Wednesday, December 23, 2009

ရဲများရိုက်နှက်မှုကြောင့် လူငယ်တဦး အတွင်းလူနာအဖြစ် တိုင်းဆေးရုံတွင် ကုသနေရ

ရိုးမ ၃

လုံခြုံရေး ရဲများရိုက်နှက်မှုကြောင့် လူငယ်တဦး အတွင်းလူနာအဖြစ် ပုသိမ်ဆေးရုံတွင်တင်ထားရသည့်အပြင် အာဏာပိုင်များဘက်မှ တရားစွဲဆိုမှုများပြုလုပ်ထားသည်။

ယခုလ ၁၉ ရက်နေ့ည ၁၁ နာရီခန့်က ဧရာဝတီတိုင်း၊ ချောင်းသာမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအုပ် သန်းထွန်းဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက မောင်ထွန်းလင်းနှင့် မောင်ရာဇာဟန်တို့ကို ပွဲခင်းအတွင်းရိုက်နှက်သဖြင့် မောင်ထွန်းလင်းမှာ ပုသိမ်ဆေးရုံသို့ ပို့ထားရပြီး ၎င်းတို့နှစ်ဦးစလုံးအား တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် တရားစွဲဆိုထားကြောင်း ဒေသခံတဦးက ပြောသည်။

“အေးသစ္စာ ဇာတ်အဖွဲ့ စတိတ်ရှိုးထွက်နေတုန်းမှာ ကနေကြရင်း လုံခြုံရေးနဲ့ ဖြစ်တာ၊ အဲဒီမှာတင် သူတို့နှစ်ဦးကို ဖမ်းပြီး လူမြင်ကွင်းမှာတင် ပုဆိုးကို ချွတ်ပြီး ရိုက်တယ်၊ ပြီးတော့ ရဲစခန်းကိုခေါ်သွားပြီး လက်ထိပ်နောက်ပြန် ခတ်ပြီးရိုက်တယ်” ဟု ပြောသည်။

၎င်းတို့နှစ်ဦးအား အချုပ်ထဲတွင် နှစ်ရက်ထားပြီး အာမခံဖြင့် ပြန်လွှတ်ပေးသည့်အချိန်တွင် မောင်ထွန်းလင်းမှာ လဲကျသွားပြီး ငွေဆောင်ဆေးရုံသို့ အတွင်းလူနားအဖြစ် တင်လိုက်ရပြီးနောက် ပုသိမ် တိုင်းဆေးရုံးသို့ ဆက်လက်ပို့ဆောင်ထားကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“လောလောဆယ် မောင်ထွန်းလင်းကို ဆေးရုံ အဆောင် ၆ မှာ တင်ထားတယ်၊ သူ့အသက်က ၂၄ နှစ်လောက်ဘဲရှိသေးတယ်၊ ကလေးက မိဘမဲ့ဖြစ်နေတော့ ရွာကလူတွေ ပေးတဲ့အလှူငွေနဲ့ ဆေးကုနေရတယ်၊ ကလေးဇာတိက သာပေါင်းဘက်က ချောင်းသာမှာလာပြီး အလုပ်လုပ်နေတာ၊ အချုပ်ထဲမှာ အဲလိုရိုက်တဲ့အတွက် ငွေဆောင်တရွာလုံးကလဲ မကျေနပ်ဘူး” ဟု ဒေသခံက ဆက်ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ချောင်းသာ ရဲစခန်းက ယင်းဖြစ်ရပ် မှန်ကန်ကြောင်း တာဝန်ကျ ရဲဝန်ထမ်းတဦးက အတည်ပြုပြောဆိုသည်။

“ကျနော်တို့သွားထိန်းတာကိုပြန်ထိုးတော့ ကျနော်တို့ အမှုဖွင့်ထားတာပေါ့၊ ကျနော်တို့နှစ်ယောက်စလုံးကို အမှုဖွင့်ထားပါတယ်၊ အာမခံပေးထားတယ်၊ ဆေးရုံသွားပြမယ်ဆိုပြီး ပုသိမ်မှာရောက်နေပါတယ်၊ ပုဒ်မ (၃၃၂)နဲ့ ဖွင့်ထားတယ်” ဟု ပြောသည်။

မောင်ထွန်းလင်းမှ အဖဦး စန်းရွှေ၏ သားဖြစ်ကာ ၎င်းနှင့်အတူ ရိုက်ခံရသည့် မောင်ရာဇာဟန်မှာ ဦးသန့်ရွှေ၏ သားဖြစ်ပြီး ယခုကဲသို့ အာဏာပိုင်များက ဥပဒေမဲ့ ရိုက်နှက်ညှင်းပမ်းမှုကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ တင်ပြသွားမည်ဖြစ်ကြောင်း လိုက်လံကူညီပေးနေသူတဦးက ပြောသည်။

No comments: