Monday, December 28, 2009

နယ်စပ်တွင် တိုက်ပွဲ ဖြစ်၍ နအဖ တပ်သား တဦး ဒဏ်ရာရ

Narinjara News

မင်းအောင် (နိရဉ္စရာ) မြန်မာ-ဘင်္ဂလာနယ်စပ် အနီးတွင် တိုက်ပွဲ ဖြစ်ပွား၍ နအဖ စစ်သား တဦး ဒဏ်ရာ ရရှိသွားကြောင်း နယ်စပ်မှ လာသော သတင်းအရ သိရှိရသည်။

တိုက်ပွဲမှာ ယမန်နေ့ နေ့လည်ပိုင်းက မြန်မာ-ဘင်္ဂလာနယ်စပ် အနီးရှိ ပလက်ဝမြို့နယ် လက်ပံဝ ကျေးရွာအနီးတွင် ၁၀ မိနစ်ခန့်ကြာအောင် ဖြစ်ပွားခဲ့သည်။

ကျေးရွာသားများ၏ အပြောအရ တိုက်ပွဲ ဖြစ်ပွားသော စစ်ကြောင်းမှာ ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ မှ ဒုရင်းမှူး အောင်မင်းဆွေ ဦးစီးသော စစ်ကြောင်း ဖြစ်သည်ဟု သိရသည်။

ဒဏ်ရာ ရရှိသွားသော နအဖ စစ်သားအား ဆေးရုံသို့ ပို့ဆောင်ရန် အတွက် ကျေးရွာသား အများအပြားကို စစ်တပ်မှ ပေါ်တာဆွဲယူခဲ့သည်ဟု ဒေသခံများက ပြောသည်။

အနီးအနားမှ ကျေးရွာသားများမှ အဆိုပါ ဒဏ်ရာရ စစ်သားအား နယ်စပ်မှနေပြီး ခ၀ဲကျေးရွာအထိ ပို့ပေးခဲ့ရသည်ဟု သတင်း တရပ်တွင် ဖေါ်ပြသည်။

နအဖ စစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သော လက်နက်ကိုင် တပ်ဖွဲ့မှာ ရခိုင်ပြည် လွှတ်မြှောက်တပ်မတော်မှ တပ်သားများ ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တလျောက်တွင် တော်လှန်ရေး တပ်မတော်သားများနှင့် နအဖ တပ်တို့ တိုက်ပွဲဖြစ်ပွား၍ နအဖ စစ်သားများဘက်မှ အကျအဆုံး အထိအခိုက်ရှိလျှင် အပြစ်မဲ့ အရပ်သားများအား ဖမ်းဆီးပြီး ညှဉ်းပမ်းနှိပ်စက်လေ့ရှိသဖြင့် တိုက်ပွဲ ဖြစ်ပွားရာ အနီးပတ်ဝန်းကျင်မှ ကျေးရွာသားများမှာ ယခုအခါ ရှောင်တိမ်းနေကြသည်ဟု သိရသည်။

No comments: