြန်မာလူမျိုးများက သားယောင်္ကျားလေးကို ရှင်ပြု ရဟန်းခံပေးပြီးမှ အပါယ်တံခါး ပိတ်တယ်၊ နိဗ္ဗာန်တံခါးဖွင့်တယ်ဆိုတာကို သက်ဝင်ယုံကြည်ကြတာမို့လား။

ကလေးမြို့ဆရာတော်ကြီး ဟောခဲ့တဲ့ “အကုသိုလ် လုပ်တာလည်း ဒီလက်၊ ကုသိုလ်လုပ်တာလည်း ဒီလက်ပဲ” ဆိုတဲ့ တရား ကျမရင်ထဲ စွဲနေရပါတယ်။

ဒါ့အပြင် ကလေးမြို့ရဲ့ ရှင်ပြုအလှူကိုပဲ သတိရမိတယ်။

ရပ်ဓလေ့၊ ရွာဓလေ့တွေ ထုံမွှန်းတဲ့ ကလေးမြို့လေးက ကျမရဲ့ ဘဝအချိုးအကွေ့တခုမှာ ကျမရဲ့ ဒုတိယဘဝကို မွေးဖွားပေးတဲ့ မြို့လေးမို့ ကျမရင်ထဲ မှတ်မှတ်ထင်ထင် ပြောနေရတာ ဒီနေ့အထိပါ။

ကလေးမြို့က ဆန်၊ စပါး၊ မြေပဲ၊ မတ်ပဲ သိပ်ကို ဖြစ်ထွန်းပါတယ်။ တောင်သူနဲ့ အသက်မွေးသူ များပါတယ်။ တောင်သူတွေ ငွေစ ရွှင်တဲ့အချိန်ဆို ရှင်ပြုရဟန်းခံအတွက် မိဘဆွေမျိုးတွေ တိုင်ပင်ကြ၊ အလှူဖိတ်စာ ရိုက်ကြ၊ အလှူအတွက် ပစ္စည်းဝယ်ကြ၊ ဆိုင်းနဲ့ လှူမလား၊ အငြိမ့်ခံမလားလို့ ငွေကြေးတတ်နိုင်ရင် တတ်နိုင်သလောက် ဖြည့်စွက်ကြသေးတယ်။ ဘယ်လောက်ကုန် လှူမလဲ၊ ဘာကျွေးမလဲ၊ ဘယ်သူက ချက်မလဲ၊ ဘယ်သူက ဧည့်ခံမယ်ဆိုပြီး အလှူအကြောင်းနဲ့ နေထွက်၊ အလှူအကြောင်းနဲ့ နေဝင်ကြရတာပါပဲ။

ရှင် ၁ဝ၈ ပါး ရှင်ပြုအလှူကို ကလေးအကျဉ်းထောင်နားက စခန်းကြီးကျေးရွာမှာ ကျင်းပခဲ့တုန်းက ကျမ ထောင်ဝင်စာ တွေ့ပြီးအပြန် ရောက်ခဲ့ရပါတယ်။ အလှူက ထမင်းချက်ရုံ ၃ ရုံ ထားရတဲ့အထိပါ။ ဟင်းက ဝက်သားကောက်စင် ကျွေးပါတယ်။ ကောက်စင်ကျွေးတယ်ဆိုတာ အသားကြီးသက်သက် ကျွေးတာပါ။

ဒီလိုကျွေးနိုင်ဖို့ စားပွဲခုံ၊ ထမင်း ပန်းကန်၊ ဟင်းပန်းကန်ကို ထမင်းတဝိုင်းစာကို အပျိုလူပျိုတွေက ကိုယ့် အိမ်ကနေ သယ်လာကြတယ်။ အလှူနေ့မတိုင်ခင် ရေခပ်တဲ့အပျိုက ရေခပ်၊ ထင်းခွဲတဲ့ လူပျိုက ထင်းခွဲရပါတယ်။ ရေခပ်တဲ့သူက နေရဉ္စရာမြစ်ထဲကရေကို ရေအိုးနဲ့ ရွက်ပြီး ခပ်ရတာပါ။ အဲဒီ ရေခပ်တဲ့အချိန်မှာ အပျိုတွေက တော်ရိရော်ရိ ဝတ်ထားတာ မဟုတ်ပါဘူး။ အလှဆုံးဝတ်ပြီး ရေခပ်ကြတာပါ။

ရှင်လောင်းလှည့်တော့လည်း ကွမ်းတောင်၊ ပန်းတောင်ကိုင်ဖို့ တနှစ်လုံး ကြိုပြီး စုထားတဲ့ငွေနဲ့ အကောင်းဆုံး အလှဆုံးဖြစ်အောင် ဝတ်ကြတယ်။ ငွေကုန်ရင် ကုန်ပစေ၊ နှမျောတွန့်တို မရှိကြတော့ဘူး။ ဒီထဲမှာ ထူးခြားတာက လင်စုံမယားဖက် ငယ်လင်ငယ်မယား ဇနီးမောင်နှံတွေလည်း သူ့အတွဲနဲ့သူ ရှင်လောင်းလှည့်တဲ့နောက် လိုက်ရပါတယ်။ မိန်းမ၊ ဇနီးမယားက မိတ်ကပ်ဆံထုံးနဲ့ ဖွေးဖွေးလက်လက် လှနေပေမယ့် ခင်ပွန်းသည်ကတော့ ညိုညိုမောင်းမောင်းနဲ့ ပတ်ဝန်းကျင်ကို ရှက်ပြီး မိုးအုံ့မျက်မှန်တပ် အယောင်ယောင်အမှားမှား လမ်းလျှောက်တတ်ပါတယ်။ သူတို့ကို ကြည့်ပြီး စကြ နောက်ကြ ပြောင်ကြ လှောင်ကြပေါ့။

ရှင်လောင်းလှည့်ပြီး ဘုန်းကြီးကျောင်း ဝင်ခါနီးအချိန် မောင်ရင်လောင်းတွေကို ကာလသားတွေ ဖွက်ကြပြီ။ ဆံချဖို့ အချိန်မီအောင် အလှူ့ဒကာ ဒါယိကာမတွေက ကာလသားတွေ ကျေနပ်အောင် ငွေပေးရပါတယ်။ ထမင်းဟင်းချက်တဲ့ သူတွေကလည်း ထမင်းမွှေတဲ့ ယောက်မတွေနဲ့ ဝင်ပေါက်ကို တားပြီး ငွေတောင်းကြတယ်။

သပိတ်လွယ်ကန်တော့ပွဲ ရွက်ထားတဲ့ အလှူ့ဒကာ ဒါယိကာမတွေက အဆင်သင့် ဆောင်ထားတဲ့ငွေ ပေးလိုက်ရင် ပျော်လို့ ကကြခုန်ကြနဲ့ ကြည့်လာတဲ့လူကိုပါ အပျော်ကူးလာတယ်။

မနက်အလှူလာ ပရိသတ်ကို ဧည့်ခံဖို့ ကာလသား ကာလသမီးကို အဖွဲ့ခေါင်းဆောင်က သွက်လက်ချက်ချာတဲ့ အပျို လူပျိုကို ဧည့်ခံခိုင်းပါတယ်။ ဧည့်ခံတဲ့လူက အလှူလာဧည့်သည်ကို ထမင်း ဟင်း မလစ်လပ်အောင် ကျွေးမွေးဧည့်ခံရပါတယ်။ ထမင်းဟင်း လိုက်သူကို အချိန်မီရအောင် လှမ်းခေါ်ဖို့လည်း တာဝန်ယူထားရပါတယ်။ ဒီလို ဧည့်ခံသူက လေးလေးစားစား မလုပ်ဘူးထင်ရင် ကာလသားခေါင်းဆောင်က ပန်းကန်ဆေးတဲ့ နေရာကို ပို့လိုက်ပါတယ်။

အလှူရေစက်ချ၊ ဗျောခေါက်ရင်တော့ အလှူ့ ဒကာ ဒါယိကာမတင် မဟုတ်ဘူး၊ အလှူလာသူအားလုံး ပီတိ မျက်ရည် ကျရပါတော့တယ်။ သေသွားတဲ့ အဖိုးအဖွား မိဘဆွေမျိုးလွမ်းလို့ တပြီး ငိုသူက ငို၊ အမျှဝေသူက ဝေ၊ မျက်ရည်သုတ်သူက သုတ်နဲ့ အလှူပြီးလို့ စားပွဲခုံ၊ ထမင်းပန်းကန်၊ ဟင်းပန်းကန်၊ ဇွန်း ကိုယ့်ဝိုင်း ကိုယ်သိမ်းပြီး ပြန်ကြတဲ့ အပျိုလူပျိုကို ကာလသားခေါင်း ကာလသမီးခေါင်းက ပိုတဲ့ ဟင်းကျွေးဟင်းရံများကို ဝေပုံချပေးလိုက်ပါတယ်။ နောက်အလှူတွေအတွက် မျှော်ကြ၊ တိုင်ပင်ကြပေါ့။

ကိုရင် ပဉ္ဇင်းဖြစ်သွားတဲ့သားက မိဘကို ၇ ရက် ဆွမ်းခံကျွေးရပါတယ်။ မိဘကို သားက ကျေးဇူးဆပ်တယ်လို့ အဆိုရှိပါတယ်။ ဒီလို ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံတွေနဲ့ ရှင်ပြုအလှူက သီချင်းသံကို ကျမနားထဲ အခုချိန်ထိ ကြားယောင်နေမိပါတယ်။

“လှိုင်းကိုက်ပြန် တိမ်လိမ်နှင့်၊ ဘွဲ့ချိတ်ကယ် မဝတ်မဆင် ရပ်ကြီးသူ ဖြူဖြူလက်ကယ်၊ ကုံးစပ်နဲ့ယှဉ်၊ ကုံးစပ်လို့ ယှဉ်သလား နဂိုယဉ်မို့ ယဉ်သလား၊ ရွှေခါးတော်ညိုဆိုင်နှင့် ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင် အနေခြားတယ်ကွယ်၊ မိုးကျနတ်သား … အား…ဟား…

မလာတည လာတညနှင့် စကားနှစ်ခွပုံ၊ မသေးပျိုတို့မောင် အလေလိုက်တယ်၊ ဖဲရိုက်လို့နေ၊ ရှိပါစေ သူ့လှေနှင့်သူထား၊ အချိန်ကုန် ငွေပါခမ်းရင် လှမ်းခဲ့လိမ့်လား …”

ရှင်ပြုအလှူကို သူ့ဓလေ့နဲ့သူ ရှင်ပြုကြပါတယ်။

ကျမတို့နေထိုင်ရာ စခန်းထဲမှာ နို့ဖိုးရွာက ကရင့်အမျိုးသားဒုက္ခသည်တွေ နေထိုင်ရာပါ။ အဲဒီရွာလေးထဲက ဗုဒ္ဓဘာသာ ရှင်ပြုအလှူကတော့ သိပ်ကို ရိုးရှင်းလှပါတယ်။

အဲဒီနေ့က တောင်ပေါ်ကို အကြာကြီး လမ်းလျှောက်ပြီး ကမ္ဘာတဖက်ကို ဆက်သွယ်နိုင်ဖို့ internet ဆိုင်ကို ကျမ သွားခဲ့တာပါ။ တောင်ကုန်းပေါ်ကနေ နောက်ကြောင်းကိုလှည့်ကြည့်တော့ နို့ဖိုးတောင်ကြီးပေါ် တိမ်တွေ အလုအယက် တက်နေကြတယ်။ နှိမ့်တဲ့တောင်တွေမှာတော့ တိမ်ခိုးတွေက ပင်လယ်ဖြစ်နေပါတယ်။ တောင်တွေအထက် တိမ်တွေက လွမ်းစရာကောင်းတဲ့ တိမ်၊ စိတ်ကြည်နူးစရာကောင်းတဲ့ တိမ်၊ ချစ်စရာကောင်းတဲ့ တိမ်တွေကို ကြည့်ပြီး ကျမမှာ အမောပြေသွားရပါတယ်။ သဘာဝတရားရဲ့ အလှတရားတွေကို ရင်သပ်ရှုမော ကြည့်လို့ မဝနိုင်ခဲ့ပါဘူး။

မျက်နှာမူ လမ်းလျှောက်ရာ ကားလမ်းရဲ့ ဘယ်ဘက်မှာ internet ဆိုင်၊ ညာဘက်မှာတော့ တဲအိမ်ကလေးတလုံး၊ ခါတိုင်း တိတ်ဆိတ်နေတဲ့ တဲအိမ်လေးရှေ့မှာ မနက်စောစော ဗုံသံ၊ လကွင်းသံနဲ့ ယောင်္ကျား မိန်းမတွေ ကခုန်နေကြပါရောလား။ ကျမ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ မြင်ကွင်းပါ။

ကခုန်နေတဲ့ ယောင်္ကျားကြီး ပခုံးပေါ်မှာ ဇာတ်မင်းသားလို တောင်ရှည်နဲ့ ကတောင်ဝတ် မင်းသားဆောင်း ထားတဲ့ ခေါင်းပေါင်း အပြည့်အစုံနဲ့ ခလေးငယ်၊ လူငယ်က လက်တဖက်က ယပ်တောင်ကိုင်လို့၊ လက်တဖက်က ပုသိမ်ထီးလိုမျိုး ထီးလေးကို ဆောင်းထားတယ်။ ဆိုင်းသံ ဗုံသံနဲ့အညီ ပျော်ပျော်ပါးပါး ကခုန်နေကြတာများ ကြည့်နေတဲ့သူတွေပါ သူတို့နဲ့အတူ ပျော်လာပါတော့တယ်။

ဆိုင်းသံ ဗုံသံနဲ့ ကခုန်နေတဲ့ မောင်ရင်လောင်း ထမ်းထားတဲ့သူ ခြေလှုပ် လက်လှုပ်အတိုင်း ပခုံးပေါ်က မောင်ရင်လောင်းကလည်း အလိုက်သင့် နေရပါတယ်။ သူ့အလိုက်သင့်က စည်းချက်နဲ့ ကနေသလိုပါပဲ။ ပခုံးပေါ်က မောင်ရင်လောင်း ပြုတ်မကျအောင် မောင်ရင်လောင်းရဲ့ ခြေထောက်ကို ပုဆိုးနဲ့လိမ်ပြီး သိုင်းထားပါတယ်။ အသက် အတော်ကြီးတဲ့ မောင်ရင်လောင်းရဲ့ မျက်နှာမှာ ရှက်သွေးဖြာနေတယ်။ သားမောင်ရင်းလောင်းကိုမြင်ပြီး ဝမ်းသာနေတဲ့ မိခင် အလှူ့အမကလည်း ဘာမှ တောက်တောက်ပပ ဝတ်စားမထားပေမယ့် ပီတိစိတ်နဲ့ မျက်လုံးတွေ တလက်လက် တောက်နေတယ်။ သူကိုယ်တိုင်ပါ ဝင်ကပါတယ်။ သီချင်းမဆိုဘဲ အတီးသက်သက်နဲ့ပဲ ကနေကြတာပါ။

ကျမတို့နေတဲ့ နေရာလေးက ဘဝမျိုးစုံ၊ ရပ်တည်ချက်မျိုးစုံ၊ ဓလေ့ထုံးစံမျိုးစုံ၊ သူတို့ရဲ့ ကိုယ်ပိုင် အမူအကျင့်တွေကို တနေရာထဲမှာ စုံစုံလင်လင် တွေ့မြင်ရတော့ အနုပညာသမားဆိုတာ ဘဝတွေကို မြင်တတ်ဖို့ လိုတယ်ဆိုတဲ့စကား ကျမ သတိရမိတယ်။ ဒါ့ကြောင့် ကရင့်အမျိုးသား တော်လှန်ရေးခေါင်းဆောင် “တီးမန်းကြာမောင်” ကို ကျမ မေးခွန်းတွေ အများကြီး မေးရတော့တာပေါ့။ “တီးမန်းကြာမောင်” က ရှင်ပြုအကြောင်းအပြင် တခြားအကြောင်းတွေကိုပါ ကရင်သံဝဲဝဲနဲ့ ပြောပြခဲ့တာ သိပ်ကို နားထောင်လို့ ကောင်းပါတယ်။ သူတို့ရဲ့ ကရင့်လူမျိုး ရှင်ပြုအလှူအကြောင်းလေးကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

“ရှင်လောင်းလှည့်မယ်ဆို သူ့အုပ်စုနဲ့သူ၊ ကိုယ့်အဖွဲ့နဲ့ကိုယ် ထမ်းရတာ၊ ပခုံးနဲ့ ထမ်းတယ်ဆိုတာ မြင်းမရှိလို့ ထမ်းရတာ၊ ဒို့ဆီမှာ တနေကုန် ရှင်လောင်းလှည့်ကြတယ်၊ ရှင်လောင်းလှည့်တဲ့အချိန် နေအရမ်းပူတော့ မောင်ရင်လောင်းက သူ့ဘာသာသူ ထီးစောင်းပြီး ယပ်ခပ်နေရတယ်။

တရွာနဲ့တရွာ ရှင်လောင်းလှည့်မယ်ဆို ငါတို့ ကြိုတင် သတင်းပို့ထားရတယ်။ နင်တို့ရွာကို ငါတို့ ဘယ်နေ့ ရှင်လောင်း လာလှည့်မယ်ဟေ့လို့ ပြောထားရင် ရွာက ရှင်လောင်းအဖွဲ့အားလုံးကို စတုဒိသာကျွေးဖို့ ပြင်ဆင်ထားကြတယ်။ ဘုရားခန်းအောက်မှာ နားနားနေနေ နေခိုင်းပြီး အကျွေးအမွေးနဲ့ ဧည့်ခံတာပါ့။ ရှင်လောင်းကလည်း ဝမ်းဟာရင် စားပေါ့။ လှည့်တဲ့ ရွာတိုင်းက ကျွေးတယ်။ ကျန်တဲ့ ရှင်ဖြစ်အောင် ဆံချ သင်္ကန်းဝတ်ကတော့ ဗုဒ္ဓဘာသာ အတူတူပါပဲ။ ကရင်လူမျိုးတွေ ဗုဒ္ဓဘာသာအဖြစ် ရှင်ဖြစ်ခွင့် မရဘူးလို့ အရပ်စကား ရှိခဲ့ဖူးတယ်။ ဗုဒ္ဓဘာသာအစ ဦးနန္ဒမာလလို့ ဒို့ ကရင်လူမျိုး ဗုဒ္ဓဘာသာတွေက အဆိုရှိတယ်။ ဦးနန္ဒမာလ မရောက်ခင် ကရင်တွေ နတ်စားတယ်။ ဦးနန္ဒမာလ ရောက်လာမှ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာခဲ့ကြတာ”

အမိအဖ ထမ်းပိုးထားတဲ့ မောင်ရင်လောင်း ဓာတ်ပုံတွေက ကရင့်အမျိုးသား ဗုဒ္ဓဘာသာတွေရဲ့ အိမ်ဧည့်ခံမှာ တန်ဖိုးထား ချိတ်ဆွဲကြပါတယ်။ ကျမမြင်ဖူးတဲ့ ရှင်ပြုအလှူဓာတ်ပုံနဲ့ လုံးဝမတူပါဘူး။ အလှူ့အမရယ်လို့ အလှူ့ဒကာရယ်လို့ ထူးထူးခြားခြား တောက်တောက်ပပ ဝတ်စားထားတာ မရှိဘဲ အများနဲ့ ရောနှောနေပါတယ်။ ရိုးစင်းတဲ့ သူတို့မျက်နှာတွေကပဲ ဝံ့ဝံ့ကြွားကြွား၊ ပေါ်ပေါ်လွင်လွင် ဖြစ်နေတာလို့ ကျမ ခံစားမိပါတယ်။

ကျမတို့ ဒုက္ခသည်မှာ ပြဿနာကိုယ်စီ၊ ခံစားချက်ကိုယ်စီ၊ နာကျင်မှုကိုယ်စီ ရှိကြပေမယ့် အကျည်းတန်တဲ့ ကျမတို့ ဘဝတွေကို အလှအပတွေဖြစ်အောင် ဖန်တီးနေနေကြရတာပါ။



No comments: