Saturday, December 26, 2009

ဝင်းဖနုံဆည်ရေ မြစ်ချောင်းများထဲစီးဆင်းနေ

ကောင်းဝါ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝင်းဖနုံဆည်မှ နွေစပါး ရေပေးဝေနည်း စံနစ်မှာ ရေနုတ် မြောင်းများ မကောင်းသည့် အတွက် လိုရာအရောက် မပို့နိုင်ဖြစ် နေပြီး အဘစ်ချောင်းနှင့် အခြား ချောင်းငယ်များမှ တဆင့် ပင်လယ် ထဲသို့ စီးဆင်းနေ သည်ဟု ဒေသခံများ ပြောဆို နေကြ သည်။

မြို့နယ်စိုက်ပျိုးရေးမန်နေဂျာတစ်ဦးက“ဒီရေနုတ်မြောင်းတွေလုပ်ထားတဲ့နည်းစနစ်မမှန်ကန်လို့ သဘာဝအလျောက် ရေတွေက သူ့သွားလမ်းပေါ် မရောက်နိုင်ဘူး” ဟုဆိုပါသည်။

ယမန်နေ့ထုတ်မြန်မာ့အလင်းသတင်းစာဖေါ်ပြချက်အရ လွန်ခဲ့သည့်ဒီဇင်ဘာ ၄ ရက်နေ့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်း ထုံမန်းရွာရေနုတ်မြောင်းတူးဖေါ်နေမှုကို လာရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

ရေနုတ်မြောင်းတူးဖေါ်နေသည့် ယန္တရားစက်များမှာလည်း ရွံ့ဗွက်ထူနေသည့်လယ်ကွက်များသို့ သွားရောက်မတူး ဖေါ်နိုင်ပေ။ လူသွားလမ်းအနီးတဝိုက်၌သာ တူးဖေါ်ပြုလုပ်နိုင်သည်။ အများအားဖြင့် လူအင်အားကိုသာ အသုံးချ ခဲ့ရသည်ဟု ဆိုကြသည်။

အဆိုပါ ပင်မရေနုတ်မြောင်းသည် လယ်ကွင်းမြေကွက်ထက်မြင့်မားစွာ တည်ရှိနေသည်ကို ရန်ကုန်-ထားဝယ် ရထားပေါ်ကတဆင့် မြင်တွေ့နိုင်သည်။ ထိုအတူ ကန်ဘောက်-မြိုင်ကလေးဂက်စ်ပိုက်လိုင်းကိုလည်း ယင်းရေနုတ် မြောင်းနှင့်ယှဉ်လျှက် မြုပ်တစ်ချီပေါ်တစ်လှည့် ဖြစ်နေသည်ကို တွေ့ရှိရပေမည်။

တဖန် မိုးရာသီကာလများ၌ အချို့နေရာများတွင် အဆိုပါဂက်စ်ပိုက်လိုင်းကိုလည်း ရေတွင်ပေါလောပေါ်နေသည်ကို တွေ့မြင်ရပေမည်။ ရေအနိမ့်အမြင့်အတိုင်း စပါးခင်းများပေါ် ဂက်စ်ပိုက်လိုင်းရွေ့လျားနေသည်။ မြေတူးစက်များ မရောက်နိုင်သည့်ရွံ့နွံများ ထူပြောနေသည့်အတွက် ယခုတိုင်မြှုပ်နှံထားရှိခြင်း မပြုလုပ်နိုင်သေးပေ။

အနေအထားအရ ဝင်းဖနုံဆည်သည် မုဒုံ-မော်လမြိုင် မော်တော်ကားလမ်းနှင့် မီးရထားလမ်းအရှေ့ဖက်ခြမ်းတွင် ရှိပြီး နွေစပါးစိုက်ပျိုးမည့် လယ်မြေများမှာ ထိုလမ်းများ၏ အနောက်ဖက်ခြမ်းတွင် တည်ရှိနေကြသည်။

ဆည်စတင်ဖောက်လုပ်ခဲ့စဉ်မှ ယခုထက်တိုင် နွေစပါးစိုက်ပျိုးမှုအောင်မြင်ခဲ့သည်ဟု ပြောဆိုသူများမရှိခဲ့ပေ။ ဤဒေသစိုက်ပျိုးမြေသည် ရေနက်စိုက်ကွင်းဖြစ်ပြီး မိုးရာသီ၌ မကြာခဏရေလွှမ်းတတ်သည့် နေရာဖြစ်နေသည်။

ထို့အတူ မိုးရာသီမှပိုလျှံရေများကို ဆည်မှထပ်မံလွှတ်ချနေရသဖြင့် ယင်းလယ်မြေများတွင် မိုးစပါးပျက်စီးဆုံးရှုံး မှုနှုန်း တစ်နှစ်ထက်တစ်နှစ်ပိုများလာပြီး ယခုနှစ်တွင် ဒေသခံလယ်သမားများ ဝမ်းစာမလောက်နိုင်တော့ဟု ဆိုကြသည်။

တနည်းအားဖြင့် ဆောင်းရာသီ၌ ရာဘာခြံလုပ်ငန်းများရှိကြသဖြင့် ခံသာနေသေးသည်ဟု ပြောဆိုသံအချို့ ကြားသိ နေကြရသည်။ ဒေသခံများမှာ မိုရာသီ၌ မိုးစပါးနှင့် ခြောက်သွေ့ကာလတွင် ရာဘာကို အဓိကထားကြသည်။ နွေစပါးမှာအထွက်နှုံးနည်းပြီး ပင်ပမ်းဆုံးရှုံးမှုသာ ဖြစ်ပေါ်စေခဲ့သဖြင့် ဖြစ်နိုင်လျှင်မည်သူမှ မလုပ်လိုကြပေ။

သို့ရာတွင် အာဏာပိုင်များသွားရောက်ကြည့်ရှုတတ်သည့် လမ်းမဝဲယာရှိလယ်ကွက်များမှာ မဖြစ်မနေစိုက်ကြရ မည်ဟု သက်ဆိုင်ရာရယကမှတဆင့် မုဒုံမယကတို့ ညွှန်ကြားထားသည်ဟု သိရသည်။ ဆည်စတင်ဖွှင့်လှစ်စဉ်က ယခုတိုင် နွေစပါးအချိန်မီစိုက်ပျိုးရေး သတ်မှတ်လယ်မြေများသို့ ရေပေးဝေနိုင်ရန် ရေနုတ်မြောင်းများ စနစ်တကျ ပြုလုပ်ထားရှိခြင်းကိုလည်း မတွေ့ရှိရသေးပါ။

အဆိုပါရေနုတ်မြောင်းများမှာ သက်ဆိုင်ရာကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြုလုပ်ခဲ့ကြရသည်ဟု ရွာသား များ ပြောဆိုခဲ့ကြသည်။ လူအားဖြင့်လုပ်အားပေးခြင်းအပြင် မထည့်မနေရ ငွေကြေးထည့်ဝင်ခြင်းများလည်း ရှိခဲ့ကြသည်။

ဝင်းဖနုံဆည်ကို နွေစပါးစိုက်ပျိုးရေးအတွက်ဆိုကာ ၁၉၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဆည်ဖွင့်ပွဲပြုလုပ်ခဲ့သည်။

၎င်း ဆည်နှင့် လုံခြုံရေးအတွက်အမြောက်တပ် မြေဧရိယာအတွက် ဒေသခံ မွန်အမျိုးသားတို့၏ ဘိုးဘွားပိုင်ရာဘာ ခြံဧက ထောင်နှင့်ချီ၍ စစ်အစိုးရမှ သိမ်းယူခဲ့သည်။ မည်သည့်လျှော်ကြေးမီလည်း ပေးဆပ်ခဲ့ခြင်း မရှိပါ။

ဝင်းဖနုံဆည်ကို ဒေသခံတို့၏လိုအပ်ချက်အရ တည်ဆောက်ခဲ့ခြင်းမဟုတ်သည့်အတွက် မည်သို့မျှ အကျိုးဖြစ်ထွန်း မှုများ မတွေ့ရှိခဲ့ရသေးပေ။ ယင်းဆည်ရေဖြင့် အနီးရှိရွာများသို့ သုံးရေဖြန့်ဝေပေးခြင်း သို့မဟုတ် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သုံးစွဲခြင်းလည်း မပြုနိုင်သေးပေ။ နွေစပါးစိုက်ပျိုးရေးအတွက်လည်း မအောင်မြင်ခဲ့သဖြင့် သတ်မှတ် အတိုင်းအတာထက် ပိုလျှံလာသောရေများကို နီးစပ်ရာမြစ်ချောင်းများသို့ စီးဆင်းစေခြင်းဖြင့်သာ စီမံကိန်းကို အကောင်အထည်ဖေါ်နေကြသည်။

No comments: