Sunday, October 18, 2009

တခါက “မိတ်အင် ရွာလွတ်”

ဟိန်းဇော်

ခြေတံရှည် သစ်သားအိမ်လေး တလုံး ထဲတွင် ထရံများ ကြားထဲမှ ထိုးဖောက် ၀င်ရောက် လာသော အလင်းရောင် ကို အသုံးပြုရင်း ဒေါ်အုန်းမြင့် တယောက် အချိန်မီ ပို့ရမည့် ဆေးတံ များကို တချောင်းပြီး တချောင်း အရောင်တင်ဆီ သုတ်နေသည်။

ကာလ အတော်အကြာ အော်ဒါ မှာယူမှု မရှိ၍ ရပ်ဆိုင်း ထားရသော ဆေးတံ လုပ်ငန်းသည် ယခုနှစ်တွင် ပထမဆုံး အကြိမ် အော်ဒါ အမှာ လာပြီ ဖြစ်သောကြောင့် အသက် ၅၈ နှစ်ရှိပြီ ဖြစ်သည့် ဒေါ်အုန်းမြင့် မရပ်မနား လုပ်နေရခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ တဘက်ကမ်း ဘီလူးကျွန်းရှိ ဆေးတံ၊ တောင်ဝှေး စသည့် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းဖြင့် နာမည်ကြီး ထင်ရှား ခဲ့သော ရွာလွတ် ကျေးရွာတွင် မွေးဖွားခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ သည်အထိ မိရိုးဖလာ လက်မှု လုပ်ငန်းဖြင့် အသက်မွေး ၀မ်း ကျောင်း ခဲ့သည့် ဒေါ်အုန်းမြင့် အပါအဝင် ၎င်းရွာသူ ရွာသား အားလုံး ဆေးတံပြု လုပ်ခြင်းကို ရပ်ဆိုင်း ထားရ သည်မှာ ကြာပြီဖြစ်သည်။


“ရခိုင်ဘက်က ကျပ်တသိန်းဖိုးမှာလို့ အခုလို များများစားစား လုပ်နေတာကို မြင်ရတာ၊ အော်ဒါလည်းမရှိ၊ ဆေးတံ ခေတ်ကလည်း ကုန်ပြီဆိုတော့ လုပ်ငန်းတွေ ရပ်ထားလိုက်ရတယ်” ဟု မွန်တိုင်းရင်းသူကြီး ဒေါ်အုန်းမြင့်က ဆေးတံလုပ်ငန်း ရွှေခေတ်ဖြစ်ခဲ့ချိန်ကို တမ်းတရင်း ပြောသည်။

ရွာလွတ်ကျေးရွာမှ ထုတ်လုပ်သည့် ဆေးတံနှင့် တောင်ဝှေးများကို ပြည်ပသို့ တိုက်ရိုက် တင်ပို့ ရောင်းချနိုင်ခဲ့ သောကြောင့် ၁၉၉၀ ပြည့်နှစ် မတိုင်မီကာလက ယင်းလုပ်ငန်း ရွှေခေတ်ဖြစ်ခဲ့သည်။

“အရင်က ယိုးဒယားဘက်ကို ဒီကနေ တိုက်ရိုက်ပို့တာ၊ ဒီအလုပ်နဲ့တင် ဒီရွာလေးက စီးပွားဖြစ်ပြီး နေနိုင်စားနိုင် တာပါ။ ကျနော်တို့ဆီကနေ ပြည်ပကို တိုက်ရိုက်ပို့ဖို့ အစိုးရက ခွင့်မပြုတော့တဲ့နောက်မှာ ရွာစီးပွားရေး တစ တစ ကျလာတာ မြင်တဲ့အတိုင်းပါပဲ” ဟု ရွာလွတ်ကျေးရွာ၌ လက်မှုလုပ်ငန်းနှင့် နှစ်ပေါင်း ၃၀ နီးပါး အသက်မွေးခဲ့သူ ဦးအောင်ငွေက ပြောသည်။

ဦးအောင်ငွေမှာ ၎င်းတို့ မိသားစု အတွက် နေ့စဉ်နီးပါး ချောင်းထဲမှ ငါးရှာပြီး ဟင်းစား ပြုလုပ်နေရသည်ဟုလည်း ဆိုသည်။

၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် အစိုးရက ပြည်ပသို့ ရွာလွတ်ဆေးတံများ တင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး Export လုပ်ငန်းများကို ထိန်းချုပ်ခဲ့သည်။

“ဒီကနေ တိုက်ရိုက်မပို့ရတော့ဘူး။ သူတို့လက်ထဲက တဆင့် သွားရတော့ ဈေးမရဘူး၊ ကိုယ့်ဘာသာ ပို့ရင် ထောင်ချ အရေးယူမှုတွေပါ လုပ်တယ်” ဟု ဦးအောင်ငွေက ဆိုသည်။

ပြည်ပသို့ တိုက်ရိုက်တင်ပို့မှု ပိတ်ပင်ခဲ့သည့် နောက်ပိုင်းတွင် မြန်မာပြည်သို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများကို ရိုးရာယဉ်ကျေးမှု လက်မှု ပစ္စည်းအဖြစ် ကာလအတန်ကြာ ရောင်းချ နိုင်ခဲ့ကြသေးသည်။ သို့ရာတွင် နောက်ပိုင်း၌ နိုင်ငံခြားသားများလည်း ဝင်ရောက်လာမှု နည်းပါးခဲ့သဖြင့် အလုပ်မဖြစ်တော့ကြောင်း သိရသည်။

ထို့ကြောင့် ရွာလွတ်ရွာသားအများစုမှာ ဝမ်းရေးအတွက် ဆေးတံလုပ်ငန်းမှ တခြားလုပ်ငန်းများ ပြောင်းလုပ်ကြရတော့သည်။

“ဒီဘက်ကို နိုင်ငံခြားသားတွေလည်း လာတာနည်းတယ်။ ဒီမှာ လာဝယ်တာ၊ လာမှာတာ မရှိသလောက် နည်းလာပြီ” ဟု ဆေးတံ လုပ်ငန်းမှ ခြံထွက် သီးနှံရောင်းချသည့် လုပ်ငန်း ပြောင်း၍ လုပ်ကိုင်နေရသူ ဒေါ်မိုးခိုင်က ရှင်းပြသည်။

ရွာလွတ်ကျေးရွာတွင် မှီတင်းနေထိုင်ကြသော ထောင်ချီသည့် မိသားစုအားလုံးလိုလိုမှာ လွန်ခဲ့သော ၁၅ နှစ်တာကာလက အဆိုပါ ဆေးတံ လုပ်ငန်းတမျိုးတည်းဖြင့်သာ အသက်မွေးကြသည်။

ယင်းရွာကလေးသည် မွန်ပြည်နယ် ဘီလူးကျွန်းဒေသတွင် လက်မှုလုပ်ငန်းရွာလေး တရွာအဖြစ် ပြည်တွင်း ပြည်ပတွင် နာမည်ကြီးခဲ့သည်။

အဆိုပါ လုပ်ငန်းကို အိမ်တအိမ်ရှိ အိမ်ထောင်ဦးစီးမှ စတင်ကာ အရွယ်ရောက်သော မိသားစုဝင်များပါဝင် လုပ်ကိုင်ရုံမက အလုပ်သမားများ ငှားရမ်း လုပ်ကိုင်ရသည်အထိ မှာယူမှု များပြားခဲ့သည်။ ယင်းလုပ်ငန်း တမျိုးတည်းနှင့် မိသားစုပေါင်းများစွာ၏ စားဝတ်နေရေး ဖူလုံခဲ့သောကြောင့် လက်မှု ကျေးရွာအဖြစ် ရပ်တည် သွားနိုင်မည်ဟု ရွာသူရွာသားအားလုံး ယုံကြည်ခဲ့ကြသည်။

သို့သော် ရွာလွတ်ကျေးရွာမှ ရွာသူရွာသားများအဖို့ ဘ၀ရပ်တည်ချက်များ တစတစ ပျောက်ချင်းမလှ ပျောက်ဆုံး ခဲ့ရသည်။

“လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက တခြားကျေးရွာက လူတွေ ယိုးဒယားဘက်မှာ အလုပ်သွားလုပ် ကြ ပေမယ့် ဒီရွာက လူတွေက ရွာမှာတင်နေပြီး ဆေးတံ လုပ်ငန်းနဲ့ အသက်မွေးနေတာ၊ ဟိုမှာ ပိုက်ဆံပိုရလည်း ဒီလက်မှုလုပ်ငန်းကို မစွန့်ချင်ကြဘူး” ဟု ဒေါ်မိုးခိုင်က ဆိုသည်။

ထိုသို့ ဘဝရပ်တည်မှုကို အာမ မခံနိုင်ဘဲ စားဝတ်နေရေးကို ဖြေရှင်းမပေးနိုင်သည်ထိ ဖြစ်လာသော်လည်း ယင်းဘိုးဘွားပိုင် လုပ်ငန်းကို မစွန့်ပစ်ရက်ဘဲ လုပ်ငန်းကောင်းလာနိုးနှင့် စောင့်ဆိုင်းနေကြသည်မှာ ရွာလွတ်ကျေးရွာရှိ မိသားစုတိုင်းဖြစ်သည်။

“အိမ်လည်း ပြန်ပြင် မဆောက်နိုင်တော့ဘူး။ ငွေပိုငွေလျှံမှ လက်ထဲမရတာ၊ လက်ထဲမှာ ငွေမရှိတာ တရွာလုံးပဲ” ဟု ဒေါ်အုန်းမြင့်က အရောင်တင်ဆီ သုတ်ထားသော ဆေးတံများကို အခြောက်ခံရန် ၀ရံတာကို ထုတ်လာရင်း မကြာခဏ သက်ပြင်းချကာ ပြောသည်။

၂၀၀၇ ခုနစ်လောက်တွင် အိမ်ခြေ ၇၀၀ ကျော်အနက် အိမ် ၂၀ ကျော်လောက်သာ လက်မှုလုပ်ငန်းကို ဆက်လုပ်နေဆဲဖြစ်သော်လည်း အော်ဒါမလာမှုကြောင့် ၂၀၀၉ ခုနစ်တွင် ရွာလွတ်ကျေးရွာ၌ ဆေးတံ လုပ်သည့် အိမ် ၃ အိမ်မျှသာ ကျန်တော့ကြောင်း သိရသည်။

“တော်တော်နဲ့တော့ လုပ်ငန်းကို မရပ်ကြသေးပါဘူး။ ဒါပေမယ့် ဆေးတံတွေ လာလာမှာတဲ့ ပွဲစားတွေက ပြောတယ်၊ ဒီဆေးတံတွေ နိုင်ငံခြားမှာ လုပ်နေပြီတဲ့၊ ကျမတို့က မဖြစ်နိုင်ဘူးလို့ထင်တာ၊ ဒီကဆေးတံကို တအားကြိုက်တာကိုး။ နောက်ပိုင်းကျမှ သူတို့ပြောတာ မှန်နေတယ်။ အဲဒီနောက်ပိုင်း လုပ်တဲ့အိမ် နည်းသွားတာ” ဟု ဒေါ်အုန်းမြင့်က ပြောသည်။

ရွာလွတ်ကျေးရွာမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ရောင်းချသော လက်မှုလုပ်ငန်းများကို တားမြစ်လိုက်ပြီး နောက်ပိုင်း အစိုးရလက်ထဲမှတဆင့် ပြည်ပပို့လုပ်ငန်းအဖြစ် စတင် လုပ်ကိုင်ချိန်မှစ၍ အမှန်တကယ် ၀ယ်ယူလိုသူနှင့် ထုတ်လုပ်သူတို့ အကျိုးအမြတ် နည်းသော်လည်း ကြားမှ တင်ပို့သူများသာအကျိုးအမြတ် ဖြစ်ထွန်း လာကြောင်း သိရသည်။

“ဒီရွာက လက်မှုလုပ်ငန်း ကျွမ်းကျင်တဲ့လူတွေက ယိုးဒယားဘက်သွားပြီး ဟိုမှာတင်လုပ်၊ ဟိုမှာတင် ရောင်း နေကြပြီ၊ အဲဒီတော့ လက်ရာကောင်းလည်း ရတယ်၊ ဈေးလည်း သက်သာတယ်၊ သူတို့ နိုင်ငံထုတ်လည်း ဖြစ်တယ်” ဟု ဦးအောင်ငွေက မိမိရိုးရာယဉ်ကျေးမှု လုပ်ငန်းများ တိုင်းတပါးတွင် သွားရောက် လုပ်ကိုင်နေရပုံကို ရှင်းပြသည်။

ထိုင်းနိုင်ငံ ဘုရားသုံးဆူဘက်တွင် ရှိသော လုပ်ငန်းရှင်များက ပြည်တွင်းရှိ လက်မှုလုပ်ငန်း ကျွမ်းကျင်သူများကို တလလျှင် လစာ ကျပ် တသိန်းနှင့် နှစ်သိန်း ၀န်းကျင် ပေးကာ ၎င်းတို့နိုင်ငံတွင် အလုပ်များပေး၍ စီးပွားရှာ နေကြကြောင်း ထိုင်းနိုင်ငံဘက်သို့ အလုပ်သမား ပို့ဆောင်ပေးသူ တဦးက ဆိုသည်။

“ဒီမှာနေလို့ တလကို တသိန်း မရှာနိုင်ဘူး။ ဟိုဘက်မှာ လုပ်တာကမှ တသိန်းရသေးတယ်၊ ရွာမှာလည်း အလုပ်က မကောင်းတော့ဘူး” ဟု ထိုင်းနိုင်ငံတွင် အလုပ်သွားလုပ်ပြီး ဘီလူးကျွန်း ချောင်းဆုံကျေးရွာသို့ ခဏ ပြန်လည် ရောက်ရှိလာသူ ဦးကျော်စိုးက ပြောသည်။

ဘီလူးကျွန်းတွင် ရွာပေါင်း ၆၀ ကျော်၊ တရွာလျှင် အိမ်ခြေ ရာ မှ ထောင်ဂဏန်းထိရှိပြီး ယင်းရွာများနေ သုံးပုံနှစ်ပုံခန့်သော လူငယ်များမှာ ယိုးဒယား၊ မလေးရှား စသော နိုင်ငံများရှိ ငါးဖမ်းစက်လှေ၊ ငါးစက်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေရကြောင်း စစ်တမ်းကောက်ယူချက်များ အရ တွေ့ရှိရသည်။ ထိုသို့ တဘက်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရသော လူငယ်များထဲတွင် ပညာတတ်များစွာ ပါဝင်နေကြောင်းလည်း စစ်တမ်းများတွင် တွေ့ရသည်။

ရွာလွတ်ကျေးရွာတွင် ဆေးတံလုပ်ငန်း တစတစ ပျက်လာသကဲ့သို့ တခြားရွာများ၏ စီးပွားရေးများလည်း ကောင်း မွန်မှု မရှိသောကြောင့် အရွယ်ရောက်ပြီးသည့် ဒေသခံ မိန်းမယောက်ျားများမှာ တဘက်နိုင်ငံ နယ်စပ်တွင် တလ ကျပ်တသိန်းဝန်းကျင်ဖြင့် အလုပ်ကြမ်းများကို လုပ်ကိုင်နေရကြောင်း ကြားသိရသည်။

မွန်ပြည်နယ်တွင် သုံးပုံတပုံခန့်သာ ကျန်ရှိသော ဆယ်ကျော်သက် မိန်းကလေးများသည် မော်လမြိုင်မြို့ပေါ်ရှိ အရောင်းဆိုင်၊ ဟိုတယ်၊ အင်တာနက်ဆိုင်များသာမက လောင်းကစားရုံများနှင့် စားသောက်ဆိုင်များတွင်ပါ လုပ်ကိုင်လာရကြောင်း ရွာလွတ်ကျေးရွာလူကြီး ဦးနီပုက ဆိုသည်။

“တဘက်နိုင်ငံမှာ အလုပ်သွားလုပ်ချင်တဲ့ လူများတယ်။ တချို့ မိန်းကလေးတွေ ဆိုသွားလုပ်နိုင်ဖို့ စားသောက်ဆိုင်တွေ၊ လောင်းကစားရုံတွေမှာ အလုပ်လုပ်ပြီး ငွေစုနေရတယ်” ဟု သူက ပြောသည်။

ယခုတခေါက်ဆေးတံ အော်ဒါအမှာများလုပ်ကိုင်ပြီးသွားလျှင် နောက်တခေါက် အမှာ မည်သည့် အချိန်တွင် လာမည်ကို မပြောနိုင်ကြောင်း ဒေါ်အုန်းမြင့်၏ ခင်ပွန်း ဦးထွန်းခင်က ဆိုသည်။

“အမှာမရှိရင် စားဖို့အတွက် ဈေးရောင်းမယ်၊ လုံးဝအမှာမရှိတော့လည်း သေတဲ့အထိ စောင့်ရင်း လုပ်ရမှာပဲ” ဟု ၎င်းက ကုန်ကြမ်း သစ်များကို ပုံသွင်းရင်း ပြောသည်။

လှေဆိပ်မှ ချောင်းဆုံကျေးရွာသို့ တက်လိုက်သည်နှင့် ဆိုင်ကယ်သမား၊ မြင်းလှည်းသမားများ၏ “ဆေးတံ လုပ်တဲ့ ရွာလွတ်ကို သွားမှာလား” ဆိုသော မေးခွန်းမှာ ယခင်အတိုင်းသာ ဖြစ်သော်လည်း ရွာလွတ်ကျေးရွာ ကတော့ ယခင်အတိုင်း မဟုတ်နိုင်တော့ပေ။



No comments: