Wednesday, December 23, 2009

ဒေါ်စု နေအိမ်ပြင်နေမှုကို အကိုရင်းဖြစ်သူက ကန့်ကွက်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၀၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်က ရန်ကုန်တိုင်း မြို့တော် စည်ပင်သာယာတွင် ကန့်ကွက်ခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ကို ပြင်ဆင်နေခြင်းအား အကိုအရင်း ဖြစ်သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်က ယခုလ ၁၅ ရက်နေ့၌ မြို့တော် စည်ပင်သာယာရေးတွင် နှုတ်ဖြင့် ကန့်ကွက်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုယ်စားလှယ် ဆိုသူတယောက်က သဘောမတူကြောင်း မြို့တော်စည်ပင်မှာ လာပြောသွားတယ်။ နှုတ်နဲ့ပဲ ပြောသွားတယ်လို့ ကျနော်တို့ သတင်းရတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

အပေါ်ထပ်ရှိ ဝရန်တာတွင် အုတ်စီ၊ အခန်းဖွဲ့ခွင့်အား ယခင်လလယ်ခန့်မှ စ၍ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အပြီးသတ်ပြင်ရန် ခွင့်ပြုပြီး ဖြစ်သဖြင့် အိမ်ပြင်နေမှုအား ရပ်တန့်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ယောက် ဖွားမြင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆၀ ခုတွင် အိန္ဒိယနိုင်ငံတွင် မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှ တဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် လုံခြုံရေး စိတ်မချရတော့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သည်။

ယခုလ ၂၁ ရက်နေ့ကလည်း အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်အဖြစ် ဦးစိုးဝင်းနိုင်က ရန်ကုန်တိုင်း တရားရုံးချုပ်တွင် အိမ်ပြင်ခြင်းကို ကန့်ကွက်သည်ကြောင်း စာတင်ထားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခင်ကလည်း ဦးအောင်ဆန်းဦးက အမွေ ရထိုက်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သည်။ နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောခဲ့သည်။

သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။

၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသည့် သက်သေများကို စစ်ဆေးရမည့် အဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သက်သေများ တွေ့ခွင့် မရခဲ့ဘဲ အမှုကို ရပ်ထားခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရုံးချိန်းများသာရှိနေပြီး စစ်ဆေးခြင်းမရှိပေ။

No comments: