Wednesday, December 23, 2009

ချင်းမိုင်သို့ အဲပုဂံ ဧပြီလအထိသာ ပြေးဆွဲမည်

တက်လူ/ ၂၃ ဒီဇင်ဘာ ၂၀၀၉

အဲပုဂံလေကြောင်းလိုင်းမှ ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ တိုးချဲ့ပြေးဆွဲမည့်ခရီးစဉ်ကို ယာယီကာလ အဖြစ်သာ သတ်မှတ်ပြေးဆွဲမည်ဟု သိရသည်။

အဆိုပါခရီးစဉ်ကို လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ (၇) ရက်နေ့မှ ဧပြီ (၂၉) ရက်အထိသာ ပျံသန်းမည်ဖြစ်ကြောင်း အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ခရီးစဉ်စတင်ပျံသန်းမည့် ဇန်န၀ါရီ (၇) ရက် တရက်တည်းအတွက် ပရိုမိုရှင်းရှိပြီး လက်မှတ်ဈေးနှုန်းများကို (၃) မျိုးသတ်မှတ် ထားကြောင်း၊ စတင်ဝယ်သည့်နေ့မှ (၁၄) ရက်ကာလအတွက် အသွားအပြန် (၂၁၇) ဒေါ်လာ၊ (၁) လအတွက် (၂၂၅) ဒေါ်လာ နှင့် (၃) လအတွက် (၂၅၀) ဒေါ်လာ သတ်မှတ်ထားကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ခရီးစဉ် စတင်ပြေးဆွဲမည့်နေ့တွင် ချင်းမိုင်သို့သွားမည့်သူများအား အဲပုဂံလေကြောင်းလိုင်းက ခရီးစဉ်စတင်သည့် အထိမ်းအမှတ် အဖြစ် မေတ္တာဖြင့် ပရိုမိုရှင်းပေးမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဝန်ထမ်းတဦးက ပြောသည်။

သို့သော် ယခုနှစ် ခရီးသွားရာသီအတွက်သာ အဲပုဂံက အဆိုပါခရီးစဉ်ကို စမ်းသပ် ပျံသန်းခြင်းဖြစ်ပြီး နောင်နှစ်ခရီးသွားရာသီ အတွက် မသေချာကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “လေကြောင်းလိုင်းတခု ပြေးဆွဲတယ်ဆိုတာက ဈေးကွက်လိုအပ်ချက်ကြောင့်ဖြစ်တယ်။ ချင်းမိုင်ကို ရန်ကုန်က သွားတဲ့သူတွေ အများကြီး ဖြစ်လာတယ်။ သူတို့က ဘန်ကောက်ကို တဆင့်သွားရတဲ့အတွက် ငွေကြေးနဲ့ အချိန်တွေကုန်တယ်။ ဒီလိုအပ်ချက်အရ ကျနော်တို့လေကြောင်းလိုင်းက ပျံသန်းတာဖြစ်တယ်။ ဒါပေမယ့် ဒီခရီးသွားတရာသီတည်းပဲ ဖြစ်တယ်။ နောက်ဆက်ပြေးမလား၊ မပြေးဘူးလားဆိုတာ ကျနော်တို့ ပြောဖို့စောနေသေးတယ်” ဟု ပြောသည်။

လက်မှတ်များကို ဇန်န၀ါရီ (၁၀) ရက်မှစတင်ပြီး ရန်ကုန်တွင် ကိုလံဘတ်စ် လေယာဉ်လက်မှတ် အရောင်းအေးဂျင့်နှင့် ဆန်းဖား အရောင်းအေးဂျင့် (၂) ခုတွင် ၀ယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ ၀န်ထမ်းက ပြောသည်။

“လူဦးရေ (၁၀၅) ဦး ဒါမှမဟုတ် (၉၇) ဦး စီးနိုင်တဲ့ Fokker 100 လေယာဉ်အမျိုးအစားနဲ့ တပတ်မှာ ကြာသပတေးနဲ့ တနင်္ဂနွေ နှစ်ရက်ပြေးဆွဲမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဲပုဂံလေကြောင်းလိုင်းသည် ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူ များလာသည့်အတွက် အဆိုပါအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့သော်လည်း ပြေးဆွဲမည့်ကာလမှာ ရေရှည်မဟုတ်ဘဲ စမ်းသပ်ခြင်းဖြစ်၍ ခရီးသွားလုပ်ငန်းအပေါ် စေတနာဖြင့်ဆောင်ရွက်ခြင်း မဟုတ်နိုင်ကြောင်း ခရီးသွားကုမ္ပဏီအချို့က ဝေဖန်သည်။

မြန်မာနိုင်ငံမှ ချင်းမိုင်သို့ အလည်ခရီး လာရောက်သူများသာမက စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများလည်း သွားနေကြပြီး ၎င်းတို့အနေဖြင့် ချင်းမိုင်သို့သွားရန် ဘန်ကောက်ကို ဦးစွာသွားရသည့်အတွက် အချိန်နှင့်ငွေကြေး ပိုမိုသုံးစွဲနေရမှုမှ ကင်းဝေးသွားမည်ဖြစ်ကြောင်း ချင်းမိုင်သို့ အမြဲသွားနေသည့် ရန်ကုန်မြို့ခံတဦးက ပြောသည်။

အဲပုဂံလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များအဖြစ် ကူမင်း၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့သို့ ပြေးဆွဲနေကြောင်း ၎င်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ချင်းမိုင်မြို့သို့ ယခင်က အဲမန္တလေး (Air Mandalay) လေကြောင်းလိုင်း ပြေးဆွဲခဲ့ဖူးကြောင်း၊ ယင်းလေကြောင်းလိုင်းသည် ၂၀၀၈ ခု၊ စက်တင်ဘာတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့ရကြောင်း၊ ထိုအချိန်က ခရီးသွားလုပ်ငန်း စီးပွားရေး ကျဆင်းခဲ့ရုံမျှမက ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကာလနှင့်လည်း ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ကြောင်း ပို့ဆောင်ရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

No comments: