Monday, December 28, 2009

၂၀၁၀ ရွေးကောက်ပွဲနှင့် ကျနော့်အမြင် (နိုင်ငံရေးစစ်တမ်း ၉)


နိုင်ငံရေးမှာ အခွင့်အရေး opportunity ပေါ်တဲ့အခါမှာ ဒီအခွင့်အရေးကို လှမ်းယူတတ်ရမယ်။ ယူတတ်တဲ့ခေါင်းဆောင်ဟာ အောင်မြင်မှုကို ဆွတ်ခူးနိုင်သလို မယူတတ်ရင် ရွာလည်သွားနိုင်တယ်။ ၈၈ မှာအခွင့်အရေးကောင်းပေါ်ခိုက်မှာ ခေါင်းဆောင်တွေ မညီခဲ့လို့၊ ပေါ်လာခိုက်မှာ လှမ်းမယူတတ်လို့ အခုထိ ကျနော်တို့နိုင်ငံ ရွာလည်နေရတာပေါ့။

အပြောလွယ်ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါ။ အောင်မြင်မှုကို မစွန့်နိုင်ခင် ပထမဦးဆုံး ဒါ အခွင့်အရေးဟေ့ ဆိုတာကို အရင်မြင်ဖို့ လိုပါတယ်။ ဒီလို မြင်နိုင်ဖို့ နိုင်ငံရေးအမြင်ရှိရမယ်။ နိုင်ငံရေးအကွက်မြင်ရမယ်။ ဗျူဟာအရ ကြည့်တတ်ရမယ်လို့ ထင်မိတယ်။ နောက်ဆုံး စစ်ပွဲတပွဲ ဆင်နွှဲသလို သူ့တိုက်ကွက် ကိုယ့်တိုက်ကွက်၊ သူ့ထိုးကွက် ကိုယ့်ထိုးကွက်၊ သူ့ဆုတ်ကွက် ကိုယ့်ဆုတ်ကွက်တွေကို ကြိုတင်စဉ်းစားထားပြီး အစီအစဉ် (Plan) ရှိရမယ်။ ဒီလိုမဟုတ်ရင် အရင့်အရင်အတိုင်း အော်ကြဆူကြ၊ ဆဲကြ၊ ငိုကြ စိတ်အဆာကျွေးရုံသက်သက်၊ စိတ်လိုက်မာန်ပါ ပြောကြဆိုကြ အော်ဟစ်ကြပြီး အခြေအနေတခု၊ အခွင့်အရေးတခု ဆုံးရှုံးသွားပြီး မောကျန်ခဲ့ကြ။

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ရွေးကောက်ပွဲဝင်ပြီး ပူးပေါင်းမှ တိုးတက်မှုရှိမယ်၊ ရသလောက် ယူထားဆိုတဲ့ အမြင်နဲ့ နားချသူတွေရှိသလို မဝင်နဲ့ဟေ့ တင်းခံထားကြ ရွေးကောက်ပွဲဝင်သူတွေဟာ သစ္စွာဖောက်ပဲဆိုတဲ့ zero sum game ကို လက်ကိုင်ထားသူတွေရဲ့ အသံကလည်း ဇာတ်တိုက်ဆိုသလိုကြားနေရပြန်တယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက အသံတွေထဲမှာ ဗျူဟာကျကျ ဘယ်လိုနည်းနဲ့ အောင်ပွဲခံမယ် ဒါမှမဟုတ် ဘယ်လိုနည်းနဲ့ အမြတ်ထုတ်မယ်၊ ထင်သလိုဖြစ်မလာရင် ဆုတ်ကွက်က ဘယ်လို၊ (plan B) က ဘယ်ဆိုတာကို မကြားမိဘူး။ စိတ်ခံစားမှု (emotion) ကိုပဲ ဦးစားပေး လွန်ဆွဲနေကြတယ်လို့ ခံစားမိတယ်။ အများက လူကြားရအောင် အော်ကြတဲ့ စလိုဂန် (slogan) တွေပဲလို့ ထင်မိတယ်။

နအဖ ကလည်း လက်ပိုက်ကြည့်နေတာမှ မဟုတ်တာ။ ဥာဏ်နီဥာဏ်နက်မျိုးစုံနဲ့ အကွက်အမျိုးမျိုး ဆင်ထားတယ်။ လူအမျိုးစုံ၊ အဖွဲ့မျိုးစုံ မွေးထုတ်နေပုံရတယ်။ တကွက်မှားရင် နာပြီသာမှတ်။ အာဏာရှိ အစိုးရက အဆိုပြုလိုက်ရင် အတိုက်အခံဘက်မှာ ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေ ပေါ်လာကြရော။ ဒါ အဖွဲ့အစည်းရဲ့ သဘာဝပဲ။

ဒါဟာ အာဏာရှိသူတွေရဲ့ အခြေခံလက်နက် သဘောတရားပဲ။ အင်္ဂလိပ်ခေတ်က (တွဲ)ရေး၊ (ခွဲ)ရေးတုန်းကလည်း ဗမာတွေ သဘောထားကွဲကြ။ အင်္ဂလိပ်ဘုရင်ခံက ဖဆပလ အဖွဲ့ကြီးကို ဘုရင်ခံကောင်စီကိုဝင်ဖို့ ဖိတ်ခေါ်တော့ ကွန်မြူနစ်တွေက ပထမတော့ ထောက်ခံပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ဖဆပလ ခေါင်းဆောင်တွေကို အညံ့ခံတယ်ဆိုပြီး ခွဲထွက်သွားကြတာပဲ။ တော်လှန်ရေးကောင်စီက ငြိမ်းချမ်းရေး ခေါ်တော့ လိုင်းမာနဲ့ လိုင်းပျော့ ကွဲထွက်သွားကြတယ်။

ဒီမိုကရေစီကို တကယ်လက်ခံရင် ဆန့်ကျင်ဘက် အတွေးအခေါ်ကို အင်္ဂလိပ်လို (tolerance) သည်းညည်းခံနိုင်ရမယ်။ မိမိနဲ့မတူရင် ရန်သူဆိုပြီး မိမိနဲ့အတွေးမတူသူတိုင်းကို ရန်ဖွဲ့ရင် ကိုယ်ပဲ (ကွဲ) ကျန်ခဲ့မယ်။ အင်အားချို့တဲ့နိုင်တဲ့ အန္တရာယ်ကို သတိရှိရမယ်။

အရေးကြီးတာက နအဖရဲ့ တိုက်ကွက်၊ လှည့်ကွက်ထဲ မဝင်ဖို့ မိမိရှေ့မှာရှိတဲ့ အခွင့်အရေးကို ရဲရဲမြင်တတ်ဖို့ လိုတယ်။ အဓိက ရင်ဆိုင်ကြရမှာက အာဏာကို လက်ကိုင်ပြုထားတဲ့ နအဖ ဆိုတာကို သတိရှိဖို့ လိုတယ်လို့ ထင်မိတယ်။

ပြည်ပသတင်းဌာနတွေကို ဦးဝင်းတင်ပြောတာတွေကိုထောက်ရင် NLD အတွင်းမှာလည်း သဘောထား မတူတာတွေ ရှိတယ်။ ဦးဝင်းတင်စကားနဲ့ ပြောရရင် (မာန်) နဲ့ ယှဉ်တဲ့ အတွေးနဲ့ (ဥာဏ်) နဲ့ ယှဉ်တဲ့ အတွေး နှစ်ခုပေါ့။ ဒါကြောင့် NLD ရဲ့ ရပ်တည်မှုက အခုထိ အတိအကျ မရှိသေးဘူး။ NLD အတွက် အဓိက ကျတာကလက်ရှိ အခြေအနေကို အရှိကိုအရှိအတိုင်း ကြည့်မြင်နိုင်ဖို့။ ဒီအမြင်ကမှ ၁၉၉ဝ ရလဒ်နဲ့ တရားဝင်မှု (အလံ) ကိုကိုင်ပြီး တိုက်မှာလား? ဖြစ်ပေါ်လာမယ့် ကွင်းအသစ်မှာ စွန့်စားပြီး ဝင်တိုက်မှာလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ပဲလို့ ထင်မိတယ်။

ရွေးစရာက ၂ လမ်းထဲ မဟုတ်ပါ။ လက်ရှိနိုင်ငံရေးအခြေအနေကို ယေဘုယျအားဖြင့်ကြည့်ရင် ၂ လမ်းပဲရှိတယ်လို့ ထင်နိုင်စရာရှိတယ်။ ဦးဝင်တင် စကားနဲ့ ပြောရရင် မာန်နဲ့ ဥာဏ် သို့မဟုတ် အနုနည်းနဲ့ အကြမ်းနည်းလို့ သတ်မှတ်နိုင်တယ်ပေါ့။ ၁၉၉ဝ ရလဒ်ကို စွဲကိုင်ပြီး မဝင်ရင် အကြမ်းနည်း ရွေးကောက်ပွဲဝင်ပြီး (ဝင်လုံး) ရင် အနုနည်းပေါ့။ လူအများ မစဉ်းစားကြ၍သော်လည်းကောင်း၊ ထုတ်မပြောကြ၍သော်လည်းကောင်း မထင်မှတ်တဲ့ နည်းတနည်း လမ်းတသွယ် ကျန်ပါသေးတယ်။
ယေဘုယျအားဖြင့် လူအများက ရွေးကောက်ပွဲဝင်ရင် အညံ့ခံရာရောက်တယ်။ ပျော့တယ်လို့ ယူဆစရာ ရှိတယ်။

ဒါက ရွေးကောက်ပွဲဝင်ပြီး စစ်တပ်အမိန့်ကို ခေါင်းငုံ့ခံမှ ဒီလိုစွပ်စွဲနိုင်မှာပါ။ နောက်တနည်းက ၁၉၉ဝ ခုနှစ် ရလဒ်ကို တောင်ပေါ်မှာ ထောင်ထားပြီး တက်လာတဲ့ ရန်သူကို (ကျား) ဆိုပြီး လှံစွပ်နဲ့ ဝင်ထိုးပြီး (နယ်မြေ) ကို ဝင်လုတဲ့ အကွက်ပဲ။


လက်ရှိ အခြေအနေကို သတ္တိရှိရှိ အရှိကို အရှိအတိုင်း မြင်ရဲရင်၊ ဝန်ခံရဲရင် NLD အခြေအနေဟာ ရှေ့လည်း မရောက်၊ နောက်လည်း မဆုတ်၊ တိုးတက်မှုလည်း မရှိ၊ ကမ်းမမြင် လမ်းမမြင် ရေပေါ်မှာ ပေါလော မျောနေတာ အနှစ် ၂ဝ ကြာခဲ့ပြီ။ ဒေါ်စုနဲ့ ဗိုလ်ချုပ်တင်ဦးတို့ကို ထိန်းချုပ်ပြီး သက်ကြားရွယ်အိုကြီးတွေကို ထိပ်မှာတင်ပြီး စည်းခတ်ထားခဲ့တာကြောင့် (ခေါင်းဆောင်မှု) ချုပ်ငြိမ်းပြီး လှုပ်ရှားမှု ချို့တဲ့ခဲ့ရတယ်။ လှုပ်ရှားစရာ နိုင်ငံရေးနယ်မြေဟာလည်း ကျဉ်းသထက် ကျဉ်းလာတာပေါ့။

အဓိကကျတဲ့ အချက် ၂ ချက်က နိုင်ငံရေးနယ်ပယ် မရှိတာနဲ့ လက်ရှိ ဦးဆောင်အဖွဲ့ CEC က ရဲရဲ ဦးမဆောင်ရဲတာဘဲလို့ မြင်မိတယ်။ ဒီ့အပြင် ရဲရဲ ရပ်တည်ရမယ်လို့ မာန်နဲ့ ရပ်တည်ခဲ့တဲ့ ဦးဝင်းတင်လို ခေါင်းဆောင်မျိုးကို နအဖ အစိုးရဟာ ဘာကြောင့် လွှတ်ပေးခဲ့တယ် ထင်ပါသလဲ? ကျနော့်အမြင်အရတော့ NLD ခေါင်းဆောင်မှုအတွင်းမှာ ရပ်တည်ချက်ကွဲအောင်နဲ့ ဖြစ်နိုင်ရင် NLD ကို ရွေးကောက်ပွဲ မဝင်စေချင်လို့ အကွက်ဆင်ပြီး လွှတ်ပေးခဲ့တာလို့ ယူဆတယ်။ ဘာကြောင့်လဲ?

၁၉၉ဝ ရွေးကောက်ပွဲရလဒ်ဟာ နအဖ အတွက် ဆူးငြောင့်ခလုတ်ပြဿနာ။ ဒါကြောင့် ဗိုလ်ချုပ်သန်းရွှေဟာ သူ့ရဲ့ အာဏာမဏ္ဍိုင်ကို တည်ဆောက်ချိန်မှာ ၁၉၉ဝ ရလဒ်ကို ဘေးဖယ်ပြီး စစ်အုပ်ချုပ်ရေးနဲ့ ရနိုင်သမျှ အချိန်ဆွဲပြီး အုပ်ချုပ်ခဲ့တယ်။ စစ်အုပ်ချုပ်ရေးဆိုတာ တသွေးတမံ တမိန့်နဲ့ အုပ်ချုပ်တာကိုး လုပ်ချင်ရာလုပ်နိုင်တယ်လေ။

အသက်ကြီးလာပြီး အာဏာလက်လွှဲဖို့ အချိန်ရောက်တော့ ၁၉၉ဝ ရလဒ်ကို ၂ဝ၁ဝ ရလဒ်နဲ့ ဖုံးအုပ်ပြီး တရားဝင်မှု (Legitimacy) ကို ထိခိုက်နိုင်ပေမယ့် အဓိကပြိုင်ဘက် (Opposition) က ရွေးကောက်ပွဲမှာ ဝင်မပြိုင်ရင် အလိုအလျောက် (By Default) အာဏာဟာ အာဏာရှိသူဆီမှာပဲ ကျရောက်လာတာပေါ့။ ဇင်ဘာဘွေမှာ အတိုက်အခံခေါင်းဆောင် မော်ဂင်ချန်ဂရိုင်း (Morgan Tsvangirai) ဝင်အရွေးမခံတော့ ပြိုင်ဘက်မရှိ သမ္မတရာထူးကို ရောဘတ်မိုဂါဖီ (Robert Mugabe) က ဆက်ကိုင်ထားနိုင်တာပဲ။

လောလောလတ်လတ် အာဖဂန်ရွေးကောက်ပွဲမှာလည်း ကာဇိုင်း (Karzai) ဟာလည်း ဒီနည်းနဲ့ပဲ နောက်ဆုံး အနိုင်ယူခဲ့တာ မဟုတ်လား?

ဒါကြောင့် နအဖ က NLD ကို ၂ဝ၁ဝ ရွေးကောက်ပွဲ မဝင်စေချင်ဖူးလို့ ထင်မိတာပါ။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD မဝင်ရောက်ရလေအောင် မာန်နဲ့ ရပ်တည်တဲ့ ဦးဝင်းတင်ကို ကြိုလွှတ်ခဲ့တာလို့ မြင်မိတယ်။ NLD က သူ့သဘောနဲ့သူ မဝင်ခဲ့ရင် နအဖ က BY DEFAULT အနိုင်ရနိုင်တာပေါ့။

အရေးကြီးဆုံးဖြစ်တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး Post-election ကို စဉ်းစားထားတာ မတွေ့မိသေးဘူး။ အမှန်က ဗျူဟာကျကျ တွေးမိရင် တိုက်ပွဲက ၂ ပွဲ ရှိတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲပြီး ကာလပဲ။ နအဖ ဘက်က နိုင်ငံရေးဗျူဟာမှူးတွေ တွေးမှာက ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီးမှာ NLD မဝင်ခဲ့ရင် သူ့လူတွေနဲ့ အောင်ပွဲခံမယ်။

ရုပ်သေးအစိုးရနဲ့ (၂၅ % ကျိမ်းသေပြီး) အုပ်ချုပ်ရေးကို ကိုင်ထားမယ်။ Professionalစစ်တပ်နဲ့ အနုမြူ လက်နက်ရှိတဲ့ စစ်တပ်ကြီးကို ဆက်လက်ထူထောင်ပြီး စစ်တပ်ကို ဖိကိုင်နိုင်မယ်။ နဝတ အာဏာသိမ်းပြီးကာလကလို စီးပွားရေးအရ အသက်ရှူချောင်ခွင့် နည်းနည်းပေးလိုက်ရင် တိုင်းပြည်တွင်းမှာ မကျေနပ်မှုတွေ လျော့သွားမယ်။ အမေရိကန်နဲ့ ဥရောပကို ကြားနေဖြစ်အောင် ထိန်းထားပြီး ရွေးကောက်ပွဲ လုပ်ပြီး (sanction) ကို ရပ်ဖို့ တောင်းဆို။ Token Opposition လို့ ခေါ်တဲ့ လက်တဆုပ်စာ အတိုက်အခံကို ပါလ်ီမန်ထဲမှာ ပြောခွင့်ပေးထားရင် မြွှေမသေ တုတ်မကျိုး အခြေအနေကို ဖော်ဆောင်နိုင်ရင် NLD ကို အရင်အတိုင်း အမှည့်ခြွေခြွေပြီး (အချိန်) နဲ့ အနိုင်ယူနိုင်တာပဲ။

NLD အနေနဲ့ ၁၉၉ဝ ရလဒ်ကို ဆက်အော်ရင် ၂ဝ၁ဝ ရလဒ်နဲ့ ပစ်ပေါက်ရုံရှိတာပဲ။ NLD က ဝင်မရွေးလို့ (ဘေး) ရောက်တာလို့ စွပ်စွဲလို့ ရတာပေါ့။ ပြသာနာပေါ်ရင် အရပ်သားအစိုးရ ပြည်သူကရွေးကောက်ထားတဲ့အစိုးရ ရှင်းပါစေ။ နေ့တဓူဝ အုပ်ချုပ်ရေးကို လူငယ်အစိုးရနဲ့ သမ္မတက ရှင်းပါစေ။ ဒို့တတွေ လူကြီးတွေက အာဏာ မဏ္ဍိုင်ဖြစ်တဲ့ စစ်တပ်ကိုပဲ အာရုံစိုက်ကြစို့ဆိုတဲ့ အကွက်ပဲ။

ဒို့တသက်မှာ အာဏာမပြုတ်ရေးဆိုတဲ့ နိုင်ငံရေးအကွက်ပဲ။ ဦးနေဝင်းလည်း နောက်ဆုံး ဒီလမ်းကို ဖော်ထုတ်တာပဲ။ တိန့်ရှောင်ဖိန်လည်း ဒီလမ်းကို ဖော်ထုတ်တာပဲ။ အာဏာရှင်တွေအတွက် နောက်ဆုံးအချိန်မှာ အာဏာလက်မလွှတ်ဘဲ စိတ်ချလက်ချ (သေ) နိုင်ဖို့ဟာ အဓိကကျတာပဲ။

ဒီအတွေး ဒီအမြင်ကြောင့် နအဖနဲ့ အကြီးအကဲ ဗိုလ်ချုပ်သန်းရွှေတို့ဟာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ NLD ကို မဝင်စေချင်ဖူးလို့ ဆိုခဲ့တာပါ။ နိုင်ငံရေးနဲ့ စစ်ရေးမှာ မထင်တာကို လုပ်ရဲရမယ်။ ကျနော့်အမြင်ကတော့ NLD ကို ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်စေချင်တယ်။

ခယဖို့မဟုတ်၊ ကိုယ့်အကွက် ကိုယ့်ဗျူဟာနဲ့ နိုင်ငံရေးနယ်မြေ ဝင်လုဖို့ နိုင်ငံရေး အရှိန်မြှင့်ဖို့ NLD ရွေးကောက်ပွဲ ဝင်မယ်ဆိုတာနဲ့ NLD ကို ညစ်တယ်ထားဦး၊ အတိုင်းအတာ တခုအထိ နိုင်ငံရေးနယ်ပယ် ဖွင့်ပေးရမယ်။ နယ်ရုံးတွေ ပြန်ဖွင့်ခွင့် ပေးရမယ်။ (နယ်လှည့် စည်းရုံးခွင့် ပေးရမယ်) တလပဲပေးပေး၊ နှစ်လပဲပေးပေး၊ သုံးလပဲပေးပေး NLD ပါတီဝင်တွေ လှုပ်ရှားခွင့် ရမယ်။

လူထုနဲ့ အနည်းနဲ့ အများ ထိတွေ့ခွင့် ရမယ်။ အစိုးရက ညစ်မှာကို မကြောက်နဲ့။ ညစ်ရင် မီဒီယာတွေကနေတဆင့် အထူးသဖြင့် ပြည်ပမီဒီယာတွေက မီးမောင်းထိုးပြပြီး အသံကုန် ဝိုင်းအော်ကြမယ်။ ကမ္ဘာနဲ့ မြန်မာပြည်သူပြည်သားတွေ သိအောင်ပေါ့။

NLD ဝင်ရင် နိုင်ငံခြားသတင်းထောက်နဲ့ စောင့်ကြည့်သူတွေကို ဝင်ခွင့်ပေးရမယ်။ မပေးရင် (အင်) ရွေးကောက်ပွဲ အတုကြီးဆိုတာ ကမ္ဘာ့ရှေ့မှာ ထင်းထင်းကြီး ဖြစ်သွားမယ်။ ကျနော့်အမြင်က ပြည်သူတွေက နအဖ ကို မုန်းတယ်၊ ရွံတယ်။ ဒေါ်စုကို ချစ်တယ်၊ လေးစားတယ်။ NLD ကို ထောက်ခံတယ်။

ဒါကြောင့် အခွင့်ရရင် လူထုက NLD ကို မဲပေးမှာပဲ။ ဒါကြောင့် ဒေါ်စုကို မလွှတ်ရင်တောင် ဒေါ်စုဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ထောင်ပြီး စည်းရုံးပါ၊ လူစုပါ၊ အရှိန်ရအောင် လုပ်နိုင်တယ်။ တဖက်က ရွေးကောက်ပွဲမှာ ဒေါ်စုကိုလွှတ်ဖို့ ဝိုင်းတောင်းဆိုရမယ်။ တဖက်က ဇင်ဘာဘွေမှာလို NLD လူတွေကို စွမ်းအားရှင်တွေနဲ့ ဝိုင်းရိုက်ခိုင်းနိုင်တယ်။ ရိုက်ရင် ကမ္ဘာကသိအောင် လုပ်ပေးရမယ်။

အာဏာရှင်စနစ်အောက်မှာ ကြောက်ရွံ့ခြင်းကို ကျော်နိုင်တာ အတိုက်အခံဘက်က အင်အားများပြီး (အရှိန်) ရလာရင် (လူအုပ်စိတ်ဓာတ်) Mob Psychology ဝင်လာပြီး ကြောက်လန့်ခြင်း မရှိတော့ဘူး။ ၁၉၈၈ ခုနှစ်တုန်းက မြန်မာပြည်၊ ၁၉၈၉ တင်အန်မင်၊ ၁၉၈၉ ဘာလင်အုပ်တံတိုင်း (Berlin wall) ရောင်စုံတ်ာလှန်ရေး Color Revolution တွေမှာ (လူအုပ်) တွေဟာ အရှိန်ရလာတော့ နောက်ဆုံး Numbers အရည်အတွက် အများစုနဲ့ အနိုင်ရခဲ့ကြတာပဲ။

အီရန်ရွေးကောက်ပွဲကို ကြည့်ပြီး ကျနော် သိပ်အားကျခဲ့တယ်။ နအဖ ဗိုလ်ချုပ်တွေ NLD က မထင်ထားတာနဲ့ အကွက်ဝင်လာလို့ မလုပ်ရဲ၊ မလုပ်တတ်လို့ အချိန်မီ (မညစ်) နိုင်တာကြောင့် ၁၉၉ဝ ကလို အနိုင်ရခဲ့ရင် နိုင်တာပဲ။

နအဖ ဗိုလ်ချုပ်တွေက ညစ်ခဲ့ရင် သူတို့ရဲ့ အစီအစဉ်တွေ ပျက်ပြီး ဘီလူးခေါင်းပေါ်လာမယ်။ လမ်းပေါ်လူတွေ ထွက်လာဖို့ အကြောင်းပေါ်လာမယ်။ ဒါဆိုရင်လည်း နိုင်ငံရေးအရ နိုင်တာပဲ။ NLD ဘာလုပ်မလဲ?
Non Violence လို့ ခေါ်တဲ့ အကြမ်းမဖက်တဲ့ အတွေးအခေါ်မှာ ရပ်တည်မှု ၂ ခုရှိတယ်လို့ မြင်မိတယ်။

၁။ Confrontational Non Violence ထိပ်တိုက်ရင်ဆိုင်တဲ့ အကြမ်းမဖက်ရပ်တည်မှု၊
၂။ Passive Non Violence ထိပ်တိုက် ရင်ဆိုင်မှုကိုရှောင်တဲ့ ငြိမ်ဝပ်တဲ့ အကြမ်းမဖက်မှု၊
ကိုယ့်ဘက်က အကြမ်းမဖက်မှုကို ဘယ်လောက်စောင့်ထိန်းဦးတော့ အာဏာရှင်စနစ်အောက်မှာ ထိပ်တိုက်ရင်ဆိုင်မှုရှိရင် သွေးထွက်သံယိုမှုက ရှိကိုရှိမှာပဲ။ ဒါကို ကျော်နိုင်ဖို့ လိုတယ်။ လက်ရှိအခြေအနေက ဘာထူးလဲ? လူမသိသူမသိ အသက်တွေ စတေးနေရတာပဲ မဟုတ်ပါလား? စစ်ကြောရေးမှာ သွေးထွက်သံယိုမှုအပြင် အသက်ဆုံးရှုံးမှုတွေ ရှိနေတာပဲ။

တိုင်းရင်းသားရွာတွေ မီးရှို့ဖျက်ဆီးခံရစဉ် လူတွေ အသေအပျောက်ရှိတာပဲ မဟုတ်လား? လူမသိသူမသိ အစွန့်လွှတ်ခံမလား? ပြောင်ပြောင်တင်းတင်း အစွန့်လွှတ်ခံမလားဘဲ။ ဒါပဲ ကွာတာပါပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ NLD ဟာ ဒီတသက်မှာ စစ်မှန်တဲ့ ဒီမိုကရေစီကို ရအောင်တိုက်မယ်ဆိုရင် ထိပ်တိုက်ရင်ဆိုင်မှုကို မရှောင်နိုင်ဘူးလို့ မြင်မိတယ်။

Passive နည်းနဲ့ ရင်ဆိုင်ရင်တော့ ဒေါ်စု အသက်ရလာတာနဲ့အမျှ NLD ဟာ တဖြည်းဖြည်း ပျောက်ကွယ် သွားမှာပဲ။

၁၉၉ဝ ရလဒ်ကို စွဲကိုင်ပြီး တက်တက်ကြွကြွ ရင်ဆိုင်ရင်၊ ပထမတော့ နှိပ်ကွပ်မှု ခံရမယ်။ စွန့်လွတ်မှုတွေ ရှိလာမယ်။ ဒါပေမဲ့ NLD အရောင်တောက်လာမယ်။ အရှိန်ရလို့ လူထု လမ်းပေါ်ရောက်လာရင် ဒုတိယအဆင့် ဗျူဟာကျကျ စစ်တိုက်သလို ရင်ဆိုင်ရမှာပေါ့။ ဒုတိယအဆင့်ကို ကျော်နိုင်မယ် မကျော်နိုင်ဘူးဆိုတာ ခေါင်းဆောင်မှုနဲ့ ဖော်ထုတ်မှု Implementation အပေါ် မူတည်တာပေါ့။

ကျနော့်အထင်ကတော့ သတ္တိရှိတဲ့ မျိုးဆက်သစ်လူငယ် ခေါင်းဆောင်တွေ ပေါ်လာမယ်။ ပေါ်လာအောင် လူကြီးတွေက ဝိုင်းကူညီကြရမယ်။ တိုက်ပွဲကမှ တကယ့်ခေါင်းဆောင်ဆိုတာ ပေါ်နိုင်တာကိုး။

NLD ခေါင်းဆောင်တွေ အနေနဲ့လည်း စဉ်းစားရမှာက Idealism လို့ ခေါ်တဲ့ ယုံကြည်မှု အတွေးအခေါ်က ပိုအရေးကြီးသလား ? တိုင်းပြည်နဲ့ လူမျိုး၊ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေးဟာ အဓိကကျသလား? ဆိုတာကို ရွေးချယ်ကြရလိမ့်မယ်။

တရုတ်ပြည် ကွန်မြုနစ်ပါတီ သမိုင်းကိုကြည့်ရင် မော်စီတုံးဟာ တရုတ်တွေ သန်းချီပြီးသေဆုံးတာကို ဂရုမထားနိုင်။ တရုတ်ကွန်မြူနစ်ပါတီကြီး ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ပျက်စီးလုနီးပါး ဖရိုဖရဲ ဖြစ်တာကို အလေးမထားနိုင်။ ငါ့အတွေးအခေါ် မှန်တယ်ဆိုပြီး Idealism ကြီးကို ဆွဲကိုင်ပြီး သေသွားတယ်။

တိန့်ရှောင်ဖိန်က ကွန်မြူနစ်စနစ်ကို ယုံကြည်တယ်။ ဒါပေမဲ့ ကွန်မြူနစ် Idealism ဟာ လက်တွေ့ မဖြစ်နိုင်တာကို သိလာတော့ ဈေးကွက်စီးပွားရေးစနစ်ကို တိုင်းပြည်တိုးတက်မှုအတွက် အသုံးချပေမယ့် တိန့်ရှောင်ဖိန်ဟာ ကွန်မြူနစ်ပါတီ စိုးမိုးရေးနဲ့ တိုင်းပြည်တိုးတက်ရေးကို ဦးစားပေးသွားတဲ့ လက်တွေ့ဆန်တဲ့ နိုင်ငံရေးသမား Pragmatic Politician အနေနဲ့ သေသွားခဲ့တယ်။

NLD အနေနဲ့လည်း ဒီလမ်းကြောင်း ၂ ခုနည်းတူ တိုင်းပြည်က အရေးကြီးသလား? Idealism အရေးကြီးသလားဆိုတာကို မကြာခင် ဆုံးဖြတ်ရလိမ့်မယ်။ ဒီဆုံးဖြတ်ချက်ပေါ်မှာ မူတည်ပြီး ဗျူဟာ Strategy ချရမယ်။ ဗျူဟာအပေါ် မူတည်ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ရင်ဆိုင်ရမှာကိုး။ ကျနော်ကတော့ ဗိုလ်ချုပ်အောင်ဆန်း နည်းကိုပဲ သဘောကျတယ် (ရရင်ရ မရရင်ချ) ဆိုတာပဲ။


ဗိုလ်ချုပ်အောင်ဆန်းဟာ (ရရင်ရ မရရင်ချ) ဆိုတဲ့ ပေါ်လစီနဲ့ Slogan ကို အော်ထားပေမယ့် လက်တွေ့မှာ သွေးထွက်သံယို မဖြစ်တဲ့နည်းကို သုံးပြီး၊ လွတ်လပ်ရေးကို အရယူနိုင်ခဲ့တယ်။ အင်မတန် နိုင်ငံရေး လိမ္မာ ပါးနပ်တဲ့ လက်တွေ့ဆန်တဲ့ နိုင်ငံရေးသမား တယောက်ပေပဲ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ရင်ဆိုင်ရတဲ့ ကိုလိုနီ အင်္ဂလိပ်နဲ့ ကျနော်တို့ခေတ် ရင်ဆိုင်ရတဲ့ နအဖ စစ်အာဏာရှင်တွေဟာ လုံးလုံးမတူဘူး။ နိုင်ငံရေးမှာ ကိုယ့်ဆန့်ကျင်ဘက်ကို ရွေးလို့ ရတာမှ မဟုတ်တာ။ အချိန်အခါနဲ့ အခြေအနေက ဖော်ထုတ်ပေးတဲ့ ဆန့်ကျင်ဘက်ကို ဥာဏ်စွမ်းရှိမှ ရင်ဆိုင်ကြရတာပဲ မဟုတ်လား?

ဆရာစံ သူပုန်ထတဲ့ အချိန်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီး လက်ပန်းကျနေတဲ့ ဗိုလ်ချုပ်တို့ခေတ် အချိန်အခါချင်း မတူကြဘူး မဟုတ်လား? နေမဝင်အင်ပါယာအနေနဲ့ မာနတက်နေတုန်းက မြန်မာ့မျိုးချစ် ဂဠုန် စစ်သားတွေကို ရက်ရက်စက်စက် သတ်ခဲ့ကြပြီး ဆရာစံကို ကြိုးပေးခဲ့ကြတာပဲ မဟုတ်လား။

ဗိုလ်ချုပ်အောင်ဆန်းကိုတောင် ငမိုက်သားတွေက ဖမ်းပြီး ခြေဖျက်ဖို့ ကြံစည်ကြသေးတာပဲ။ ဗိုလ်ချုပ်နောက်မှာ တတိုင်းပြည်လုံး ရှိတယ်ဆိုတာကို သိလို့သာ ဒင်းတို့ ရှေ့မတိုးရဲတာကိုး။
ဘယ်အစိုးရမဆို အာဏာကို လွယ်လွယ်နဲ့ မစွန့်လွတ်ချင်ကြဘူး။ ဒါ အာဏာရဲ့ သဘောတရားပဲ။ ဒီမိုကရေစီ မတည်တံ့ဘဲ လွတ်လပ်တဲ့ ရွေးကောက်ပွဲ မရှိရင် လူတိုင်းလိုလို အာဏာကို မက်ကြတာပဲ။ ဒါ လူ့သဘာဝပဲ။

(ဆက်လက်ဖော်ပြပါမည်။)

No comments: