Saturday, December 26, 2009

နေပြည်တော် အထူး စီမံချက်ကြောင့် မူဆယ် ၁၀၅ မိုင်တွင် ကုန်သည်များ နစ်နာ

သျှမ်းသံတော်ဆင့် စနေနေ့၊ 26 ဒီဇင်ဘာလ 2009

တရုတ် ကုန်အ၀င် ကားကြီးများကို နှစ်ကြိမ် စစ်ဆေးရသော ကြပ်ပြေး နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီး ဌာန၏ အထူးစီမံချက်သည် ကုန်သည်များကို ထိခိုက်စေကြောင်း နယ်စပ်ကုန်သယ်များက ပြောသည်။

အဆိုပါ စီမံချက်အရ ဒီဇင်ဘာ ၂၀ ရက်နေ့က တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုံ၌ ကုန်ကားများကို နှစ်ကြိမ် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကုန်သွယ်ရေးဇုံရှိ ဒုညွန်မှူး ဦးသောင်းနိုင်က ပထမ တစ်ကြိမ် စစ်ဆေးပြီးသော ကုန်ကား နံပတ်များကို ရေးမှတ်၍ ကိုယ်တိုင် မဲနှိုက်ပြီး နောက်ထပ် တစ်ကြိမ် စစ်ဆေးစေခြင်း ဖြစ်ကြောင်း ကုန်သယ်များက ဆိုသည်။

ထိုသို့ စစ်ဆေးခြင်းသည် ကားပေါ်ပါ ပစ္စည်းများ အတင်အချ စရိတ်ပို ကုန်ကျသည့် အပြင် ပျက်စီးမှုများရှိသဖြင့် နစ်နာစေကြောင်း ကုန်သည်များ နစ်နာလျှက်ရှိကြောင်း မူဆယ်မြို့ကုန်သည်ကြီး တစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“နေပြည်တော်ရဲ့ အထူးစီမံချက် ဆိုပြီးတော့ နှစ်ခါ စစ်ဆေးနေတယ် သဘောကတော့ဗျာ ကုန်ကားအစီး ၁ဝဝ တက်လာ တယ်ဆိုရင် စစ်ဆေးရေးအဖွဲ့တွေက စစ်တယ်ဗျာ ပြီးတဲ့ကားတွေကို စောင့်ခိုင်းထားတယ် ညနေကျ တော့ စစ်ထားတဲ့ ကားအားလုံးကို နံပါတ်တွေ ရေးမှတ်တယ် ပြီးရင် ဒုညွန်မှူး ဦးသောင်းနိုင်က မဲပြန်နှိုက်တယ် မဲကျတဲ့ ကား ၃ စီးကို ထပ်စစ်ဆေးတာ” လို့ အဆိုပါ ကုန်သည်က ပြောသည်။

စစ်ဆေးစဉ် ကားပေါ်ပါ ကုန်ပစ္စည်း အမယ် လွဲမှားခြင်းများ တွေ့ရှိပါက OSS (one stop service ) အဖွဲ့ ခေါင်း ဆောင် ဖြစ်သူ ညွန်မှူးထံ တင်ပြရကာ ပစ္စည်းများ သိမ်းယူခံရကြောင်း သိရသည်။

“ထုံးစံအရဆို မဲနှိုက်တယ်ဆိုရင် ဘာမဲနှိုက်နှိုက် ပေါက်ရင်ပျော်နေရတာ ပေါ့ဗျာ ဒီကောင်တွေမဲကျမှပဲ ပေါက်ရင် နာပြီ သာမှတ် ပစ္စည်းတွေက တင်လိုက်ချလိုက်ဆိုရင် အကွဲအရှတွေကများတယ် အပျောက်အရှတွေရှိတယ်ဗျာ အလုပ်သမားခ အတင်အချတင် ၄ သောင်းလောက်တော့ ကုန်ပြီ ” လို့ သူက ဆက်ပြောသည်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံရှိ ၀န်ထမ်းများကြား ယုံကြည်မှုကင်းမဲ့ခြင်းကြောင့် ယခုလို ပြုလုပ်ခြင်း ဖြစ်နိုင် ကြောင်း ကုန်သည်များက ဆိုသည်။

ယခုရာသီသည် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု သွက်လက် မြန်ဆန် နေချိန်ဖြစ်ပြီး တရုတ်ဘက်မှ မြေဆီ ဓါတ်မြေသြ ဇာ ထော်လာဂျီ အပိုပစ္စည်း ဖရောင်း စသည့် ကုန်များတင်သွင်းနေပြီး မြန်မာဘက်မှ ပြောင်းဖူးစေ့နှင့် ရာသီပေါ် သီးနှံများ တင်ပို့လျှက်ရှိကြောင်း သိရသည်။

No comments: