Sunday, December 27, 2009

နအဖတပ်ရင်းမှ တပ်ရိက္ခာကိုတင်ပို့ရန် မော်တော်ကားများကိုအတင်းချောဆွဲနေ

Kaowao

ကောင်းဝါ(နိုဝင်ဘာ- ၂၇)။ ။ အမှတ်(၄၀၇)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးတင်မောင်မောင် ဒုတပ်ရင်းမှူးအောင်ကျော်မိုး ဦးစီးသောနအဖစစ်ကြောင်းသည် ဒီဇင်ဘာ(၂၆)ရက်နေ့ နံက်ပိုင်းတွင် ဘုရားသုံးဆူမြို့ နယ်အတွင်းသို့ ရောက်လာသည်ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းခမရ(၄၀၇) ရည်ရွယ်ချက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာတွင်အခြေချသော စစ်ဗျူဟာရုံးနှင့် ဘုရားသုံးဆူမြို့ အခြေချတပ်ရင်းအတွက် ရိက္ခာပို့ဆောင်ရန်နှင့် ဘုရားသုံးဆူ၊ သံဖြူဇရပ်မော်တော်ကားလမ်း လုံခြုံရေးယူရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တပ်ရိက္ခာများကို သယ်ယူပို့ဆောင်ရန်အတွက် ဘုရားသုံးဆူလမ်းတလျှောက်တွင် ပြေးလွှာနေသော မော်တော်ကားများကို အတင်းအဓမ္မချောဆွဲနေသည်ဟု ကျေးရွာရယကတစ်ဦးမှ ကောင်းဝါသတင်းဌာနသို့ ပြောဆို ခဲ့ပါသည်။ တချို့ကားသမားများမှာ မိမိတို့ကားချောဆွဲချင်းမှ လွတ်ကင်းအောင်ကားငယ်များကို ၂၅၀၀ ကျပ်၊ ကားကြီးများမှာ ကျပ် ၂ သိန်းခွဲခန့် သံဖြူဇရပ်မြို့နယ် ဝါဂလီတပ်နယ်မှူးကို ပေးဆောင်ပြီးသော်လည်း ထပ်မံ ချောဆွဲခံနေရသည်ဟု ကားသမားတစ်ဦးမှ ပြောပါသည်။

အမည်မဖေါ်လိုသူ ကားသမားတစ်ဦးအဆိုအရ ဆန်အိတ်ပေါင်း(၃၀၀၀)ကျော်ကို အနန်းကွင်းဗျူဟာရုံးနှင့် ဘုရား သုံးဆူမြို့ အခြေချတပ်ရင်းသို့ သယ်ဆောင်ပေးရသည်ဟု ဆိုသည်။ လမ်းကြောတလျှောက်တွင် KNU တပ်ဖွဲ့များမှ ဆန်အိတ်များကို သိမ်းဆည်းခဲ့သဖြင့် ထိုကျသင့်သော ဆန်တန်ဘိုးများကို ကားသမားများမှ အစားထိုးပေးလျှော်ရ သောကြောင်း ၄င်းတို့အတွက်ထပ်ဆင့် နစ်နာနေကြောင်း ပြောဆိုခဲ့ပါသည်။

စစ်တပ်နှင့်နီးစပ်သူတစ်ဦး၏အဆိုအရ တပ်ရိက္ခာစုဆောင်းပြီးလျှင် ကေအာန်ယူတပ်မဟာ(၆)ဒေသကို ထိုးစစ် ဆင်လာနိုင်သည်ဟု ဆိုသည်။ ယခုအခါ ကြာအင်းဆိတ်ကြီးမြို့အခြေစိုက် ဒုဗိုလ်မှူးကြီးမြင့်အောင် ဦးဆောင်သော ခမရ(၂၈၄)တပ်ရင်းသည် ဘုရားသုံးဆူမြို့သို့ တပ်ချိန်းရန်တက်လားပြီးဟု ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးရွာ ရယကတစ်ဦးမှ ပြောပါသည်။

No comments: