Wednesday, December 30, 2009

အာရှတော်ဝင်ဆေးခန်းတွင် ဆရာဝန်ပေါ့လျော့မှုကြောင့် လူနာတစ်ဦးသေဆုံး မိသားစုအားသတင်းမပေါက်ရန်ဖိအားပေးဆောင်ရွက်နေ

Kaowao

ရန်ကုန်မြို့ အမှတ်-၂၁၊ ၁၃၄ လမ်း၊ မအူကုန်းတွင်နေထိုင်သူ ဒေါ်ခင်ကြည်အသက် (၆၈)နှစ်သည် အထက်တန်းပြဆရာမ (အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ဒေါ်ခင်ကြည်တွင် ဆီးချို၊ သွေးတိုး၊ နှလုံး ရောဂါများရှိပြီး ဆေးရုံဆေးခန်းများတွင် တက်ရောက်ကုသနေကျ လူနာတစ်ဦးဖြစ်ပြီး နိုဝင်ဘာလနောက်ဆုံး အပါတ်တွင် အာရှတော်ဝင်အထူးကုဆေးခန်း၌ ဆရာဝန်များ၏မှားယွင်းကုသမှုကြောင့် ကွယ်လွန်ခဲ့ရသည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။

ပြီးခဲ့သည့်နိုဝင်ဘာပထမအပါတ်တွင် ခြေ၊လက်နှင့် ကိုယ်တွေပါယောင်ယမ်းလာသောကြောင့် ကျောက်ကပ်ဆရာ ဝန်ထံတွင်ပြသရန် refer လုပ်ပေးခဲ့ပြီး။ ကျောက်ကပ်အထူးကုဆရာဝန်ဒေါက်တာ ဒေါ်ခင်သီတာသွင်က အာရှ တော်ဝင်ဆေးခန်းကို တက်ခိုင်းခဲ့သည်ဟုဆို၏။ လွှဲပြောင်းတက်ရောက်တဲ့နေ့မှာ (၇.၁၁.၂ဝ၉) ရက်နေ့ဖြစ်ပါသည်။

ထို့နောက် တစ်ရက်ခြား ကျောက်ကပ်ဆေးနေရပြီးစုစုပေါင်း (၅) ကြိမ်ဆေးပြီးသွားခဲ့သည်ဟု ၄င်းနှင့် နီးစပ်သူ ဆွေမျိုးတစ်ဦးမှ ပြောဆိုခဲ့သည်။ လူနာ၏ လျှာနှင့်သွားတွင် နာကျင်ကြောင်း ပြောသည့်အတွက် အာရှတော်ဝင် ဆေးခန်းကြီးတွင်ထိုင်သည့် ဒေါ်ကြူကြူဆွေဝင်းမှ လာစစ်ဆေးခဲ့ရာ။ လျှာမှာအနာတွေ့သောကြောင့် biopsy ယူမှ ရမည်၊ သွားများကိုလည်းစစ်ဆေးပေးမည်ဟုဆိုသောကြောင့် (၂၁.၁၁.၂ဝ၉) ရက်နေ့ နံနက် (၇)နာရီတွင် operation theater သွင်းပြီး လျှာတွင် biopsy ယူတဲ့အပြင် သွား(၁၁)ချောင်းကို နှုတ်လိုက်သည်။ (၁ဝ)နာရီ တွင် operation theater မှ ပြန်ထုတ်လာခဲ့ပါသည်။ ထုတ်လာသည့်အချိန်မှစပြီး သတိပြန်လည်လာခြင်းမရှိပါ။ (၂)နာရီ တွင် ICU ဌာနသို့ခေါ်ဆောင်သွားခဲ့ရာ သတိပြန်ရလာခြင်းမရှိဘဲ (၂၂.၁၁.၂ဝဝ၉) ရက်နေ့တွင် နံနက် (၄း၅ဝ) အချိန်တွင် သေဆုံးသွားခဲ့သည်ဟု ဆေးခန်းဝန်ထမ်းတစ်ဦးမှ ပြောပါသည်။ သို့ရာတွင် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါ ဟုရေးသားဖော်ပြခဲ့ပါသည်။ လျှာ biopsy results မှာ ကင်ဆာမဟုတ် ကြောင်း ဓါတ်ခွဲခန်းမှ အကြောင်းပြန်စာကို နောက်ပိုင်းတွင်းသိရသည်ဟု အဆိုပါဆေးခန်း ဝန်ထမ်းမှ ဆက်လက်ပြောဆိုခဲ့ပါသည်။

အမည်မဖေါ်လိုသူ ကျောက်ကပ်ဆရာဝန်တစ်ဦး၏အဆိုအရ အခြားရောဂါများရှိပြီး ကျောက်ကပ်ဆေးနေရသော လူနာကို တစ်ကြိမ်တည်းသွား (၁၁)ချောင်းမနှုတ်သင့်ကြောင်းနှင့် ရောဂါ၏အမျိုးအစား တိတိကျကျမစစ်ဆေးဘဲ နှင့် Death Certificate မှာ သေဆုံးရောဂါဖော်ပြရာတွင် လူကြီးရောဂါဟုပြီး စလွယ်ဆုံးဖြတ်ချက်ချခြင်းသည်
မဖြစ်သင့်ကြောင်း ကောင်းဝါးသတင်းဌာနကိုရှင်းပြခဲ့ပါသည်။

အဆိုပါသေဆုံးမှုကြောင့် True Journal /7 Days News Journal သတင်းထောက်များ မှအသေးစိတ် လာရောက်သတင်းယူမေးမြန်းခဲ့သော်လည်း အာရှတော်ဝင်ဆေးခန်းမှ မထည့်ရန် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

ထို့အပြင် ယခုအခါ သေဆုံးသူကာယကံရှင် မိသားစုအား အာရှတော်ဝင်ဆေးရုံကြီးမှ ဤအကြောင်းအား အပြင်သို့ မပြောရန်၊ မဖော်ရန် အကြိမ်ကြိမ် ဖိအားပေးဆောင်ရွက်နေကြောင်း ကွယ်လွန်သူ၏ မိတ်ဆွေများ ပြောပြချက်အရ သိရှိရပါသည်။

No comments: