Sunday, December 27, 2009

မောင်တောရဲ အဖွဲ့ ခြိမ်းခြောက်ငွေတောင်း

Narinjara News

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တော အခြေစိုက် ပြည်သူ့ရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ တဖွဲ့သည် အပျော်ထမ်း ဖဲကစားနေသူများအား ဖမ်းဆီ်း တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ကာ ဖဲကစားနေသူ တဦးစီမှ ကျပ်ငွေ (၁၀) သိန်းစီ တောင်းခံသွားသည်ဟု သတင်းရရှိသည်။

မင်းဆက်ခိုင်(နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တော အခြေစိုက် ပြည်သူ့ရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့ တဖွဲ့သည် အပျော်ထမ်း ဖဲကစားနေသူများအား ဖမ်းဆီ်း တရားစွဲဆိုမည်ဟု ခြိမ်းခြောက်ကာ ဖဲကစားနေသူ တဦးစီမှ ကျပ်ငွေ (၁၀) သိန်းစီ တောင်းခံသွားသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ မောင်တောမြို့ခံ တဦးက “ဖြစ်တာက ခုလ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့်မှာ ဖြစ်ပါတယ်။ စီးပွားရေးသမား လူငယ်တွေက မောင်တောမြို့ အမှတ်(၁)ရပ်ကွက် ကြေးနန်းရုံး အနီးတွင် ဖွင့်လှစ်ထားတဲ့ ဆံပင် ရောင်းဝယ်ရေးဒိုင်မှာ အပျော်ထမ်း ဖဲကစားနေကြပါတယ်။ ခုလို ကစားနေတဲ့ အချိန်မှာ နယ်ထိန်းအောင်ကျော်ခန့် ဦးစီးတဲ့ နယ်ထိန်းတပ်ဖွဲ့က ၀င်ပြီး ဖမ်းပါတယ်။ ဖဲကစားနေသူတွေကို တရားစွဲဆို ဖမ်းဆီးထောင်ချမယ်ဆိုပီး ခြိမ်းခြောက်တော့ ကစားနေတဲ့ သူတွေက ကြောက်ပီး တယောက်ကို ကျပ် ၁၀ သိန်းစီ ပေးလိုက်ရပါတယ်။”

နယ်ထိန်း အောင်ကျော်ခန့် ဦးဆောင်သော နယ်ထိန်းအဖွဲ့မှ ဆံပင်ဒိုင်တွင် ဖဲကစား နေသူများမှာ စီးပွားရေး သမားများ ဖြစ်သဖြင့် ငွေမြက်မြက်ကလေး ရနိုင်မည်ကို သိသဖြင့် ယခုကဲ့သို့ အစီအစဉ်ရှိရှိ ဖမ်းဆီး ငွေတောင်းခံခြင်း ဖြစ်သည်ဟု တခြား အမည်မဖေါ်လိုသူ လူငယ် တဦးကလည်း ပြောသည်။

“အဓိက ကတော့ ဆံပင်အဝယ်ဒိုင်ဆိုတော့ ငွေညစ်ရင် ရနိုင်တယ်လို့ သိတဲ့အတွက် ဖဲကစားနေတာကို အကွက်ချောင်းပြီး အဖမ်းအဆီး လုပ်တဲ့သဘောပါ။ နောက်ပြီးတော့ အဲဒီဝိုင်းမှာ ဗမာပြည်က ဆံပင်ဝယ်ဖို့ ပိုက်ဆံအိတ် ထုတ်ပီး ရောက်နေတဲ့ ကျော်ဟိန်းဆိုတဲ့ လူငယ် တယောက်လည်း ရှိနေတယ်ဆိုတာကို သူတို့သိတော့ အကွက်ပိုင်တဲ့ အခါ ၀င်လုပ်လိုက်တဲ့ သဘောပါ။ ချက်ချင်း နယ်ထိန်း အဖွဲ့က သိန်း ၅၀ ရရှိသွားခဲ့ပါတယ်။”

ယခုကဲသို့ လုပ်ရပ်များကို မောင်တောမြို့တွင် ရှိသော ရဲတပ်ဖွဲ့ တခုတည်းက ပြုလုပ်နေခြင်း မဟုတ်ဘဲ စရဖ (စစ်ထောက်လှမ်းရေး)၊ နစကနှင့် လုံထိန်းများကလည်း ပြုလုပ်နေသည်ဟု သိရသည်။

ယခုနှစ် စက်တင်္ဘာလ အတွင်းကလည်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မဟားဇိုးကျေးရွာမှ မြန်မာနိုင်ငံသို့ ခုနှစ်ရက်နှင့် သွားရောက်လည်ပတ်သူ ရခိုင်စီးပွားရေး သမား လူငယ် တဦးကို ပစ္စတို သေနတ်ဖြင့် အမျိုးမျိုး ခြိမ်းခြောက်ကာ စရဖ အရာရှိ တဦးမှ ငွေ သိန်းသုံးဆယ် တောင်းယူထားလိုက်သည်ဟု သိရသည်။

မောင်တောမြို့တွင် ဖဲဝိုင်းကြီးများနှင့် ချဲ၊ ဘောလုံး လောင်းသော လောင်းကစား ဒိုင်ကြီးများရှိသော်လည်း အာဏာပိုင်များက လစဉ် လာဒ်ငွေရရှိနေသဖြင့် ဖမ်းဆီးခြင်း တစုံတရာ မရှိကြောင်း အရပ်လူကြီးတဦးက ပြောသည်။

“သူတို့(အာဏာပိုင်များ) အနေနဲ့ အမှန်တကယ် လောင်းစကားဝိုင်းတွေ ချဲထီ ဒိုင်တွေကို ဖမ်းချင်တယ်၊ အဲဒီဒိုင် တွေ မရှိအောင် လုပ်ချင်တယ်ဆိုရင် လုပ်လို့ရပါတယ်။ အခုက အဓိကဖြစ်နေတဲ့ ဒိုင်ကြီးတွေကိုကျတော့ ဘာမှမလုပ်ဘူး။ ငွေစားပြီး လွတ်ပေးထားတယ်။ ချဲထီ ဆိုရင်လည်း တကယ် ဒိုင်ကြီးတွေကျ မဖမ်းဘဲ ရပ်ကွက်တကာ လျှောက်ပြီး တပြားရ ငါးမူရ လုပ်ကိုင် စားသောက်နေတဲ့ သူတွေကျတော့ လိုက်ဖမ်းတယ်။ “ ကူညီပါရစေ” ဆိုပြီး ဆိုင်းဘုတ်တပ်ကာ လူထုတွေကို အလုပ်အကျွေးပြုမယ်ဆိုတဲ့ မောင်တောရဲက အကျင့်ပျက် ၀န်ထမ်းတွေ အကြောင်းကတော့ မပြောချင်ဆုံးပါဘဲဗျာ။”

“ ကူညီပါရေစေ” ဟု ဆိုင်းဘုတ်ထောင်ကာ ပြည်သူ့ အကျိုးကို သယ်ပိုးနေသော မောင်တောရဲတပ်ဖွဲ့ အနေဖြင့် ယခုကဲ့သို့ ငွေရနိုင်မည့်သူများကို လိုက်လံ ဖမ်းဆီးပြီး ငွေတောင်းခံလေ့ရှိကာ ငွေမပေးနိုင်သူများကိုမူ ပုဒ်မ အမျိုးမျိုးတပ်ကာ တရားစွဲ ဆိုလေ့ရှိသည်ဟု သိရသည်။

No comments: