မန္တလေးမြို့မှ ထင်ရှားသော စာရေး ဆရာမကြီး လူထု ဒေါ်အမာ အထိမ်းအမှတ် ပန်းပု ကျောက်စာတိုင် ကို ပြင်ဦးလွင်မြို့ရှိ စိမ်းလန်း အေးခြံ အတွင်း ယခုလ (၄) ရက်နေ့တွင် စိုက်ထူပြီး စီးသွား ပြီဖြစ်သည်။လူထုဒေါ်အမာ၏သား စာရေးဆရာညီပုလေးက “အမေ့ရဲ့ မိတ်ဆွေတွေ ဦးစီးပြီး ပြုလုပ်ပေးလိုက်ကြတာပါ။ စိမ်းလန်းအေးဆိုတာ အမေအနားယူလေ့ရှိတဲ့ မေမြို့က ခြံလေးပါ။ အမေနောက်ပိုင်းမှာ အနေများခဲ့တဲ့ ဒီခြံလေးထဲမှာ အထိမ်းအမှတ်လေးတခု ရှိစေချင်တယ်ဆိုပြီး ဒေါက်တာကျော်ကျော်မင်းနဲ့ ကိုမင်းရာတို့က အဓိက ဦးဆောင်လုပ်ခဲ့ကြတာပါ” ဟု ပြောသည်။
လူထုဒေါ်အမာအထိမ်းအမှတ် တာရာဇို ပန်းပုကျောက်စာတိုင်သည် အမြင့် (၁၁) ပေ (၁) လက္မရှိကာ ဆရာမကြီး ရေးသားထုတ်ဝေခဲ့ဖူးသော သတင်းစာ၊ ဂျာနယ်၊ စာအုပ်တို့ကို ကျောက်တိုင်အောက်ခြေပိုင်းမှ အပေါ်သို့ ထပ်ဆင့်စီထားပြီး အပေါ်ပိုင်းတွင် အထက်သို့တိုးဝှေ့ပျံနေသည့် ဒေါင်းအမှတ်အသားများ ပါရှိသည်။
နေမင်းကို ကိုယ်စားပြုသည့် ဒိုးယိုပေါက်အ၀ိုင်းတခုပါရှိပြီး ထိုအ၀ိုင်းပေါက် အောက်ဘက်တွင် ဟံသာဝတီဦးဝင်းတင်က လူထုဒေါ်အမာအတွက် ရည်စူးရေးသားထားသည့် “ခြေတလှမ်း ကျမ်းတစောင် နှစ်တစ်ထောင် ခရီးပြင်း၊ ရွှေဒေါင်းတောင် စိန်ကလောင်နဲ့ တောင်ကိုဖြိုမည့် မြစ်တစ်စင်း” ကဗျာကို ဦးဝင်းတင်၏ လက်ရေးမူအတိုင်းဖော်ပြထားပြီး အခြားတဖက်တွင် အဆိုပါကဗျာစာသားကို ဆရာလူထုစိန်ဝင်းက ဘာသာပြန်ပေးထားသည့် အင်္ဂလိပ်ဘာသာပြန်ဆိုချက်ပါရှိသည်။
ထိုအထိမ်းအမှတ် ပန်းပုကျောက်တိုင်ကို ဦးအေးမြင့် (အမရပူရ) က ဒီဇိုင်းထုတ်ပေးခဲ့ပြီး ပန်းပုဆရာ စူးမြင့်သိန်း (အလင်းတံခါး) က မော်ဒန်အမြင်ဖြင့် ထုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(၂၉-၁၁-၁၉၁၅) ခုနှစ်တွင် မွေးဖွားခဲ့ပြီး (၇-၄-၂၀၀၈) ခုနှစ်တွင် ကွယ်လွန်ခဲ့သည့် စာရေးဆရာမကြီး လူထုဒေါ်အမာသည် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ရိုးရာဓလေ့ထိန်းသိမ်းရေးတို့အတွက် အစဉ်တစိုက် ဆော်သြလှုပ်ရှား၍ စာပေရေးသားခဲ့သူဖြစ်သည်။
No comments:
Post a Comment