Thursday, December 24, 2009

နယ်ခြားစောင့်တပ် နောက်ဆုံး သတ်မှတ်ရက် ထပ်ရွှေ့နိုင်

သျှမ်းသံတော်ဆင့် ကြာသပတေးနေ့၊ 24 ဒီဇင်ဘာလ 2009

နအဖစစ်တပ်က ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA အပေါ် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ နောက်ဆုံး သတ်မှတ်ချက်အား ထပ်မံရွှေ့ဆိုင်းရဖွယ်ရှိကြောင်း လေ့လာသူများ သုံးသပ်ကြသည်။

ယခုနှစ် ဧပြီလ ၂၈ ရက်နေ့၌ စတင်သော အပစ်ရပ်လက်နက်ကိုင်တပ်ဖွဲ့များ နယ်ခြားစောင့်တပ်အသွင်ပြောင်း ရေးကိစ္စကို UWSA ၀ တပ်ဖွဲ့က ဒီဇင်ဘာလကုန် နောက်ဆုံးထား အကြောင်းပြန်ရမည်ဟု နအဖစစ်တပ်က ရာဇသံပေးထား ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၄ ရက် သျှမ်းပြည်(မြောက်ပိုင်း) တန့်ယန်းမြို့၌ စစ်ဘက်ရေးရာ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ၀ တပ်ဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျဲန် တို့ ဦးဆောင်သော နှစ်ဘက်ကိုယ်စားလှယ်များ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့စဉ် ထိုကဲ့သို့ နောက်ဆုံးရက်သတ်မှတ်ထားခဲ့သည်။

သို့သော်အပစ်ရပ် ၀ တပ်ဖွဲ့ဘက်မှနောက်ဆုံး သတ်မှတ်ရက်ကုန်ဆုံးချိန် နီးကပ်လာသည့်တိုင် မည်သို့မျှ အကြောင်း ပြန်ကြား ခြင်း မရှိသဖြင့် နှစ်ဘက် ထပ် ဆွေးနွေးရအုံးမည့် အလားအလာများ ရှိနေသည်ဟုဆိုသည်။

“သူတို့ထပ်ရွှေ့မယ်လို့ နားလည်ရတာပေါ့။ တရုတ် ဒုသမ္မတ မလာခင် လေးလပတ်အစည်းအဝေးမှာ သဘော ထားတချို့ ကျထားပြီးသားဖြစ်နိုင်တယ်။ ရွှေ့တော့ရွှေ့ရအုံးမဲ့ အခြေအနေရှိပါတယ် ထပ်ပြီးညှိရအုံးမဲ့ အနေအထားပေါ့” ဟု တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စ အကြောင်းမပြန်ခြင်းကြောင့် ၀ တပ်ဖွဲ့ အပေါ်ထိုးစစ်ဆင်တိုက်ခိုက်ရန် မဖြစ်နိုင် သေးကြောင်း သူက ဆိုသည်။

“လောလောဆယ် ထိုးစစ်ဆင်ဖို့ သိပ်မထင်ဘူး၊ တင့်ကားတွေ ဘာတွေနဲ့ ဖြဲချောက်တာ။ ဟိုသွား ဒီသွားလုပ်ပြ တာတွေ ရှိနိုင်တယ်။ တပ်တွေထပ်တိုးတာတော့မရှိသေးဘူး။ စကခ ၁၆ က ပြန်ဆင်းသလိုလုပ်ပြီး အခုထိ ပြန် မဆင်းသေးဘူး။ ဗမာဘက်က တပ်တွေ စု ဖို့ဆိုတာ သိပ်ခက်တာမဟုတ်ဘူး၊ ၀ုန်းဒိုင်း ဆို ခေါ်လိုက်လို့ရတာပဲ” သူကဆိုသည်။

နှစ်ဘက် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀ ခေါင်းဆောင်များက ဒု- ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အချက် (၉) ချက်ပါ သော တောင်းဆိုမှုများတင်ပြသော်လည်း ပယ်ချခံရပြီး နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိုသာ ဆက်လက်ဖိအားပေးလာ သဖြင့်ရာ နှစ်ဘက်ဆက်ဆံရေးလိပ်ခဲတည်းလည်း ဖြစ်ခဲ့သည်မှာ ယနေ့အထိဖြစ်သည်။

အင်အားကြီး အပစ်ရပ် ၀ တပ်ဖွဲ့ကအောက်တိုဘာလကုန်နောက်ဆုံးထား အကြောင်းပြန်ရန် သတိပေးမှုအပေါ် ပထမ တစ်ကြိမ် ငြင်းဆန်ခဲ့သည်သာမက ယခုဒီဇင်ဘာလကုန် သတ်မှတ်ချက်ကိုလည်း အကြောင်းပြန်ကြားခြင်း မရှိသေး သောကြောင့် ထပ်ရွှေ့ရမည့် ပုံပေါ်နေကြောင်း လေ့လာသူများက သုံးသပ်ကြသည်။


ဒီဇင်ဘာ ၁၉ ရက် တရုတ်ဒုသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ၂ ရက်တာ မြန်မာခရီးစဉ်တွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ ကိစ္စဆွေးနွေးရာ နှစ်နိုင်ငံနယ်စပ်တလျှောက်ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းကြရန် ဟူသော အချက်ပါဝင်ကြောင်း တရုတ် ဆင်ဟွာသတင်းအရ သိရသည်။

ယခုနှစ်ကုန်ခါနီး ရက်ပိုင်းအတွင်း တရုတ်နယ်စပ်ရှိ ကချင် အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့တချို့နှင့် နအဖစစ် တပ်တို့ ထပ်မံတွေ့ဆုံဖွယ်ရှိကြောင်း အပစ်ရပ်အဖွဲ့အသိုင်းအ၀ိုင်းဆိုသော်လည်း ၀ တပ်ဖွဲ့နှင့်တွေ့ဆုံမည့် အစီအစဉ် ရှိမရှိကိုမူ တိတိကျကျ မသိရသေးပေ။

No comments: