Monday, December 28, 2009

ရခိုင်တွင် စပါးဈေးနုန်းများ သိသိသာသာ မြှင့်တက်လာ

Narinjara News

ရခိုင်ပြည်နယ်တွင် စပါးဈေး မရှိ ဖြစ်နေရာမှ ယခုအခါ စပါးဈေးနုန်းမှာ သိသိသာသာ မြင့်တက်လာသည်ဟု သိရှိရသည်။

အမည်မဖေါ်လိုသူ ရသေ့တောင် မြို့နယ်မှ လယ်သမား တဦးက “ရခိုင်လိုခေါ်ရင် စပါးကြီး၊ အစိုးရခေါ်ရင်တော့ ကောက်ကြီးလို့ ခေါ်ပါတယ်။ အဲဒီစပါးက တောင်းတစ်ရာကို တသိန်းရှစ်သောင်းထိ တက်လာခဲ့ပါတယ်။ အဲဒီစပါးက တသိန်းငါးသောင်းကနေ ခုလို မြင့်တက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ရခိုင်အခေါ် စပါးချေ၊ အစိုးရအခေါ် ကောက်ငယ် စပါး တောင်းတစ်ရာမှာ ကျပ် တသိန်း ငါးသောင်းထိ မြင့်တက်လာခဲ့ပြီး ယခင်က ကျပ် တသိန်းနှစ်သောင်းသာ ဈေးရှိကြောင်း သိရှိရသည်။

ရခိုင်တွင် ဒေသအတွင်း စပါးကို တင်းစနစ်ဖြင့် ရောင်းချခြင်း မရှိဘဲ တောင်းစနစ်ဖြင့်သာ ရောင်းချကြပြီး အစိုးရနှင့် စစ်တပ်မှ ၀ယ်ယူသောအခါမှသာ တင်းစနစ်ဖြင့် ရောင်းချ ကြသည်ဟု သိရသည်။

တင်းစနစ်ဖြင့် ဆိုပါက လက်ရှိ ကောက်ကြီး စပါးတင်း ၁၀၀ မှာ ကျပ် ၄၅၀၀၀၀ ကျပ်ရှိပြီး ကောက်ငယ်စပါး တင်း ၁၀၀ မှာ ကျပ် ၃၇၅၀၀၀ ကျပ်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ စပါးဈေး အနည်းငယ်ဦးမော့လာသဖြင့် ရခိုင်တောင်သူလယ်သမားများ အနေဖြင့် အနည်းငယ် စိတ်ချမ်းသာရာ ရခဲ့ပုံကို သူက ယခုကဲ့သို့ ပြောသည်။

“လယ်သမားတွေက ခုလို စပါးဈေးတက်လာတဲ့အတွက် အနည်းငယ်တော့ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာကြပါတယ်။ အရင်ကတော့ စပါးဈေးမရှိတဲ့အတွက် လယ်သမားတွေ အရှုံးပေါ်မှာကို စိုးရိမ်ခဲ့ကြပါတယ်။ နောက်ထပ်လည်း စပါးဈေးတွေ တက်လာနိင်စရာရှိပါတယ်။”

စပါးဈေးနုန်းမြှင့်တက်လာကဲ့သို့ တခြားရွှေဈေးနှင့် ကုန်ပစ္စည်းဈေးနုန်းများမှာလည်း ရခိုင်ပြည်နယ်တွင် သိသိသာသာ မြှင့်တက်လာနေသည်ဟု သတင်းရရှိသည်။

No comments: