အေးချမ်းမြေ့
ကျမအနေနှင့် ခရစ္စမတ်ကာလ မွေးရပ်ဒေသတွင် မိဘ ညီအစ်ကိုမောင်နှမ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အတူဆုံခွင့် မရ သည်မှာ ၂ နှစ်ရှိပြီ ဖြစ်သည်။
ခရစ္စမတ် ဆိုသည်မှာ ခွဲခွာနေရသူများ၊ မိသားစုများ ပြန်ဆုံသည့် ပွဲဖြစ်သည်။ မိသားစု စုစုစည်းစည်းဖြင့် တတ်နိုင်သူကလည်း တတ်နိုင်သလို၊ မရှိသူကလည်း ရှိသလောက်ကလေးဖြင့် စားသောက်ပွဲကလေးများ ကျင်းပလေ့ရှိသည်။ အချင်းချင်း လက် ဆောင်များ ပေးကြသည်။
ခရစ္စမတ်အချိန်တိုင်း ကျမတို့ ဘုရားကျောင်း၌ ရပ်ဝေးတွင် သွားရောက်အလုပ်လုပ်ကြသူများ၊ နိုင်ငံရပ်ခြားတွင် သွားရောက် နေထိုင် အလုပ်လုပ်ကြသူများ ပြန်လာကြသောကြောင့် သူတို့ နှုတ်ဆက်သံဖြင့် စည်ကားနေလေ့ ရှိသည်။ မတွေ့တာကြာသည့် မိတ်ဆွေ အပေါင်းအသင်းများ ပြန်ဆုံသည့် တခုတည်းသော ပွဲလည်းဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၉ နှစ်အကြာကာလက ခရစ်တော်ယေရှု၏ မိခင်ဖြစ်လာမည့် မာရိနှင့် ဘခင် ယောသပ်တို့သည် သူတို့နေထိုင်ရာအရပ်မှ ဝေးလံသည့် နေရပ်ရင်းဖြစ်သော ယုဒပြည် နာဇရက်မြို့သို့ သန်းခေါင်စာရင်းသွင်းရန် ခရီးပြင်း နှင်ကြရသည်။ မွေးရပ်ဌာနီတွင် သူတို့၏ ဆွေမျိုး ညီအစ်ကို မောင်နှမများနှင့် ပြန်လည် ဆုံတွေ့ကြမည် ဖြစ်သည်။ ထို့အတူ ယေရှုမွေးဖွားသည့် အချိန်တွင် အလွန် ဝေးကွာသည့်အရပ်မှ မာဂုပညာရှိများနှင့် သိုးထိန်းများက လာရောက်ဖူးမျှော်ကာ လက်ဆောင် ပဏ္ဏာများဆက်သကြသည်။
ထို့ကြောင့် ခရစ္စမတ်ကာလကို ခွဲခွာနေသည့် မိသားစုဝင်များ ပြန်ဆုံသည့်ပွဲ တပွဲ၊ အချင်းချင်း လက်ဆောင်များ ပေးကြသော ပွဲ တပွဲအဖြစ် ယူဆကြခြင်း ဖြစ်ဟန်တူသည်။
ကျမသန်လျင်တွင် နေထိုင်စဉ်ကတော့ ခရစ္စမတ်အကြို နေ့တွင် အမေက အမဲနှပ်၊ ပဲဟင်းချိုနှင့် မုန်လာချဉ်သုပ် တို့ဖြင့် မိသားစု ညနေစာတည်ခင်းတတ်သည်။
မွေးရပ်မြေဆိုသည်က ဘယ်လောက်ပင် ခေါင်းပါးချို့တဲ့စွာ နေရသည်ဆိုစေကာမူ မိသားစုရင်ငွေ့ကို လှုံရင်း နွေးထွေးရသည့် အရပ်ဖြစ်သည်။ ယခုကဲ့သို့ ပွဲတော်ကာလမျိုးဆိုလျှင် ပိုလို့ပင် မွေးရပ်မြေကို သတိရတတ်ကြသည်။
ယခင်တပတ်က ထွက်သည့် The Voice ဂျာနယ်တွင် ရန်ကုန်အခြေစိုက် အမေရိကန် သံရုံး၌ ခရစ္စမတ်မီးထွန်းပွဲ ကျင်းပသည်ကို ဓာတ်ပုံသတင်းအဖြစ် ဖော်ပြထားကြောင်း တွေ့လိုက်ရသည်။ ထိုင်းနိုင်ငံချင်းမိုင်မြို့က ရှော့ပင်းစင်တာ တခုစာခန့်ပင် မရှိသည့် ခရစ္စမတ်အလှပြင်ဆင်မှုကို တခုတ်တရ ဖော်ပြထားသည့်အတွက် စိတ်မကောင်းဖြစ်ရသည်။
ကျမတို့ရောက်ရှိနေသည့် ထိုင်းနိုင်ငံတွင် ခရစ္စမတ်အတွက် အလှပြင်ဆင်မှုအမျိုးမျိုးကို ဒီဇင်ဘာလ မဆန်းခင်ကတည်းက နေရာတိုင်း၌ တွေ့နေရသည်။ ခရစ္စမတ် တေးသံတွေလည်း နေရာတိုင်းတွင် ကြားနေရပြီ။ ယမန်နှစ်ဒီဇင်ဘာလတုန်းက ကျမ စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသည်။ ခရစ္စမတ်စ် မီးရောင်စုံ ပြင်ဆင်မှုများကို အံ့မခန်းတွေ့ရသည်။ သို့သော် မည်မျှပင် လှပပြည့်စုံစေကာမူ ကျမကတော့ မိသားစုနှင့်ကင်းကွာသည့် ခရစ္စမတ်ကို ဆားမပါသည့်ဟင်းပမာ ခံစားရသည်။ မွေးရပ်ဒေသကို လွမ်းသည့် အလွမ်းကတော့ ကျမအတွက် ဖျောက်ဖျက်၍မရနိုင်။
ဘယ်လိုပဲ ဖယောင်းတိုင်မီးရောင်နှင့် ကျင်းပရသည့် ခရစ္စမတ်ပင် ဖြစ်စေကာမူ ဟော်လိုဂစ်တာကို တဂျမ်းဂျမ်း တီးခတ်ရင်း “We wish you all” “Merry Christmas to you all” ဟု အာခေါင်ခြစ်ကာ အော်ဟစ်နှုတ်ဆက်လိုက်ရသည့် အရသာ၊ ကျမတို့ အော်လိုက်သောကြောင့် အိမ်ရှင်များနိုးလာကာ တံခါးဖွင့်ကြိုဆိုလိုက်သည့် မြင်ကွင်းကို မြင်ရသည့်အရသာကိုသာ မက်မောသည်။
၁၉ ရက်နေ့က ကျမနေသည့်အိမ်ကို ချင်းမိုင်အခြေစိုက် မြန်မာအသင်းတော်တခုမှ ကယ်ရယ် သီချင်းဆို လာသည်။ လူ ၂၀ ခန့်ပါသည်။ ကျမအိမ်ကိုရောက်သည်နှင့် ဦးဆောင်လာသော သင်းအုပ်ဆရာ ဦးကျော်မင်းထွေးက အိမ်ထဲသို့ တန်းဝင်ခိုင်းသည်။ အိမ်ထဲရောက်တော့လည်း “Merry Christmas” ဟု အော်ဟစ်မနှုတ်ဆက်ဘဲ တိုးတိုးသက်သာ နှုတ်ဆက်ကြသည်။ ထို့နောက် သီချင်းကို ပုံမှန်အသံဖြင့်သာ တိုးတိုးညင်သာ သီဆိုကြသည်။ ကျမက တံခါးအားလုံးကို အလုံ လိုက်ပိတ်ပေးရသည်။
ကယ်ရယ် အဖွဲ့တွင် ရွှေ့ပြောင်းအလုပ်သမားများလည်းပါသည်။ တချို့ အလုပ်သမားလက်မှတ် မရှိသူများလည်း ပါနိုင်သည်။ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သည့် ထိုင်းနိုင်ငံတွင် ထိုကဲ့သို့ ကယ်ရယ် သီချင်းဆိုသည့် ယဉ်ကျေးမှုကို လက်ခံသည့်တိုင်အောင် မြန်မာများ၏ ကယ်ရယ်သီချင်းသံကို နှစ်သက်ချင်မှ နှစ်သက်မည်၊ ဘာမှမဖြစ်ခင် ဆင်ခြင်သည့်သဘောဟု ဆရာ ကျော်မင်းထွေးက ဆိုသည်။ သူတို့ပြန်တော့ ည ၁၁ နာရီခန့်သာရှိသေးသည်။ ကျမတို့အိမ်က နောက်ဆုံးအိမ်၊ သူတို့ ပြန်ကြတော့မည်ဟု ပြောသည်။
“မြန်မာပြည်မှာကတော့ ဆင်းရဲပေမယ့် ပိုလွတ်လပ်တယ်လို့ခံစားရတယ်။ မိသားစုတွေနဲ့ဆိုတော့ ပိုပျော်ရတာပေါ့။ ဒီမှာကတော့ သူများအိမ်မှာ၊ သူများမျက်နှာ ကြည့်နေရသလိုပဲ၊ သူတို့ကြိုက်ပါ့မလား ဆိုတာကို အမြဲတွေးနေရတယ်” ဟု ဆရာ ကျော်မင်းထွေး က ဆိုသည်။
ဒီဇင်ဘာ ၂၅ ရက်နေ့က ထိုင်းရုံးပိတ်ရက် မဟုတ်သဖြင့် ခရစ္စမတ်နေ့တွင် နားချင်သည့် အလုပ်သမားများ အဆင်မပြေသကဲ့သို့ ခရစ္စမတ်နေ့တွင် ခရစ္စမတ်ကို မကျင်းပနိုင်ဘဲ တခြားသော အားလပ်ရက်တရက်ရက်ကို ရွေးချယ်ကာ ကျင်းပရသည်ဟု သူကဆိုသည်။
“၂၅ ရက်နေ့မှာ ဆိုင်တွေက ပိုရောင်းရတယ်ဆိုတော့ အလုပ်သမားတွေကို ပေးမနားချင်ကြဘူး။ ခရစ်ယာန်တွေကလည်း အဲဒီနေ့မှာ နားချင်တယ်၊ အဲဒီနေ့နားလို့ တချို့ အလုပ်ပြုတ်တဲ့သူတွေတောင် ရှိတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေအရ ပြည်ပနိုင်ငံများသို့ တရားဝင်ကော၊ တရားမဝင်ပါ ထွက်အလုပ်လုပ်နေရသူ များစွာရှိနေသည်။ တရားဝင် ထွက်အလုပ်လုပ်နေသူများထဲတွင် အဆင်ပြေသူတချို့သာ မိမိတို့၏ ရိုးရာ အခါကြီး ရက်ကြီးများတွင် မိဘရပ်ထံ ပြန်နိုင်ကြသည်။ အများစုကတော့ တခြားနိုင်ငံကသာ မွေးရပ်မြေကို မှန်းဆလွမ်းကြရသည်။
တချို့ ပြည်တွင်း၌ပင် မိသားစုနှင့်ခွဲခွာ အလုပ်လုပ်နေကြရသည်။ ရန်ကုန်မြို့နှင့် အနီးတဝိုက်မြို့နယ်များတွင် ဝေးလံသော နယ်များမှ အိမ်ဖော်အလုပ် လာရောက် လုပ်ကိုင်နေသူ အိမ်ဖော် သိန်းနှင့်ချီ၍ ရှိနေကြောင်း သိရသည်။ ထိုအထဲတွင် ကျမအမေအိမ်၌ အလုပ်လုပ်နေသည့် နော်အယ်ဖောလည်း တယောက် အပါအဝင်ဖြစ်သည်။
ခရစ္စမတ် အချိန်အခါများတွင် ယခုနှစ်တနှစ်သာ မိသားစုနှင့် ခွဲခွာဖူးသည်ဟု အသက် ၁၈ နှစ်အရွယ် နော်အယ်ဖောက ပြောပြသည်။
ယခင်နှစ်များက ခရစ္စမတ်အချိန်ဆိုလျှင် သူ့အမေ၊ အစ်မ၊ မောင်လေး ၂ ယောက်နှင့်အတူ မိသားစု ခရစ္စမတ်ဆင်နွှဲရသည်။ အမေ ကိုယ်တိုင် လုပ်ပေးသည့် ကောက်ညှင်းထုပ်များကို အိမ်နီးနားချင်းများအား လိုက်လံဝေငှသည်။ သူငယ်ချင်းများနှင့် ခရစ္စမတ် ကယ်ရယ်သီချင်းဆို ထွက်ကြသည်ဟု သူက ဆိုသည်။
နော်အယ်ဖောတို့ ပဲခူးတိုင်း ကျိုက်လှကျေးရွာက ဘုရားကျောင်းလေးမှာ ဝတ်ပြုစည်းဝေးတက်ကြသည်။ သူတို့ ညီအစ်မက သီချင်းဆို ဝါသနာပါသောကြောင့် ဝတ်ပြုစည်းဝေးတိုင်းတွင် သီချင်းဆိုကြသည်။ နော်အယ်ဖောက အသက် ၁၈ နှစ်ရှိပြီ၊ အစ်မနှင့်သူက ၂ နှစ်သာ ကွာခြားသဖြင့် ညီအစ်မလိုထက် သူငယ်ချင်းလို ချစ်ကြသည်။
နော်အယ်ဖောက အိမ်ဖော်အလုပ်ကို ယခုတကြိမ်သာ ပထမဆုံး လုပ်ဖူးခြင်းဖြစ်သည်။ သူတို့အဖေ တီဘီရောဂါနှင့် ကွယ်လွန် သွားစဉ်က သူ့အမေတွင် အငယ်ဆုံးမောင်လေး ကိုယ်ဝန်နှင့်ဖြစ်သည်။ ပြီးခဲ့သည့် မိုးတွင်းကာလက ၂ နှစ်အရွယ် မောင်ငယ်လေး သွေးလွန်တုပ်ကွေးဖြစ်တော့ သူတို့ဘိုးဘွားပိုင်ခြံကို ကျပ် ၂ သိန်းနှင့်ပေါင်နှံ၍ ဆေးကုရသည်။ ထိုခြံကို ပြန်ရွေးရန် အတွက် သူတို့ ညီအစ်မ တယောက်တနေရာစီ အိမ်ဖော်အလုပ်ကို လုပ်ကြရသည်ဟု ပြောပြသည်။
တလ ကျပ် ၂ သောင်းရသည့် သူတို့လစာ ၅ လစာစီကို အမေက အိမ်ရှင်များထံမှ ထုတ်ယူသွားပြီး ခြံကို ပြန်ရွေးလိုက်ပြီ ဖြစ် သည်။
ခရစ်ယာန်ဘာသာဝင် တဦးဖြစ်သည့် ကျမမိခင်နှင့်အတူ နေရသော နော်အယ်ဖောအတွက် ခရစ္စမတ်အချိန်တွင် ဘုရားကျောင်း သွားခြင်း၊ သီချင်းဆိုထွက်ခြင်းများ လုပ်ခွင့်ရသည်။ နော်အယ်ဖော၏ အစ်မကတော့ ရန်ကုန်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင် တဦး၏ နေအိမ်တွင် နေရသည်။
“မေမေနဲ့ အစ်မကို လွမ်းပေမယ့် ဒီမှာလည်း ခရစ္စမတ်ရှိတော့ သမီးပျော်ပါတယ်” ဟု နော်အယ်ဖောက ဆိုသည်။
ကျမ အမေကို ဖုန်းခေါ်စဉ် အမေက နော်အယ်ဖော ရေးထားသည့် စာကို ဖတ်ပြသည်။
“မေမေနဲ့မမရေ အားတင်းထားနော်။ မမရေ ညီမလေးကို သတိမရဘူးလား။ ခရစ္စမတ်ရောက်ပြီနော်။ အိမ်မှာ မမနဲ့ ညီမလေး သီချင်းတွေ ဆိုကြတာကို သတိရတယ်၊ မေမေ့ကို သတိရတယ်၊ သမီးရင်ထဲမှာ တမျိုးကြီးပဲ။ မမရယ် မောင်လေးတွေရယ်ကို သမီးချစ်ပါတယ်၊ သိပ်မကြာခင်မှာ သမီးတို့မိသားစု ပြန်ဆုံကြမယ်နော်” ဟု သူရေးထားသည်။
ခရစ္စမတ်အချိန် မိသားစုနှင့် အတူနေခွင့်မရသော နော်အယ်ဖော ရေးထားသည့်စာကို ဖတ်ပြရင်း ကျမအမေက စိတ်မကောင်းဖြစ်နေသည်။ တကယ်တော့ သူကိုယ်တိုင်လည်း ခရစ္စမတ်အချိန် ပြန်ဆုံခွင့်မရသည့် သမီးဖြစ်သူ ကျမကို လွမ်းနေမည်မှာ သေချာသည်။
ယခုအချိန်တွင် သီချင်းဆိုဝါသနာပါသော နော်အယ်ဖောဆိုနေမည့် သီချင်းတပုဒ်ကို ကျမ မှန်းလို့ရသည်။ ထိုသီချင်းကို ကျမလည်း ညည်းနေမိသောကြောင့်ဖြစ်သည်။ ထိုသီချင်းလေးက ကျမတို့ နော်အယ်ဖောတို့လို အိမ်နှင့်ခွဲခွာနေရသည့် ခရစ်ယာန် ဘာသာဝင်တိုင်း ခရစ္စမတ်အချိန်တွင် ညည်းနေမိသည့် သီချင်းဖြစ်သည်။
“အိမ်မှာဆို မိသားစု သိပ်ပျော်နေတော့မယ်၊ အနေဝေးတဲ့ သမီးကို မျှော်ရော့မယ် … ဒီခရစ္စမတ်တေးသံ ကြားတိုင်းစိတ်မှာ အိမ်ကို ပြန်ချင်လွန်းလို့ မျက်ရည်လည်” ဆိုသည့် စာသားများပါဝင်သော “ဒီဇင်ဘာ အလွမ်း” ဆိုသည့် သီချင်းလေးပင် ဖြစ်သည်။
No comments:
Post a Comment