ကေအက်စ်
လွန်ခဲ့သော ရက်ပိုင်းများက မိုးရွာနေတတ် သော်လည်း ထိုနေ့အဖို့ စင်ကာပူ ကျွန်းနိုင်ငံ၏ ရာသီဥတုက ကြည်လင်နေသည်။ NTUC Centre တွင် မြန်မာ စကားပြောသံများ ဆူဆူညံညံဖြင့် စည်ကားနေပြီ။
၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့သည် စင်ကာပူနိုင်ငံရှိ စာပေမြတ်နိုးသူများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ အဓိကပံ့ပိုးသူ Myanmar Airway international၊ Future Foundation နှင့် တခြားပံ့ပိုးသူ မြန်မာကုမ္ပဏီများ၊ စင်ကာပူတွင် ဖွင့်ထားသည့် မြန်မာဆိုင်များ၏ ကူညီမှုဖြင့် စင်ကာပူနိုင်ငံတွင် ပထမဦးဆုံး စာပေဟောပြောပွဲကို ကျင်းပခဲ့သည့် နေ့ဖြစ်သည်။
အခမ်းအနား မစတင်မီ စာပေဟောပြောမည့် ဆရာချစ်ဦးညို၊ ဆရာနေ၀င်းမြင့်နှင့် ဆရာမ ဂျူးတို့ ကိုယ်တိုင် စာအုပ်များကို လက်မှတ်ထိုး ရောင်းချပေးနေကြရာ တန်းစီဝယ်ယူသူများ ဓာတ်ပုံရိုက်သူများဖြင့် ကြိတ်ကြိတ် တိုးနေသည်။
အခမ်းအနားစချိန်တွင် နေ့လယ် ၁၂ နာရီခွဲ ကျော်နေပြီ။ Auditorium တခုလုံး ပရိသတ်များဖြင့် ပြည့်နှက်နေ၏။ လူ ၆၀၀ ခန့်ရှိမည် ထင်သည်။ လက်မှတ် တစောင်ကို စင်ကာပူ ၁၅ ဒေါ်လာ (ကျပ် ၁၀၀၀၀ ကျော်ခန့်) ပေးရသည်။ လက်မှတ်များ စောစောစီးစီး ပြတ်လပ်သွားသည်ဟု သတင်းရနေသည်ကတော့ ကြာပြီ။ စင်ကာပူ ဆိုင်ရာ မြန်မာသံအမတ်ကြီးလည်း ဟောပြောပွဲသို့ တက်ရောက် နားထောင်သည်ကို တွေ့ရ သည်။
အခန်းအနားမှူးများ ဖြစ်ကြသော ကိုဘကျော်နှင့် ကိုမြင့်စန်း တို့၏ ပေါ့းပါးပျော်ရွှင်စရာ မိတ်ဆက်စကားများ အပြီးတွင် စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးသူတဦးဖြစ်သော သပြေနု ဆိုင်ပိုင်ရှင် ဒေါ်သန်းသန်းနုက ကျေးဇူးတင်စကား ပြောကြားသည်။
သူက “အဝေးရောက် မြန်မာများအတွက် စိတ်နှလုံးသားအာဟာရ ဖြစ်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောသည်။ ဤပွဲမှ အမြတ်အစွန်းရရှိခဲ့လျှင် မြန်မာပြည်မှ ချို့တဲ့သော စာရေးဆရာများကို ထောက်ပံ့ပေးသွားမည် ဟုလည်း ဆိုသည်။
ပထမဆုံးဟောပြောမည့် ဆရာနေ၀င်းမြင့်၏ အတ္ထုပ္ပတ္တိကို စင်ကာပူနိုင်ငံတွင် ထုတ်ဝေသော သဇင် Success မဂ္ဂဇင်း အယ်ဒီတာ ဆရာကောင်းမြတ်နွယ်က မိတ်ဆက် ဖတ်ကြားပေးသည်။
“တခါသုံး လူ့အဖွဲ့အစည်း” ခေါင်းစဉ်ဖြင့် ဟောပြောသည့် ဆရာနေ၀င်းမြင့်က “ကျွဲမ” သီချင်းကို အသံနေ အသံထားဖြင့် ကျကျနန သီဆို အစပြုပြီးနောက် မြန်မာတို့၏ သဘောသဘာဝ အကြောင်းကို စိတ်ဝင်စားဖွယ် ဟောပြောသွားသည်။
ဆရာက မြန်မာလူမျိုးတို့သည် အတိတ်သမိုင်းရှိသော လူမျိုးဖြစ်ကြောင်း၊ ကိုယ်ပိုင် ယဉ်ကျေးမှု ကိုယ်ပိုင် အနုပညာတို့ဖြင့် စည်းစနစ်ကျန ခိုင်မာစွာ ရပ်တည်ခဲ့ကြကြောင်း၊ နူးညံ့သိမ်မွေ့သော နှလုံးသား ပိုင်ရှင်များ ဖြစ်ကြကြောင်း၊ ယခင်က စာသင်ကျောင်းများတွင် စာကိုသာမက စိတ်ကိုပါ သင်ကြားပေးခဲ့ကြကြောင်းကို မြန်မာသီချင်း၊ ကဗျာ၊ ပြဇာတ်များနှင့် ဆရာကြီးပြင်းလာခဲ့ရသော ကိုယ်ပိုင် အတွေ့အကြုံများမှ တဆင့် ဝေေ၀ဆာဆာ ဟောကြားသွားသည်။ ဆရာ၏ အသံချိုချိုဖြင့် ဆိုပြသော မြန်မာသီချင်းများ၊ ကြားညှပ် ဖောက်သော ဟာသများကို ပရိသတ်အလွန် သဘောကျကြသည်။
ယခုခေတ်တွင် စာသင်ကြားပေးသော ဆရာ၊ ဆရာမများ ကိုယ်တိုင် မြန်မာစာပေနှင့် ပတ်သက်၍ သေသေချာချာ သိရှိနားလည်မှုများ နည်းပါးလာကြောင်းကို ဆရာနေဝင်းမြင့်က ထောက်ပြသွားသည်။ ယခုအခါ တခါသုံး အစားအသောက်၊ အ၀တ်အစား နေထိုင်မှုများဖြင့် တခါသုံး လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှု အသစ်များက သွေးတိုးစမ်းလာပြီဟုလည်း ဆရာက ဆိုသည်။
တိုးတက်ပြောင်းလဲလာသော ခေတ်တွင် ဦးနှောက်တံခါးများ ပွင့်နေသော်လည်း တခါသုံး စိတ်ဓာတ်များဖြင့် နှလုံးသားတံခါးများ ပိတ်မသွားရလေအောင် မြန်မာတို့၏ ယဉ်ကျေးမှု၊ စာပေ။ ဘာသာစကား အမွေအနှစ်များကို မျိုးဆက်သစ်တို့အား မပြတ် လက်ဆင့်ကမ်းပေးရမည့် တာဝန်ရှိကြောင်း ပြောရင်း ကံမြဲ ကိုအေးကျော် စပ်ဆိုခဲ့သော “ရုပ်သေးပွဲသွားရအောင်” ဟူသည့် ရှေးသီချင်းတပုဒ် သီဆို၍ သူ၏ ဟောပြောချက်ကို နိဂုံးချုပ်လိုက်သည်။
ဆရာနေ၀င်းမြင့် ဟောပြောပြီးချိန်တွင် ၂ နာရီ မိနစ် ၂၀ ခန့်ရှိပြီ။ ခဏ နားချိန်တွင် ဟောပြောပွဲ တက်ရောက် သူများ အားလုံးကို ဆီထမင်းနှင့် ပုစွန်ခြောက်ကြော်များ ပါဝင်သည့် လက်ဆောင်အိတ်များ ဝေငှသည်။
အခမ်းအနားကို ညနေ ၃ နာရီ ခန့်တွင် ပြန်စပြီး ဆရာ ကောင်းမြတ်နွယ်က ဟောပြောပွဲ ဖြစ်မြောက်လာရသည့် နောက်ခံ အကြောင်းအရာများကို ပြောပြကာ ဆက်လက်ဟောပြောမည့် ဆရာမဂျူး၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားသည်။ အခမ်းအနား စီစဉ်ပုံမှာ တင်းတင်းတောင့်တောင့် ဖြစ်မနေဘဲ အခန်းအနားမှူး နှစ်ဦး၏ အရွှန်းဖောက် ရယ်ရွှင်စရာများကြောင့် ပရိသတ်မှာ ပေါ့ပါးလန်းဆန်းလျက် ရှိသည်။
ဆရာမဂျူး ဟောပြောမည့် ခေါင်းစဉ်က “စာရေးဆရာတယောက်၏ မှတ်စုများ” ဖြစ်သည်။ ဆရာမ၏ ကလေးဘ၀ မှတ်စုများထဲမှ ဆရာမင်းသုဝဏ်ရေးသားသည့် “အေးရိပ်သာတဲ့ ပညောင်ညို” အစချီသော “၀င်္ကပါ” အမည်ရသည့် ကဗျာကို ပထမဆုံး အဖွင့်အနေဖြင့် ရွတ်ပြသွားသည်။
ဆရာမက သူ ဖြတ်သန်းခဲ့သော စာပေမှတ်တိုင်များကို အပိုင်း ၅ ပိုင်း ခွဲကာ ပြောပြသွားသည်။ ပထမဆုံး ဖြတ်သန်းခဲ့သော အကြောင်းအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဆရာမက အချစ်ကို ဖြတ်သန်းခဲ့သော ကာလများအတွက် သူ့မှတ်စုထဲတွင် စွဲလမ်းခဲ့သော စာရေးဆရာမကြည်အေး၏ ကဗျာတပုဒ်နှင့် ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ၏ “သောကခြေရာရတနာ” ကဗျာစု ထဲမှ ကဗျာတပုဒ်ကို ရွတ်ပြသည်။
ပထမဆုံး ပုံနှိပ်ဖော်ပြခြင်းခံရသည့် သူကိုယ်တိုင်ရေးသော “အချစ်” ဟူသည့်ကဗျာကိုလည်း ပေါ့ပေါ့ပါးပါး ရွတ်ပြသွားသေးသည်။ ဤ ကာလများက “ရာဇ၀င်ထဲမှာ မောင့်ကို ထားရစ်ခဲ့” နှင့် “အမှတ်တရ” ကဲ့သို့ သော စာများကို ရေးသားနိုင်ခဲ့သည်ဟု ပြောသည်။ အငြင်းပွားဖွယ် ဖြစ်ခဲ့သော “အမှတ်တရ” ၀တ္ထုထွက်လာခဲ့သည့် နောက်ပိုင်း ဆရာမဂျူးကို Living together ရေးသည့် စာရေးဆရာမ ဟု တချို့က ခေါ်ဝေါ်သတ်မှတ်ကြပုံကို ရယ်သွမ်းသွေးကာ ပြောပြသွားခဲ့သည်။
ဆရာမ၏ ဒုတိယမြောက် ဖြတ်သန်းမှုမှာ ကျား/မ ခွဲခြားမှု ဖြစ်သည်။ “အမျိုးသမီးတို့၏ အချစ်ဆိုသည်မှာ ဘ၀လား” ဟူသည့် စဉ်းစားဖွယ် အတွေးများနှင့် အမျိုးသမီး ဇာတ်ကောင်တို့၏ ထက်မြက်သော စရိုက်များက စာပေလောကတွင် ထူးခြားစွာ ဖောက်ထွက်လာနိုင်ခဲ့သည်။ ဆရာမကို မိန်းမသားဝါဒီ (feminist) ဟု ဝေဖန်ကြပြန်သည်။
“ကမ္ဘာမြေ၏ချစ်သူ” မှအစပြုပြီး အပိုင်း ၃ ဖြစ်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စများကို ဆက်လက် ရေးသားဖြစ်ခဲ့ပုံနှင့် ထိုအခါတွင်လည်း ကြွပ်ကြွပ်အိတ် စာရေးဆရာမဟု တချို့က မှတ်သားထားကြပုံကို ဆရာမက ရယ်ရယ်မောမော ဆက်လက် ရှင်းပြသည်။
စာပေဟောပြောပွဲတခု၌ စတုတ္ထနှစ် စက်မှုတက္ကသိုလ် ကျောင်းသားတဦး၏ “အလုပ်အကိုင် ရှားပါးတဲ့ ခေတ်ကြီး မှာ ကျောင်းဆက်တက် ရမလား၊ ကျောင်းထွက်ပြီး အလုပ်လုပ်ရမလား” ဟူသည့် မေးခွန်းကို ဖြေကြား ပေးရာမှ ဆရာမဂျူး၏ ဖြတ်သန်းမှု အပိုင်း ၄ ဖြစ်သော ပညာရေးအကြောင်းကို အာရုံစူးစိုက် မိခဲ့ပြန် သည်။
“အပိုင်း ၅ အဖြစ် နောက်ဆုံး ဖြတ်သန်းမှုကတော့ လူသားချင်းစာနာ ကူညီမှု Humanitarian ကိစ္စတွေကို အာရုံဝင်စားနေတယ်” ဟု ဆရာမက ဆိုသည်။
ဆရာမဂျူး၏ လတ်တလော လက်ရာ ဖြစ်သည့် “သူမင်းကို ဘယ်တော့မှ” တွင် လက်ရှိဖြတ်သန်းနေရသော လူမှုရေး ကူညီမှုများနှင့် ခံစားစာနာမိသော လူမှုဘ၀များကို ထင်ဟပ်ထားခဲ့သည်။
ပစ္စုပ္ပန်ထက် ပိုကောင်းသော အနာဂတ်များကို ဖန်တီးရန် မျိုးဆက်များတွင် တာဝန်ရှိကြောင်း၊ ပိုကောင်းသော အနာဂတ်များအတွက် အားမလျှော့သင့်ကြောင်း မှတ်သားဖွယ် စကားများနှင့်အတူ ဆရာမဂျူးက ဆရာ မင်းသုဝဏ်၏ “သပြေညို” ကဗျာကို ရွတ်ဆိုကာ ဟောပြောမှုကို အဆုံးသတ်သွားသည်။
နောက်ဆုံး အလှည့်ကျ ဟောပြောသူမှာ ဆရာချစ်ဦးညိုဖြစ်သည်။ “အနုပညာဖန်တီးသူနှင့် အနုပညာခံစားသူ” ဟူသည့် ခေါင်းစဉ်ကို ကြားကတည်းက ပရိသတ်က စိတ်ဝင်စားနေနှင့်ပြီ။ ဆရာ့အတ္ထုပ္ပတ္တိကို ဆရာ ကောင်းမြတ်နွယ်ကပင် ဖတ်ကြားပေးသည်။
စာပေအကြောင်းအရာများ မဟောပြောခင် ဆရာချစ်ဦးညိုက “အခုတလော ယောင်တယ်၊ စင်ကာပူကို ရောက်တာတောင် ညက အိပ်ခါနီးတော့ ဖရောင်းတိုင်လေး ၃ တိုင်လောက်နဲ့ မီးခြစ်ကလေး၊ ညရေးညတာ ထွက်ဖို့ အနားချပေးထားပါဦးလို့ တောင်းလိုက်မိသေးတယ်” ဟု အသောဖောက်လိုက်ရာ မီးမပျက်သော စင်ကာပူ မြို့ကြီးသား ပရိသတ်များက သဘောကျ ရယ်မောကြသည်။
ထို့နောက် ဆရာမဂျူး လက်ဆင့်ကမ်းသွားသော သပြေညို ကဗျာကို ဆရာက အသံနေအသံထားဖြင့် ပြန်လည် ရွတ်ဆိုပြသည်။ ဖန်တီးသူက ခံစားချက်အစစ်အမှန်ဖြင့် အလေးအနက် ဖန်တီးခဲ့သော အနုပညာများကို ခံစားသူက ဖျော်ဖြေမှု သက်သက်သာမက နှလုံးသားဖြင့် နားလည်ခံစားနိုင်မှသာ တာဝန်ကျေမည် ဆိုသည်ကို ဆရာက သာဓကများစွာဖြင့် ပြောပြသည်။
အနုပညာ ဖန်တီးရာတွင် ရိုးသားမှုက အရေးအကြီးဆုံး ဖြစ်ကြောင်း တေးရေးဆရာ ဗိုလ်ကလေး တင့်အောင် ပြောပြခဲ့သော အဖြစ်အပျက်တခုကို ဆရာက ပြန်ပြောပြသည်။
ဝန်ကြီးချုပ် ဦးနု လက်ထက်က ပြည်တော်သာ စီမံကိန်းအတွက် သီချင်းစပ်ဆိုပြိုင်ပွဲ လုပ်ခဲ့ရာ ဆရာဗိုလ်ကလေး တင့်အောင် စပ်သော သီချင်းမှာ ဆုရပြီး ရေဒီယိုမှ လွှင့်ခဲ့ရသော်လည်း ရေးစပ်သူကိုယ်တိုင်သာမက နားထောင် သူများလည်း မေ့သွားပြီဖြစ်ကြောင်း၊ ဆုရရန် ရည်မှန်းကာ ရိုးသားမှု နည်းပါးသော သီချင်းဖြစ်၍ လူအများ နားဝယ် စွဲထင်ကျန်ရစ်ခဲ့ခြင်းမရှိကြောင်း ဆရာဗိုလ်ကလေးတင့်အောင်က သူ့ကိုယ်သူ ၀န်ခံခဲ့သည်ကို ဥပမာပေး၍ ပြန်ပြောင်းပြောပြသည်။
အနုပညာသမားများသည် ချစ်ရေးချစ်ရာအတွက် နူးညံ့သိမ်မွေ့သော ခံစားချက်များ ပေါက်ဖွားတတ်ကြသကဲ့သို့ တိုင်းပြည်အတွက် လိုအပ်လာလျှင် တည်ကြည်ကြံ့ခိုင်စွာ ခွန်အားဖြစ်စေသည့် ဖန်တီးမှုများကို ခံစားသူများ ရင်ထဲ ဖောက်ထွင်းသိမြင်နိုင်သည်အထိ အံ့မခန်း ဖန်တီးနိုင်စွမ်းရှိကြသည်ဟု ဆရာချစ်ဦးညိုက ဆိုသည်။
စစ်အတွင်းကာလက ပြေးလွှားရင်း မိန်းမပျိုတဦးနှင့် အမှတ်မထင်ဆုံခဲ့ချိန် စွဲလမ်းခဲ့ရသော နူးညံ့သည့်ခံစားမှုကို “အုံ့ပုံးချစ်” သီချင်းအဖြစ် နုနုရွရွ စပ်ဆိုခဲ့သည့် ဆရာတင်သည် တို့ဗမာ အစည်းအရုံးအတွက် လူထုကို အားတက် စည်းလုံးစေသည့် “တို့ဗမာ” သီချင်း စာသား သံစဉ်များအား ကြက်သီးမွေးညင်းထဖွယ် ပြောင်မြောက်စွာ ဖွဲ့သီခဲ့ကြောင်း စိတ်ဝင်စားဖွယ် ဟောပြောခဲ့သည်။
အသံကောင်း၊ အဆိုတတ်သော ဆရာချစ်ဦးညိုသည် သီချင်းများ ကဗျာများကို ဆီလျော်သလို ထည့်သွင်း သီဆိုကာ ပရိသတ် မငြီးငွေ့ရအောင် ဟောပြောသွားခဲ့သည်။ ဆရာဇော်ဂျီ ရေးသားသော “ထလော့မြန်မာ အိုမြန်မာတို့” အစချီသည့် “တို့တိုင်းပြည်” ကဗျာကိုလည်း အားမာန်ပါပါ ရွတ်ဆိုသွားခဲ့သည်။
နိဂုံးပိုင်းတွင် လူထုဦးလှ ရေးသားခဲ့သော မျက်မမြင်အသင်းနှင့် စိတ်မနှံ့သည့် အသင်းတို့ ဘောလုံးကန်သည့် ပုံပြင်တပုဒ်ကို ပြောပြခဲ့သည်။ ပရိသတ်များကိုလည်း ကိုယ်ကျင့်ဖြူစင်မှုကို အခြေခံကာ ပညာ အထွဋ် တပ်တင်ပြီး သတိသမ္ပဇဉ် ကိုက်ညီ၍ လောကီလောကုတ္တရာ ဘောလုံးပွဲကြီးတွင် တဘက် အသင်း ဂိုးတိုင်တည်းဟူသော အ၀ိဇ္ဇာမောဟ ဂိုးတိုင်ထဲသို့ ပရဟိတလောကဟိတ အနိုင်ဂိုးများ တလုံးပြီးတလုံး သွင်းနိုင်သော အောင်မြင်သည့် ချန်ပီယံများဖြစ်ကြပါစေဟု ဆုမွန်ကောင်းတောင်းကာ စာပေဟောပြောပွဲကို အဆုံးသတ်ခဲ့သည်။
ဟောပြောပွဲ ပြီးဆုံးချိန်တွင် ညနေ ၆ နာရီခွဲနေပြီ ဖြစ်သည်။ ပရိသတ်များကို ကြည့်ရသည်မှာ ပင်ပန်းငြီးငွေ့ဟန် မတွေ့ရ။ ပထမဦးဆုံးအကြိမ် ဖြစ်သော်လည်း မျှော်လင့်ထားသည်ထက် ပိုမို ချောမွေ့ အောင်မြင်သည့်အပြင် ဟောပြောသူများသည်လည်း နားထောင်သူများ၏ ပေါ့ပါးပျော်ရွှင်မှုကို ကူးစက်ခံစားသွားပုံရသည်။
ပြည်တွင်းပြည်ပ မြန်မာ စာပေအနုပညာ စီးဆင်းဖလှယ်မှုများ ဆထက်ထမ်းပိုး တိုးစေရန်၊ လှပ ယဉ်ကျေးသော နှလုံးသား အာဟာရများ မပျောက်ပျက်စေရန် ဆက်လက်ကြိုးပမ်းနေဦးမည့် စာပေ မြတ်နိုးသူများ၏ အားတက် အပြုံးများနှင့် ပြည့်နှက်နေသော ညနေခင်း တခင်းကို မြင်တွေ့လိုက်ရပါသည်။ ။
No comments:
Post a Comment