Friday, December 25, 2009
မီဒီယာကို ဒီမိုကရေစီ ဇာတ်သွင်းခြင်း
သိကြပြီးသား ဖြစ်တဲ့အတိုင်း မီဒီယာတွေရဲ့ အလုပ်ဟာ ပြည်သူလူထုကို သတင်း အမှန်၊ ဖြစ်ရပ် အမှန်တွေ သိရအောင် တင်ပြ ဖော်ပြပေးဖို့ ဖြစ်သလို ပြည်သူ လူထုဘက်က ရပ်တည်ဖို့၊ ပညာပေးဖို့၊ ဖြေဖျော်ဖို့လည်း တာဝန်ရှိပါတယ်။
အစဉ်အလာ ပုံစံအရတော့ သတင်းဌာနတွေရဲ့ သတင်းထောက်တွေ၊ အစီအစဉ် တင်ဆက်သူတွေက သူတို့ တာဝန်ယူထားတဲ့ နယ်ပယ်မှာ ဖြစ်ပျက်နေတာတွေထဲက သတင်းဖြစ်နိုင်တဲ့ အဖြစ်အပျက်တွေကို စုဆောင်း မေးမြန်းရေးသားပြီး သတင်းအဖြစ် ပုံနှိပ်ဖော်ပြ ဒါမှမဟုတ် ထုတ်လွှင့် ပြသ ပေးကြရပါတယ်။ တီဗီ သတင်းဌာနတွေကတော့ အဖြစ်အပျက်တွေကို ရိုက်ကူး တင်ပြကြပါတယ်။ တီဗီ ဂျာနယ်လစ်ဇင်ပေါ့လေ။
သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ သတင်းဖြစ်ရပ်ကို ဖန်တည်းတဲ့ပုံစံ၊ တင်ပြတဲ့ ပုံစံတွေလည်း တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ စာအုပ်စာတမ်း၊ သတင်းစာတွေနဲ့ ရေးသားတင်ပြကြသလို ဗီဒီယိုနဲ့လည်း ရိုက်ကူးတင်ပြကြပါတယ်။ ဖြစ်ရပ်မှန် မှတ်တမ်းတင် ရုပ်ရှင်ကား (Documentary film) ရိုက်ကူးသူ၊ ထုက်လုပ်သူတွေလည်း အများကြီး ပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းပုံစံတခုအဖြစ်တောင် လုပ်ကိုင်လာကြပါပြီ။
ရိုးရိုးသတင်း ရေးသားတင်ပြမှုမှာ သတင်းစာတိုက်တွေက ခန့်အပ်ထားတဲ့ သတင်းထောက်တွေက သတင်းလိုက်ပြီး ရေးသားတင်ပြရာက သာမန်ပြည်သူလူထုကလည်း သူတို့ တကယ်တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို စုံစမ်းမေးမြန်း ဓာတ်ပုံရိုက်ပြီး သတင်းဌာနတွေကို ပေးပို့တာကို သတင်းဌာနတွေက လက်ခံလာတဲ့အတွက် သာမန်ပြည်သူလူထုကလည်း စိတ်ဝင်စားမယ်ဆိုရင် ကိုယ့်ကိုယ်ကို သတင်းထောက်တွေအဖြစ် သဘောထား လုပ်ကိုင်ဆောင်ရွက်ခွင့် ရလာပါတယ်။ စီတီဇင်ဂျာနယ်လစ် (Citizen journalist) ပေါ့လေ။ အခု ကျနော် ရေးသားတင်ပြမှာက အမေရိကန် ပြည်ထောင်စုက မှတ်တမ်းတင် ရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်တဲ့ စတီဗင်စတား (Steven Starr) ရဲ့ ဂျာနယ်လစ်ဇင်ပါ။ အဲဒါကတော့ ဒစ်ဂျစ်တယ်လ် အွန်လိုင်း (Digital on-line) စင်မြင့်ကနေ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာကို သာမန်ပြည်သူလူထုတွေရဲ့ ပါဝင်ဆောင်ရွက်မှု အကူအညီရယူပြီး ဗီဒီယိုမှတ်တမ်းတင် ရုပ်ရှင်ဖန်တည်းထုတ်လုပ်တဲ့ နောက်ဆုံး မီဒီယာထုတ်လုပ်မှု ပုံစံပါ။
အဲဒီမီဒီယာထုတ်လုပ်မှု ပုံစံမှာ အကြောင်းအရာ ဖန်တည်းထုတ်လုပ်သူတွေအနေနဲ့ အလှမ်းဝေးတဲ့ ဒါမှမဟုတ် သွားဖို့မဖြစ်နိုင်လောက်တဲ့ နေရာဒေသတွေကိုသွားပြီး ရိုက်ကူးနေစရာ မလိုတော့ပါဘူး။ အဲဒီဖန်တည်းမှု လွတ်လပ်မှုဟာ အကုန်အကျလည်း မများပါဘူး။ တခုတည်းသော မရှိမဖြစ်ရှိရမယ့် အရာကတော့ ပါဝင်ဆောင်ရွက်လာမယ့် သူတွေဆီက ရိုက်ကူးထားတဲ့ ဗီဒီယိုကားပိုင်းတွေကို လက်ခံနိုင်လောက်အောင်ဆန့်တဲ့ တတ်နိုင်မယ့် ပမာဏ ဘင်းဝစ်သ် (Bandwidth) ရှိတဲ့ ဝဘ်ဆိုဒ် (Website) မီဒီယာစင်မြင့်တခုပါပဲ။
စတား (Starr) က ဘန်ကောက်ပို့စ် သတင်းစာရဲ့ အောက်လွတ် (Bangkok Post; Outlook) ကို ပြောကြားရာမှာ သူနောက်ရိုက်ကူးမယ့် မှတ်တမ်းတင် ရုပ်ရှင်မှာ သူရဲ့ ထုတ်လုပ်ရေးအဖွဲ့ (Production Team) ကို တည်းဖြတ်စုစည်း ဆက်စပ်ပေးဖို့ ဘယ်သူမဆို သူတို့ ရိုက်ကူးထားတဲ့ ဗီဒီယိုကားပိုင်းတွေကို ပေးပို့နိုင်တဲ့ အကောင်အထည်မဲ့ စတူဒီယိုတခုမှာ တစိတ်တပိုင်း ထုတ်လုပ်ကောင်း ထုတ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။ သူက “အဲဒီနည်းစနစ်က ဒါရိုက်တာရဲ့ အမြင်မပါတာမျိုး မဖြစ်ပါဘူး။ ဒါရိုက်တာကတော့ ရုပ်ရှင်ကားပိုင်းကို နောက်ဆုံး ရွေးချယ်တဲ့သူ ဖြစ်နေတာပါပဲ။ တကယ်လို့ ကျနော်တို့ လိုချင်တဲ့ ရုပ်ရှင်ကားပိုင်းကို မရရင် ကျနော်တို့က ထွက်ပြီး ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ရိုက်ရမှာပါပဲ။ ခင်ဗျားတို့ကို အလုပ်လုပ်ပေးမယ့်သူတွေ အများကြီးရှိနေတဲ့အတွက် အများကြီး အထောက်အကူ ရမှာဖြစ်သလို တကယ်လို့ ရုပ်ရှင်ထဲမှာ သူတို့ရိုက်ကူးထားတဲ့ ကားပိုင်းကို သုံးမယ်ဆိုရင်လည်း သူတို့ဟာ အဲဒီအတွက် အဖိုးအခရမှာပါ။ သူတို့ကို အသိအမှတ်ပြုရုံသာ မဟုတ်ဘဲ သူတို့ ရိုက်ကူးထားတဲ့ ကားပိုင်းအတွက်လည်း အဖိုးအခ ဆုကြေး အသေအချာရရမှပါ။” လို့ ဆိုပါတယ်။
အဲဒီမီဒီယာထုက်လုပ်မှု ပုံစံသာ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကျော်က ရှိနေခဲ့ရင် Flow: for love of water ကို ရိုက်ကူးခဲ့တဲ့ သူနဲ့ ဆာလီနာ (Salina) တို့ အနေနဲ့ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တောင်အာဖရိက၊ ဘိုလီးဘီးယားနဲ့ တခြားနေရာဒေသတွေကို ခရီးထွက်ပြီး ၅ နှစ်လောက် အချိန်ကုန်ခံနေစရာလိုမယ် မဟုတ်ဘူးလို့ သူက ပြောပါတယ်။ ကျနော်တို့အနေနဲ့ လေယာဉ်ပေါ်တက်ခဲ့ရ၊ ကမ္ဘာတဝှမ်းသွားခဲ့ရတဲ့အတွက် ရုပ်ကြွင်းလောင်စာဆီတွေကို လောင်မြိုက်ပစ်စရာ၊ ကာဘွန်ဓာတ်တွေ ထုတ်လွှတ်အောင် လုပ်နေစရာ မလိုပါဘူး။ ကျနော်တို့အစား ကျနော်တို့အတွက် အလုပ်လုပ်ပေးမယ့် ဒေသခံ မီဒီယာဖန်တည်းသူတွေ ရှိနေမှာပဲ။
ကျနော်တို့က “Maude Barlow (Flow မှာ ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့တဲ့ ထင်ရှားတဲ့ ကနေဒီယန် တက်ကြွလှုပ်ရှားသူ) တယောက် ဒီည ကနေဒါလွှတ်တော်မှာ မိန့်ခွန်းပြောလိမ့်မယ်။ ကျေးဇူးပြုပြီး သူမကို သွားပြီး တွေ့ဆုံမေးမြန်းကြည့်ပေးပါ။” လှမ်းပြီး မေတ္တာရပ်ခံလိုက်ရုံပါပဲ။ ဘိုလီးဘီးယားက ခိုချာဘင်ဘာ (Cochabamba) မှာ လမ်းပေါ်တိုက်ခိုက်မှုတွေ ဖြစ်လာမယ်ဆိုရင် အဲဒီကို သွားပြီး လမ်းပေါ်တိုက်ခိုက်မှု သတင်းယူ ရိုက်ကူးပြီး အဲဒီကားပိုင်းကို ကျနော်တို့ဆီ ပို့ပေးပါဗျာလို့ တယ်လီဖုန်းဆက်လိုက်လို့ ရပါတယ်” လို့ သူက ပြောပါတယ်။
တကယ်တော့ ဖန်တည်းမှု ကွန်ယက်ကို ဖြန့်ဝေပေးတာ၊ ဗဟိုပြုမှုကို လျှော့ချတာဟာ သူ့ရဲ့ ဖြစ်နိုင်မှုတွေအရ ပြောရရင် အံ့အားသင့်စရာ ကောင်းပါတယ်။ သတင်းစီးဆင်းမှု အုပ်စီးထားမှု တနည်းအားဖြင့် ပုံမှန်အတိုင်းဆိုရင် စုပေါင်းသတင်းဌာနကြီးတွေ ထိန်းချုပ်ထားတဲ့ နယ်ပယ်ကြီးတခုကို ချိုးဖျက်ပစ်လိုက်တာပါပဲ။ ပုံမှန်သတင်းရယူမှုမျိုး မဟုတ်ဘဲ “လူစုလူဝေးရင်းမြစ် သတင်းအချက်အလက် ရယူခြင်း” (Crowd sourcing) နဲ့ “တွဲဖက်ဖန်တည်းခြင်း” (Co-creation) ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ စတားဟာ ၁၉၉၁ ခုနှစ်မှာ ရုပ်ရှင်နဲ့ တီဗီရှိုးဖန်တည်းမှု လောကထဲကို စတင်ဝင်ရောက်လာခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ မီဒီယာဖန်တည်းမှု ဒီမိုကရေစီ ကျင့်သုံးလွတ်လပ်စေဖို့ ဇောက်ချဆောင်ရွက်ခဲ့ပါတယ်။
သူဟာ အသုံးပြုတွေကိုယ်တိုင် ကိုင်ကိုင်တွယ်ဆောင်ရွက်ရတဲ့ ဝဘ်ဆိုဒ်တွေနဲ့ လွတ်လပ်တဲ့ ဖန်တည်းသူတွေအနေနဲ့ ကြီးမားတဲ့ စတူဒီယိုကြီးတွေဆီက ငွေကြေးအပေါ်မှာ မှီခိုနေစရာမလိုဘဲ ကိုယ့်လက်ရာတွေကို တည်းဖြတ်လို့ရတဲ့ Uprizer နဲ့ Revver လို အွန်လိုင်းစင်မြင့်တွေကို တည်ထောင်ပေးခဲ့ပါတယ်။ Uprizer ဟာ လွတ်လပ်တဲ့ ဖန်တည်းသူတွေအတွက် ကုန်ကျစရိတ်မဲ့ ဘင်းဝစ်သ် (Bandwidth) ဖြစ်ပြီး Revver ကတော့ You Tube နဲ့ My Space တို့ ထက်သေးငယ်တဲ့ အွန်လိုင်းဖန်တည်းသူတွေအတွက် ဈေးကွက်နေရာတခု ဖြစ်ပါတယ်။ သူက ဒစ်ဂျစ်တယ် အကြောင်းအရာ ဖန်တည်းသူတွေကို ဆုကြေးငွေပေးအပ်နိုင်စေဖို့နဲ့ ကြော်ငြာအခွန်တွေကို မျှဝေခံစားဖို့ ဖန်တည်းသူ ဗဟိုပြု စီးပွားရေး လုပ်ငန်းပုံစံတွေကို အခွင့်အလမ်းအနေနဲ့ ပေးအပ်ပါတယ်။
စတား (Starr) ရဲ့ အဆိုအရတော့ သူ့ရဲ့ မီဒီယာအမျိုးအစားဟာ “အောက်ခြေ လူတန်းစားမီဒီယာ” ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အဲဒါဟာ မီဒီယာတက်ကြွလှုပ်ရှားသူတွေက ခေတ်ရေစီးကြောင်း မီဒီယာ အထူးသဖြင့် သတင်းကော်ပိုရေးရှင်းကြီးတွေက လူမှုဆိုင်ရာ အကြောင်းအရာတွေမှာ အဘက်ဘက်က ပြည့်စုံမျှတပြီး ပိုင်းခြားစိတ်ဖြာမှုရှိတဲ့ အကြောင်းအရာတွေကို မပေးအပ်နိုင်ဘူးဆိုတာကို တွေ့ရှိလာခဲ့ကြတဲ့အချိန် ၁၉၉၉ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ လွတ်လပ်တဲ့ အကြောင်းအရာဖန်တည်းသူတွေရဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်း မီဒီယာဟာ အမြဲတမ်း အမီလိုက် သိမြင်နားလည်အောင် လုပ်နေရတဲ့ လှုပ်ရှားဆောင်ရွက်မှုပါ။ အဲဒီအချိန်က ခေတ်ရေစီးကြောင်း မီဒီယာဟာ အကြောင်းအရာတခုနဲ့ ပတ်သက်ပြီး အဆက်အစပ် တခုလုံးကို လူထုနားလည်ဖို့ မလုံလောက်တဲ့ ပိုင်းခြားစိတ်ဖြာမှုမဲ့ အပေါ်ယံကျလွန်းတဲ့ သတင်းပေးပို့ ဖော်ပြမှုကိုပဲ လုပ်နိုင်ခဲ့ပါတယ်။
သတင်းအကြောင်းအရာတွေရဲ့ ချို့ယွင်းအားနည်းချက်တွေပေါ်မှာ အားမလိုအားမရ ဖြစ်နေကြတဲ့ အောက်ခြေလူတန်းစား မီဒီယာ တက်ကြွလှုပ်ရှားသူတွေက သတင်းအကြောင်းအရာတွေရဲ့ တခြားတဖက်ကိုပါ သိမြင်သွားစေနိုင်တဲ့ သတင်းဦးတွေနဲ့ ပိုင်းခြားစိတ်ဖြာမှုပါတဲ့ သတင်းတွေ ပေးပို့နိုင်ဖို့အတွက် ပထမဆုံး လွတ်လပ်တဲ့ မီဒီယာစင်တာတခုကို အမေရိကန် ပြည်ထောင်စု ဆီယက်တဲလ် (Seattle) မြို့မှာ တည်ထောင်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ အမေရိကန် ပြည်ထောင်စုမှာ လွတ်လပ်တဲ့ မီဒီယာစင်တာ ၂ဝဝ ရှိနေပါပြီ။ မကြာသေးတဲ့ လပိုင်းလောက်ကပဲ Starr က ပါဝင်ဆောင်ရွက်ခွင့်ရှိ ရုပ်ရှင်ပရောဂျက်တခုအတွက် လူတိုင်းက အကြောင်းအရာ ဖန်တည်းရိုက်ကူးပေးပို့နိုင်ဖို့ website ကို တင်ထားပေးခဲ့ပါပြီ။ www.citizenglobal.com ပါ။ စိတ်ဝင်စားသူတွေ လေ့လာနိုင်ပါတယ်။
အခု ကျနော် အဓိကရေးသားတင်ပြလိုက်တာက မီဒီယာကို ဒီမိုကရေစီဇာတ်သွင်း၊ လွတ်လပ်အောင် ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံသား စတီဗင်စတား (Steven Starr) ရဲ့”အောက်ခြေလူတန်းစား မီဒီယာ” ရဲ့ သဘောသဘာဝ ဖြစ်ပါတယ်။ ကျနော်တို့ဆီက မီဒီယာသမားများနဲ့ မီဒီယာလုပ်ငန်းကို စိတ်ဝင်စားကြတဲ့ သူများအတွက် သူတို့ကတော့ ဟောဒီလို လုပ်နေကြပြီဆိုတဲ့ သတင်းအချက်အလက်လေးကို သိစေချင်တဲ့ စေတနာနဲ့ ဒီဆောင်းပါးကို ရေးလိုက်တာပါ။ သာမန်ပြည်သူတွေအနေနဲ့ “လူစုလူဝေး ရင်းမြစ်သတင်းအချက်အလက် ရယူခြင်း” နဲ့ “တွဲဖက်ဖန်တည်းခြင်း” ဆိုတဲ့ မီဒီယာထုတ်လုပ်မှုပုံစံမှာ ပါဝင်ဆောင်ရွက်လို့ရအောင် ကျနော်တို့ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် မီဒီယာဟာပိုပြီး ဒီမိုကရေစီကျ လွတ်လပ်လာမှာ ဖြစ်သလို လူ့အဖွဲ့အစည်းအတွက်လည်း ပိုပြီး တရားမျှတ လွတ်လပ်ပြီး အမှန်တရား ထွန်းကားလင်းလက်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။
စတီဗင်စတားကတော့ “မီဒီယာလှုပ်ရှားပြောင်းလဲရေး” နဲ့ ”အကြောင်းအရာ ဒီမိုကရေစီကျ လွတ်လပ်စေရေး” လုပ်နေရတာကို သူပျော်တယ်လို့ ဆိုပါတယ်။ သူက “လူတွေပျော်ရွှင်အောင် ဘာလုပ်ကြတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုကြတာတွေ အများကြီး ရှိပါတယ်။ လေ့လာမှုတခုမှာ လူမှုလှုပ်ရှားပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ သူတွေဟာ ပါဝင်ဆောင်ရွက်မှု မလုပ်တဲ့ လူတွေထက် ပိုပြီး ပျော်ရွှင်မှုရကြတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ကျနော်ကတော့ မတူကွဲပြားတာတွေ ဖန်တည်းတာကို ခံတွင်းတွေ့နေတဲ့ ကျနော့်စိတ်က ကျနော့်ကို ပျော်ရွှင်မှု ရစေတယ်ဆိုတာကို တွေ့ရှိပြီး ဖြစ်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ သူအဆုံးသတ် ပြောသွားတာလေးကိုတော့ ကျနော်က အတော်ကြီး သဘောကျသွားခဲ့လို့ မမေ့မလျော့ ဖော်ပြပေးလိုက်ပါတယ်။
“အခု ကျနော်လုပ်နေတာဟာ ဟောဒီ ရူးသွတ်နေတဲ့ ကမ္ဘာလောကကြီးမှာ ကျနော့်ကိုယ်ကျနော် ရူးမသွားအောင် ထိန်းသိမ်းနေတဲ့ နည်းလမ်းတခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” တဲ့။ စတီဗင်စတားရဲ့ စကားပါ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment