Saturday, June 6, 2009

တောင်းပန်ချင်ပါသည်

သဲသဲ

ကာလကတ္တား (မဇ္ဈိမ)။ ။ “လဝက ကင်းလှည့်နေတုန်းမို့ ခဏနေမှ ပြန်ခေါ်ပေးပါ အမ”။

ခပ်အုပ်အုပ် ထွက်လာ သည့် စောအယ်ဆေး ၏ အသံက အပြင်မှ တစုံ တယောက် ကြားသွား မည်ကို စိုးရိမ် နေကြောင်း သိသာ ပေါ်လွင် လှသည်။

ကာလရှည်ကြာစွာ ဆက်လက် ချုပ်နှောင်ထားသည်ကို မကျေနပ်သဖြင့် မလေးရှားနိုင်ငံ Kajang မြို့နယ်တွင်းရှိ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတခု၌ မြန်မာနိုင်ငံသား ၅ဝဝ ကျော်သည် ယခုလ ၁၇ ရက်နေ့မှ စတင်ကာ အစာငတ်ခံ ဆန္ဒပြနေကြောင်း သူ မလွတ်ခင် ၂ ရက်အလိုမှာ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့စဉ်က ဖြစ်သည်။

“အမရေ မိသွားရင်မလွယ်ဘူး အိပ်ချင်ယောင်ဆောင်ပြီး ခိုးဆက်ရတာခင်ဗျ။ ဒါတောင် အစောင့်ဆီက ပိုက်ဆံပေးပြီး ခဏပဲ သုံးလို့ ရတာ” ဆိုသည့် စောအယ်ဆေး ပြောပြချက်က ထိန်းသိမ်းရေးစခန်းမှ ပြင်ပသို့ ဆက်သွယ်ခွင့်ရရန် ထိုမျှ ခက်ခဲနေကြောင်း လှစ်ဟပြလိုက်သလိုပင်။

တရားမဝင် ဝင်ရောက်မှုဖြင့် နိုင်ငံခြားသား ဥပဒေအရ ပြစ်ဒဏ်ချပြီးသည့်တိုင် ထိန်းသိမ်းရေးစခန်းတွင် ကာလကြာမြင့်စွာ ဆက်လက်ချုပ်နှောင်ထားသည်ကို မကျေနပ်သဖြင့် Selangor ပြည်နယ် Kajang မြို့နယ်အတွင်းက စမုံညင်းစခန်းမှာ မြန်မာများက ၃ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန - လဝက က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR နှင့် တွေ့ခွင့်ပြုခဲ့သည်။

“ကျနော်တို့ကို တရားမဝင်လာလို့ ထောင်ချတယ်။ ထောင်ကျပြီးတော့ ဒီစခန်းထဲမှာ လာထည့်ထားတာ အခု ၆ လ ကျော်ပြီ။ အဲဒါ ကျနော်တို့ကို UNHCR နဲ့ ပေးမတွေ့ဘူး။ နယ်စပ်ကိုလည်း ပြန်မပို့ဘဲ ဒီအတိုင်းထားတာကို မကျေနပ်လို့ ၁၇ ရက်နေ့ကစပြီး ထမင်းမစားဘဲ ဆန္ဒပြခဲ့တာပါ” ဟု စောအယ်ဆေးက ဆိုသည်။

စခန်းက ပေးသည့် ရိက္ခာပေါင်မုန့်များကို မစားဘဲ “WE WANT FREEDOM” (ကျနော်တို့ လွတ်မြောက်မှုကို လိုလားတယ်) ဟု ပုံဖော်ရေးသားကာ ဆန္ဒပြသည်ကို အာဏာပိုင်များက အဆိုပါ ပေါင်မုန့်စာတန်းကို ခြေနှင့် ကန်ဖျက်ကာ အမှိုက်ပုံးများအတွင်း သွန်ပစ်ခဲ့ကြောင်းနှင့် ဆန္ဒပြသူများထဲမှ မူးလဲသွားကျသူတချို့ကို ဆေးကုမပေးကြောင်း သိရသည်။

“ကျနော်တို့ ဆန္ဒပြတော့ ၃ ပွင့်တင်ထားတဲ့ မလေး လဝက အရာရှိက ကျနော်တို့စားမယ့် ထမင်းတွေကို ခြေနဲ့ ကန်တယ်။ အမှိုက်ပုံးထဲ သွန်ပစ်တယ်။ တခြားနိုင်ငံသားတွေကို ပေးပစ်တယ်။ မင်းတို့တွေ မစားရင် တခြားသူတွေ ကျွေးမယ်၊ မင်းတို့ သေသွားလည်း ငါတို့က ဘာမှမဖြစ်ဘူးဆိုပြီး ကျနောတို့ကို အဲလိုဆက်ဆံတာ” ဟု စောအယ်ဆေးက မချိတင်ကဲလေသံဖြင့် ဆက်ပြောပြသည်။

ဆန္ဒပြပွဲ ၃ ရက်မြောက်နေ့တွင် UNHCR က ရောက်လာကာ အထိန်းသိမ်းခံ မြန်မာ ၅ဝဝ ကျော်မှ ကိုစောအယ်ဆေး အပါအဝင် ၄၅ ဦးကို လာရောက်ထုတ်ယူသဖြင့် ယခုလ ၂၁ ရက်နေ့တွင် ထိုစခန်းမှ သူလည်း လွတ်လာခြင်း ဖြစ်သည်။

လွတ်မြောက်လာသူများတွင် UNHCR အသိအမှတ်ပြုခံရသည့် ဒုက္ခသည်များ ပါဝင်နေသလို၊ ဒုက္ခသည်ကဒ် မရသေးသူများလည်း ပါဝင်သည်။

အသက် ၂၅ နှစ်အရွယ် စောအယ်ဆေးနှင့် ဇနီးသည်မှာ UNHCR အသိအမှတ်ပြု ခံထားရသူများ ဖြစ်သော်လည်း မလေးရှားတွင် ဒုက္ခသည်စခန်း မရှိသဖြင့် အဆင်ပြေသလိုပင် လုပ်ကိုင်စားသောက်ရင်း အဖမ်းခံခဲ့ရသည်။

ပေ ၁ဝဝ ကျော် ပတ်လည်ကျယ်ဝန်းသည့် အခန်းရှည်တခုထဲတွင် ဖမ်းဆီးထားသည့် နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့် ၊ နီပေါ၊ ဖလစ်ပိုင် နိုင်ငံသားများနှင့် ရောနှောနေထိုင်ကြရသည်။

လူများကို ပြည့်သိပ်ကျပ်ညပ်နေအောင် ထည့်ထားကာ အိပ်စရာနေရာ ခက်ခဲသဖြင့် သမံတလင်းပေါ်တွင် ငုတ်တုတ်ထိုင်ကာ အိပ်စက်ရသဖြင့် ကျန်းမာရေး ထိခိုက်ရသည်ဟု စောအယ်ဆေးက ဆိုသည်။

စခန်းတွင်းကျွေးသည့် ထမင်းဆိုသည်မှာ မဝရေစာ စားရသလို၊ ပူလွန်းအေးလွန်းသည့် မလေးရှား ရာသီဥတုကြောင့် နေ့လယ်ဘက်တွင် သွပ်အပူရှိန်ကြောင့် ခန်းမတွင်း မနေနိုင်သည့်လူများက စခန်းဝင်းအတွင်းရှိ အရိပ်ရှိရာ နေရာအနည်းငယ်သို့ အယုအယက် ပြေးကြရသည်။

အချို့မှာ စိတ်ကယောက်ကယက် ဖြစ်နေကြသဖြင့် ညဘက်တွင် ငိုယိုအော်ဟစ်သူများနှင့် ပွက်လောရိုက်နေသည့်အတွက် ကောင်းမွန်စွာ မအိပ်ရကြောင်း သိရသည်။

ဤသို့သော အခြေအနေတွင် စခန်း၌ ကိုယ်ဝန် ၆ လနှင့် ကျန်ခဲ့သော သူ့ဇနီးသည်အတွက် ရတက်မအေးနိုင်ပုံမှာ စောအယ်ဆေး၏ လေသံများက အထင်းသားဖော်ပြနေသည်။

သူက “ကျနော်တို့နယ်မှာ အလုပ်မရှိဘူး အမရဲ့။ ရတဲ့အလုပ်လုပ်တော့လည်း တယောက်စာတောင် မလောက်ဘူး။ ဒီကို အပေါ်လမ်းက (တရားဝင်) လာဖို့ကလည်း ပိုက်ဆံမရှိဘူးလေ။ ဒါကြောင့် အဆင်ပြေမလားလို့ စွန့်စားပြီး လာတာပါ” ဟု ဆိုသည်။

မလေးရှားသို့ တရားမဝင် လာရောက်သူများအား RELA ဟု ခေါ်သည့် မလေးရှား ပြည်သူ့စစ်နှင့် လူဝင်မှု ကြီးကြပ်ရေး ဌာနက လိုက်လံဖမ်းဆီးကာ နိုင်ငံခြားသား ဥပဒေအရ ထောင်ဒဏ်၊ ကြိမ်ဒဏ်များကို သက်ဆိုင်ရာ မြို့နယ်ထောင်များတွင် အပြစ်ပေးခံရသည်။

ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ပြီးနောက် မကြာခင်တွင် ထိုင်း-မလေးရှား နယ်စပ်သို့ စွန့်ပစ်လေ့ ရှိသည်။

စွန့်ပစ်သည့် နေရာတွင် မလေးရှား လဝက အာဏာပိုင်များက အသင့်စောင့်ဆိုင်းနေသည့် လူပွဲစားများထံ တဦးလျှင် မလေးရှားငွေ ၃ဝဝ ရင်းဂစ်ဖြင့် ရောင်းစားကြောင်းနှင့် မလေးရှားသို့ ပြန်ဝင်နိုင်ရန် လူပွဲစားများကို တဦးလျှင် ၂ဝဝဝ-၂၅ဝဝ ရင်းဂစ် ပေးရကြောင်း မြန်မာလုပ်သားတဦးက ပြောသည်။

"နယ်စပ်က ဂလုပ် ဆိုတဲ့ နေရာမှာ ကျနော်တို့ကို ကားနဲ့ပို့ပြီး “ဗွမ်း” (သွန်) တယ်။ လူပွဲစားနဲ့ ထိုင်းရဲတွေကို တယောက်ကို ၃ဝဝ နဲ့ ရောင်းတယ်။ မလေးကို ပြန်ဝင်မယ်ဆိုရင် ၂ဝဝဝ-၂၅ဝဝ ပေးမှ။ မပေးနိုင်ရင်တော့ အဲမှာပဲ သူတို့ ခိုင်းတာလုပ်ပေါ့ဗျာ။ သေတဲ့သူလည်း သေပေါ့" ဟု သူက ပြောသည်။

ထိုင်းနယ်စပ်သို့ အပို့ခံရသော မြန်မာလုပ်သားများသည် ငွေမပေးနိုင်ပါက ထိုင်းနိုင်ငံရှိ ငါးဖမ်းလှေများ၊ ပြည့်တန်ဆာရုံများတွင် အဓမ္မခိုင်းစေခံနေရကြောင်း အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီကလည်း ‘Trafficking and Extortion of Burmese Migrants in Malaysia and Southern Thailand’ အမည်ဖြင့် မကြာသေးမီက အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့သည်။

စခန်းထဲတွင် ၇ လကြာ နေခဲ့သည့် စောအယ်ဆေးက အခြားနိုင်ငံသားများကို ယခုလို ထိန်းသိမ်းခံရပါက သက်ဆိုင်ရာနိုင်ငံ သံရုံးမှ လာရောက်ခေါ်ယူသည်ကို တွေ့ရသော်လည်း မြန်မာများအတွက်မူ တရားဝင် လာရောက်သူများ အဖမ်းခံရလျှင်ပင် မြန်မာသံရုံးက တစုံတရာ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိကြောင်း ပြောသည်။

ကိုယ်ဝန်ဆောင် ဇနီးသည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသည့် စောအယ်ဆေးကို နောက်တခေါက် ထပ်မံ ဖမ်းဆီး ခံရမည် ဆို ရင် ဟု မေးမြန်းလိုက်ရာ သူက “မဖမ်းအောင် တောင်းပန်ရမှာပေါ့ .. အမရယ်” ဟုဆိုသည့် ဖျော့တော့သော သူ့လေသံများက တိမ်ဝင် သွားတော့သည်။

No comments: