Tuesday, December 29, 2009

ကိုညီညီအောင်အား အမှုတခု စွဲချက်ထပ်တင်

NEJ/ ၂၉ ဒီဇင်ဘာ ၂၀၀၉

မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်၏အမှုကို တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချရန်အတွက် အင်းစိန်ထောင်တရားရုံးတွင် ကိုညီညီအောင်အား ယနေ့ ရုံးထုတ်သည်ဟု ရှေ့နေကြီး ဦးကြည်ဝင်းက ပြောသည်။



ယနေ့ရုံးထုတ်ရာတွင် ဦးဉာဏ်ဝင်းနှင့်ဦးကြည်ဝင်းတို့က ပူးတွဲလက်မှတ်ထိုး ရေးသားထားသည့် လျှောက်လဲချက်ကို တင်လိုက်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

၎င်းက “လျှောက်လဲချက်လည်း တင်ပြီးရော တရားသူကြီးက နောက်တမှု စွဲပါတယ်တဲ့။ ဗိုလ်တထောင် လူဝင်မှုကြီးကြပ်ရေး ရုံးက ၁၉၄၉ ခုနှစ်၊ နိုင်ငံတွင်းမှာ နေထိုင်သူများ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၆ (၃) ဆိုလားပဲ။ အဲဒါနဲ့ ဦးတိုက်လျှောက်တယ်တဲ့။ ရုံးကို ဌာနဆိုင်ရာက ဦးတိုက်လျှောက်တယ်ဆိုတော့ ရဲအရေးမပိုင်မှုဖြစ်တာပေါ့။ ဒါပေမယ့် ရဲအရေးမပိုင်တိုင်းလည်း အမှုက သေးတာမဟုတ်ဘူး။ များသောအားဖြင့်တော့ ဌာနဆိုင်ရာကိစ္စတွေမှာ ရဲအရေးမပိုင်ဘူးဆိုရင် သိပ်မကြီးကျယ်တဲ့အမှုမျိုးပါ။ ဒါပေမယ့် အန်ကယ်တို့ကိုယ်တိုင်က အဲဒီဥပဒေကို ရှာပြီးလေ့လာဖတ်ဖို့ လိုသေးတယ်” ဟု ပြောသည်။

မနက်ဖြန်တွင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက တောင်ပိုင်းခရိုင်တရားရုံးသို့ သွားရောက်ကာ နောက်ထပ်စွဲချက်တင်သည့်အမှုကို လေ့လာဖတ်ရှုမည်ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

ကိုညီညီအောင်အား စွဲချက်တင်ထားသည့် ပြစ်မှု (၂) ခုအပြင် ယခုစွဲချက်ထပ်တင်သည့်အမှုအတွက် ကြားနာရန် လာမည့် သောကြာနေ့တွင် ထပ်မံ၍ ရုံးချိန်းပေးလိုက်သည်။ ယနေ့ရုံးချိန်းတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကောင်စစ်ဝန်လည်း လာရောက်ခဲ့ကြောင်း သိရသည်။

စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံနေရသည့် ကိုညီညီအောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ (၄) ရက်တွင် အင်းစိန်ထောင်အတွင်း၌ အစာငတ်ခံဆန္ဒပြခဲ့ပြီးနောက်ပိုင်း ယနေ့ ၎င်း၏ ရှေ့နေများနှင့် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။

လောလောဆယ်တွင် တရားလိုဘက်မှ ကိုညီညီအောင်အား ပုဒ်မ ၂၄ (၁) တရားမ၀င် နိုင်ငံခြား ငွေစက္ကူကိုင်ဆောင်မှု၊ ပုဒ်မ (၄၂၀) စာရွက်စာတမ်း လိမ်လည်ကိုင်ဆောင်မှုတို့ဖြင့် စွဲချက်တင်ထားသည်။

ဘန်ကောက် မြန်မာသံရုံး၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော ကိုညီညီအောင်ကို နအဖစစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ (၁၄) ရက်နေ့၌ အင်းစိန်ထောင်တရားရုံးတွင် အမှုစွဲတင်ခဲ့ခြင်းဖြစ်သည်။

No comments: