Friday, December 25, 2009

နအဖစစ်အစိုးရ ဘတ်ဂျက်အတွက် ပြင်ဆင်၊ ၀န်ထမ်းလစာ စာရင်းများကောက်

အောင်ထက်/ ၂၅ ဒီဇင်ဘာ ၂၀၀၉

လက်ရှိ အစိုးရ၀န်ထမ်းများ၏ လစာနှင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ ထုတ်ပေးရေးကိစ္စအတွက် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စာရင်းဇယားများ ပြုစုနေကြောင်း သိရသည်။

ရန်ကုန်မြို့နှင့် နေပြည်တော်အပါအ၀င် တိုင်းနှင့်ပြည်နယ်အားလုံးမှ လက်ရှိ တာဝန်ထမ်း ၀န်ထမ်းများ၏ အမည်စာရင်းများကို နေပြည်တော်၊ ၀န်ကြီးဌာနအသီးသီး၏ ၀န်ထမ်းရေးရာဌာနများမှတဆင့် နေပြည်တော်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ ဒီဇင်ဘာ တတိယပတ်ကတည်းက ပေးပို့လျက်ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အရာထမ်းတဦးက အတည်ပြု ပြောကြားသည်။

ဝန်ကြီးဌာနများ၌ စာရင်းရှိနေသည့် ၁၉၇၀ မှ ၂၀၁၀ ခုနှစ်အတွင်း အငြိမ်းစားယူခဲ့သည့် ၀န်ထမ်းဟောင်းများ၏ အမည်စာရင်း များကိုလည်း တပေါင်းတည်း ပေးပို့နေရကြောင်း သိရသည်။

ယခုကဲ့သို့ စီစဉ်ခြင်းသည် လက်ရှိတာဝန်ထမ်း ၀န်ထမ်းများကို မူလလစာငွေအပြင် ရှားပါးစရိတ် ထပ်မံပေါင်းပေးရန်နှင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေကို တပေါင်းတည်း အပြတ်ထုတ်ပေးရန် အစီအစဉ်ရှိနေသည်ဟု အရာရှိကြီးများက အရာထမ်းများအား ယခုလ ဒုတိယပတ်အတွင်း၌ ခေါ်ယူအသိပေးခဲ့ကြောင်း ၀န်ကြီးဌာနတခုမှ အရာထမ်းတဦးက ပြောသည်။

အဆိုပါဌာနများမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ စက်မှု (၁) ၀န်ကြီးဌာန၊ စက်မှု (၂) ၀န်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စာရင်းစစ် အရာရှိဟောင်းတဦးက “နောင်အစိုးရ တက်လာရင် ဘတ်ဂျက်အသစ် ရေးဆွဲပြီး ပြန်စရမယ်လေ။ ဒါကြောင့် လက်ရှိအစိုးရ ဘတ်ဂျက်ကို နောက်အစိုးရ လက်ထဲမထည့်ချင်လို့ အခုကတည်းက တွက်ချက်ပြီး ပေးမယ်ထင်တယ်” ဟု ပြောသည်။

မီးရထားဝန်ကြီးဌာနမှ အရာထမ်းတဦးကလည်း “ကျနော်တို့ဝန်ကြီးဌာန တာဝန်ရှိသူတွေ အလှည့်ကျ နေ့၊ ည တာဝန်ထမ်း နေရတာ (၂) လကျော်နေပြီ။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ဘတ်ဂျက်တွေ အရင်ရှင်းလင်းပေးရမယ်။ ဒါကြောင့် စာရင်းဇယားပိုင်း တွေရော၊ စက်ရုံ၊ အလုပ်ရုံ ၊ လမ်းပိုင်း ပရောဂျက်တွေအကုန် ဖြတ်ပေးရမယ်လို့ ၀န်ကြီးက မှာထားတယ်” ဟု ပြောသည်။

လက်ရှိ အခြေအနေတွင် ပုဂ္ဂလိကသို့ လေလံပစ်လိုက်သော အမှတ် (၁) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံအချို့နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ အောင်ဆန်း ပုံနှိပ်စက်ရုံတို့ကို လုံးဝပိတ်လိုက်ပြီဖြစ်သည်။

အဆိုပါပိတ်လိုက်သည့် စက်ရုံများမှ (၅၅) နှစ်နှင့်အထက် ၀န်ထမ်းများနှင့် စက်မှု (၂) ၀န်ကြီးဌာန လက်အောက်ရှိ ပန်းတောင်း စက်ရုံ၊ မလွန်စက်ရုံတို့မှ ၀န်ထမ်းများအား အငြိမ်းစားပေးနေပြီဖြစ်သည်။

No comments: