လ
နယူးဒေလီ (မဇ္စျိမ)။ ။ “ရန်ကုန်ကို မရောက်လာနိုင်ခဲ့ရင် သူငယ်ချင်းတွေလို ဒီအချိန်ဆို ဘိန်းစားဖြစ်မလား၊ စစ်သား ဖြစ်မလား၊ ဘိန်းစိုက် နေမလား၊ လယ်စိုက် စားမလား မသိတော့ဘူး” ဟု ကိုဆိုင်းပီးက တယ်လီဖုန်း လိုင်းပေါ်မှ တဆင့် တုံ့ဆိုင်းတုံ့ဆိုင်း ပြောနေသည်။
ရန်ကုန်တိုင်း ဒဂုံတက္ကသိုလ်မှ မြန်မာစာ ဘွဲ့ရခဲ့သူ ၂၅ နှစ်အရွယ် ဝ အမျိုးသား ကိုဆိုင်းပီးသည် ခရစ်ယာန် အသင်းတော်တခုက ဆရာများ ဦးဆောင် ခေါ်လာသည့် သက်ရွယ်တူ ဝ ကလေး ၃၀ ကျော် အုပ်စုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
“အဓိက မိဘတွေကို ကျေးဇူးတင်တယ်။ ဘုရားသခင် ကျေးဇူးတော်ကြောင့် ဒီလိုဖြစ်လာခဲ့ရတာပါ” ဟု သူက လေသံဝဲဝဲဖြင့် ဆိုလာသည်။
ရန်ကုန်ရောက်တော့ မွေးစားချင်သည့်သူများက လာရောက် ရွေးချယ်ကြသည်။
“ကျနော်တို့ကို ဈေးဝယ်သလိုပေါ့ဗျာ။ မွေးစားမယ့် အိမ်ရှင်တွေက အားလုံးကို ကြည့်ပြီးတော့ ကြိုက်တဲ့ ကလေးရှိရင် ခေါ်သွားတယ်။ အဲလိုပါ” ဟု သူအရွေးခံရစဉ်က ကံထူးရှင် တဦးကဲ့သို့ ပျော်ရွှင်ခဲ့ရသည့် အဖြစ်ကို ပြောပြသည်။
ဝ လူမျိုးစုသည် မြန်မာစစ်အစိုးရ အသိမှတ်ပြု လက်ခံထားသည့် တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ စုတွင် လူမျိုးစုတစု ဖြစ်သည်။ ရန်ကုန်သား အများအပြားအတွက် ဝ လူမျိုးဆိုသည်ကား နားရည်ဝနေသော်လည်း အမြင်စိမ်း နေသေးသည်။
မြန်မာနိုင်ငံတွင် ဝ လူဦးရေ ၇ သိန်းကျော်ရှိသည်။ မြောက်ပိုင်း ဝ နှင့် တောင်ပိုင်း ဝ ဟူ၍ ၂ ပိုင်းခွဲထားရာ၊ တောင်ပိုင်း ဒေသသည် ထိုင်းနယ်စပ်နှင့် လည်းကောင်း၊ မြောက်ပိုင်း ဒေသသည် တရုတ်နယ်စပ်နှင့် လည်းကောင်း ထိစပ်နေသည်။ ဝ တို့သည် လားဟူ၊ ရှမ်း စသည့် လူမျိုးစုများနှင့် စုပေါင်း နေထိုင်ကြသည်။
တရုတ် နိုင်ငံအတွင်း၌မူ ဝ လူဦးရေမှာ ၃ သိန်း ၅ သောင်းကျော် ရှိသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတွင် ၄ တန်းအထိ ပညာ သင်ကြားခဲ့ဖူးသည့် ကိုဆိုင်းပီး၏ မိဘများသည် တောင်ယာ လုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း ပြုကြသည်။ ငွေကြေး မတတ်နိုင်သည့် အဆုံး သားဖြစ်သူကို ရန်ကုန်မြို့ရှိ လူကုန်ထံ အိမ်တအိမ်တွင် အိမ်အကူအဖြစ် ထားရင်း ဆက်လက်၍ ပညာသင်ကြားစေခြင်း ဖြစ်သည်။
ဘာသာစကား အခက်အခဲနှင့် ပညာရေး ရေချိန်ကြောင့် ပထမတန်းသို့ အတန်းချမည်ကို သဘောတူပြီးနောက် ထိုအတန်းတွင် သူ့ထက် ငယ်ရွယ်သူများနှင့် အတူ စာသင်ကြားခွင့် ရရှိခဲ့သည်။
“ကျနော်က ထွားတယ်။ တတန်းက ကလေးတွေနဲ့ သွားထိုင်တော့ အစက တအားရှက်တယ်။ ဆရာမကို အတန်း ပြောင်းပေးဖို့ ပြောတော့ တတန်း မနေချင်ရင် ရွာပြန်ရမယ် ပြောလာလို့ ကျနော် ထပ်မပြောတော့ဘူး” ဟု သူက ရယ်ကာမောကာ ပြောလေသည်။
အိမ်သစ်တွင် ဆွမ်းချက်၊ သန့်ရှင်းရေးနှင့် အဝတ်လျှော်တို့အပြင် တောက်တိုမယ်ရ အလုပ်များကို နေ့စဉ် လုပ်ကိုင်ရသည်။
“ကျနော့်မှာ စာကျက်ချိန်ဆိုလို့ သီးသန့်မရှိခဲ့ပါဘူး။ မနက်အစောကြီး ၅ နာရီဆိုရင် အိပ်ရာထပြီးတော့ ဆွမ်းချက်ရတယ်။ ကျောင်းသွားပြီး ပြန်လာ။ ညဆိုရင် ၁၂ နာရီကျော်မှ အိပ်ယာဝင်ရတယ်''
“ဒီမှာရှိတဲ့ လူငယ်လေးတွေက ကျနော့်ထက်တော့ အခြေအနေ တော်တော် ကောင်းပါတယ်” ဟု လက်ရှိ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်းရှိ ဝ လူငယ်စင်တာတွင် ဘဝတူ ဝ လူငယ်များကို တာဝန်ယူ ထိန်းကြောင်း ပေးနေရင်း သူ့ဘဝ ဖြတ်သန်းမှုများနှင့် နှိုင်းယှဉ်၍ ပြောပြသည်။
လူငယ်စင်တာကို ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့၌ စတင် တည်ထောင်ခဲ့ပြီး ဝ ကလေးငယ်များ၏ ပညာ၊ စိတ်ဓာတ်၊ ဘာသာရေး စသည့် အခြေခံ လိုအပ်ချက်များကို မြှင့်တင်ပေးရန်အတွက် ရည်ရွယ်သည်ဟု ဆိုသည်။
ထို့ပြင် လူမှု ပတ်ဝန်းကျင်အတွင်း သင့်တင့် လျောက်ပတ်စွာ ပြုမူနေထိုင်ကာ၊ ဂုဏ်သိက္ခာရှိရှိဖြင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိသည့် အနာဂတ် ခေါင်းဆောင်များ ဖြစ်လာစေရန် ဦးတည်ပါကြောင်း စင်တာကို ဦးဆောင် တည်ထောင်ခဲ့သူ ဝ အမျိုးသမီး ဒေါ်အေးနွယ်က ပြောသည်။
“(စင်တာ) စလုပ်တုန်းက အင်မတန် ခက်ခဲပါတယ်။ ကလေး အရေအတွက်နဲ့ လိုအပ်တဲ့ ထောက်ပံ့ ကူညီမှုတွေကို ဘာသာရေး အဖွဲ့အစည်းတွေ၊ တဦးချင်း အလှူရှင်တွေ၊ လက်မှု ပစ္စည်းလေးတွေကို ရန်ပုံငွေ ဈေးရောင်းပွဲ လုပ်ပြီးတော့ ရှာဖွေခဲ့ရတာပါ” ဟု သူမက ပြောသည်။
ဝ လူငယ်စင်တာတွင် ပညာ သင်ကြားနေသည့် မိဘမဲ့များ အပါအဝင် လူငယ်ပေါင်း ၄၅ ဦးရှိကာ မူလတန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများမှ တက္ကသိုလ် အဆင့်အထိ ပညာသင်နေသူများ ပါဝင်သည်။ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိုင်းရှူး စသည့် မြို့နယ်များအတွင်းရှိ ကျေးလက်ဒေသများမှ လာရောက်ကြခြင်း ဖြစ်သည်။
လာမည့်နှစ်အတွင်း ဆေးဘက်ဆိုင်ရာ၊ စက်မှု အင်ဂျင်နီယာ၊ ကွန်ပြူတာသိပ္ပံနှင့် ရေကြောင်းသိပ္ပံ သာသာရပ်များဖြင့် ဘွဲ့ရရှိမည့် လူငယ်တချို့ ရှိနေသည်။ စင်တာမှနေ၍ ဘွဲ့ရရှိသွားသူ ဦးရေသည် ၃၀ နီးပါးရှိခဲ့ပြီ ဖြစ်သည်။
ဝ လူငယ်စင်တာသို့ ရောက်ရှိလာပြီး ပညာသင်ကြားနိုင်သူ အချို့ ရှိသော်လည်း အများစုကတော့ ရန်ကုန်တွင် အိမ်အကူအဖြစ် ဝင်လုပ်နေကြရာ စုစုပေါင်းမှာ ၅၀၀ ကျော် ရှိနိုင်သည်ဟု ဆရာမ ဒေါ်အေးနွယ်က ဆိုသည်။
“တချို့အိမ်တွေက ကလေးတွေကို လခမပေးဘဲနဲ့ ကျောင်းထားပေးတယ်။ အိမ်မှာ တောက်တိုမယ်ရလေးတွေ သူတို့ လုပ်ခိုင်းတယ်။ မိဘတွေက သူတို့ ပညာမတတ်ပေမယ့် ကလေးတွေကို ပညာတတ်စေချင်ကြတယ်” ဟု သူမက ပြောသည်။
လူငယ် စင်တာတွင် ပညာသင်ကြားနေသူများထဲတွင် ငွေကြေး အဆင်မပြေသူ အများစုကို အခမဲ့ နေထိုင် စားသောက်ခွင့်ပါ ပေးထားသည်။ အချို့ကိုမူ ကုန်ကျစရိတ်၏ ထက်ဝက်ကို ပေးဆောင်စေခြင်း၊ ငွေကြေး တတ်နိုင်သူများကို အပြည့်အဝ ပေးဆောင်စေသည်။
“ပညာရေးကို အထောက်အကူဖြစ်မယ့် သင်ထောက်ကူ ပစ္စည်းတွေဖြစ်တဲ့ ကွန်ပြူတာတွေက အစ လိုနေပါသေးတယ်။ အခုတော့ သူတို့ ပညာရေး အထောက်ပံ့ကြေးငွေ အပြည့်အစုံ မပံ့ပိုးနိုင်သေးပါဘူး။ အဲဒီအတွက် ကြိုးစားရဦးမှာပါ” ဟု ပြောပြသည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်ကာ ဝ လူငယ် အများအပြားသည် မြို့ပြဒေသများသို့ သွားရောက်ကာ ပညာသင်ယူမှု တိုးပွားလာခဲ့ခြင်း ဖြစ်သည်။
ဝ ဒေသ မြို့နယ်များအတွင်းရှိ ကျေးရွာ သုံးပုံတပုံတွင် ပညာသင်ကျောင်းများ ရှိသည်။ သို့သော် ထိုကျောင်းများကို အရောက်သွားနိုင်ရန် အနည်းဆုံး ၁ နာရီကြာမြင့်သည်။ ဝ အထူးဒေသ (၂) ရှိ ကုန်းမင်ဆန်း (Kong Ming Sang) မြို့နယ်တွင်မူ ကျောင်းကိုရောက်ရန် ၁ နာရီခွဲကျော် ခြေကျင်သွားရသည်။
ထို့ပြင် အရွယ်ရောက်သူ စာတတ်မြောက်မှု နှုန်းမှာလည်း နည်းပါနေကြောင်းနှင့် မန်မန်စိန် မြို့နယ် (မြောက်ပိုင်း) နှင့် နမ်ခမ်းဦး မြို့နယ် (မြောက်ပိုင်း) တို့တွင် အရွယ်ရောက် စာတတ်မြောက်မှုနှုန်းမှာ ၁၂ ရာခိုင်နှုန်းနှင့် ၈ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
မိန်းကလေးများ ကျောင်းတက်မှု နှုန်းသည် ယောက်ျားလေးများနှင့် နှိုင်းယှဉ်လျှင် မန်မန်စိန်တွင် ၁၀ ရာခိုင်နှုန်း အောက်သာ ရှိသည်။
မန်မန်စိန် မြို့နယ်တွင် ၇၆ ရာခိုင်နှုန်းသည် ရှမ်းဘာသာနှင့် စကားကို ရေးနိုင်ဖတ်နိုင် ပြောဆိုနိုင်သော်လည်း၊ နမ်ခမ်းဦး မြို့နယ်တွင် အများစုက တရုတ်ဘာသာနှင့် စကားကို ရေးနိုင်ဖတ်နိုင် ပြောဆိုနိုင်သည်။ ထို့ကြောင့် ဘာသာစကား ကွဲပြားမှုသည် ဝ ဒေသရှိ ကျောင်းပညာ သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် အတားအဆီးတခု ဖြစ်စေသည်ဟု ထိုဒေသကို မကြာခဏ ရောက်ရှိသူ နယ်သာလန် နိုင်ငံသား တဦး၏ လျှို့ဝှက်မှတ်တမ်းတခုက ဖော်ပြထားသည်။
“ဘိန်းအစားထိုး သီးနှံ စလုပ်ခဲ့ကတည်းက ကလေးတွေ သိသိသာသာ ဒီဘက်ထွက်လာတယ်။ ဒီနောက်ပိုင်းမှာတော့ လယ်ယာထွက် သီးနှံတွေက အရင်ကတော့ မထွက်တော့ဘူး။ မိဘတွေက ကလေးတွေကို ကျောင်း ဆက်မထားနိုင်တာတွေ ဖြစ်လာတယ်” ဟု ဝ လူမျိုး၏ သမိုင်းကြောင်းကို ရေးသားပြုစုခဲ့သူ ဆရာမ ဒေါ်အေးနွယ်က ဆိုသည်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ခဲ့သည့် ‘မြန်မာနိုင်ငံက မျိုးဆက် တဆက်လုံး စတေးခံလိုက်ရသည့် ကလေးသူငယ်များ’ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရ၏ နှစ်စဉ် စစ်သုံးစရိတ်သည် ပညာရေး အသုံးစရိတ်ထက် ၂၈ ဆ များပြားကြောင်း နှိုင်းယှဉ် ဖော်ပြသည်။
သူက “ကျနော်တို့ ရွာတွေမှာ ကျောင်းတက်ချိန်က အရမ်းနည်းတယ်။ ဆရာ၊ ဆရာမတွေကလည်း ခဏခဏ ပျက်တယ်။ စာကောင်းကောင်း မသင်ရဘူး” ဟု ကိုဆိုင်းပီးက ပြောသည်။
သူသည် ဝ စင်တာတွင် ၉ တန်းမှစတင်၍ ဘော်ဒါဆောင်နေခဲ့ပြီး ယခုအခါ တက္ကသိုလ်ပညာအထိ ဆည်းပူး အောင်မြင်ခဲ့ပြီ ဖြစ်သည်။
ဗမာပြည် ကွန်မြူနစ်ပါတီ ကြီးစိုးခဲ့ရာ ဒေသဖြစ်ခဲ့ပြီး ဘိန်းစိုက်ပျိုးခြင်းကို အမွေရယူခဲ့သည့် ဝ ဒေသတွင် ကျောင်းနေ ပညာသင်ခြင်းမှာ ဆိုးရွားစွာ နည်းပါးခဲ့သည်။
၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပြီးနောက် ဝ ဒေသတွင် ဘိန်းစိုက်ပျိုးမှု ဧကနှင့် ဘိန်းအထွက်နှုန်း အဆမတန် ကြီးထွားလာရာ နိုင်ငံတကာတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။
ယခုနှစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာဌာန - UNODC အစီရင်ခံစာက မြန်မာနိုင်ငံတွင် ဘိန်း စိုက်ပျိုးမှုသည် ၂၀၀၆ ခုနှစ်နှင့် ဘိန်းစိုက်ပျိုးမှု အစဉ်အလာရှိခဲ့သည့် ဝနှင့် ကချင်လက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံတကာက လက်ညှိုးထိုးနေချိန်တွင် တဖက်က ဘိန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချရာတွင် ထိုဒေသတွင်း မြန်မာ စစ်ခေါင်းဆောင်များ ပါဝင် ပတ်သက်နေမှုကိုမူ နိုင်ငံတကာက လျစ်လျှူရှု ထားကြောင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အနီးကပ် စောင့်ကြည့် လေ့လာနေသူများက ဝေဖန်ထောက်ပြကြသည်။
ဘိန်းစိုက်ပျိုးမှုက ဝ တောင်သူများကိုတော့ ချမ်းသာကြွယ်ဝမှုဆီသို့ ခေါ်ယူပေးနိုင်သည်မဟုတ်။ သို့သော် တရုတ်နိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူ သွယ်တန်းထားသဖြင့် လူနေအိမ်များတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိနေသည်။
တရုတ်ယွမ်ငွေကို အဓိက ထားသုံးစွဲနေပြီး ကာစီနို လောင်းကစားဝိုင်းများ၊ ကာရာအိုကေ ဆိုင်များဖြင့် ကြိတ်ကြိတ်တိုး စည်ကားခဲ့သည်။
ဝ လူမျိုး အကြားမှာပင် ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု ကွာဟချက်များ ရှိနေသော်လည်း ပညာရေးသာလျှင် အဓိက ဖြစ်သည့်အတွက် ဘဝတူ လူငယ်များကို ပညာတတ်များ ဖြစ်လာစေရန် မိမိလူမျိုးအတွက်သာ
ဆက်လက် လုပ်ကိုင်သွားတော့မည် ဖြစ်ကြောင်း ကိုဆိုင်းပီးက ယခုလို ပြောဆိုခဲ့သည်။
“ဒီမှာရှိနေတဲ့ ကျနော့်ဘဝတူ ဝ လူငယ်လေးတွေကို ကျနော့်ဘဝအကြောင်း၊ အခက်အခဲလေးတွေကို နှိုင်းယှဉ် ပြောပြပြီးတော့ စာကြိုးစားဖို့ အမြဲပြောတယ်” ၊ “ပညာရေးမှာ နောက်ကျနေသေးတဲ့ ဝ မျိုးဆက်သစ် လူငယ်တွေကို ကျနော် ဒီကနေပြီးတော့ တတ်နိုင်သလောက် လုပ်ပေးသွားမယ်” ဟု ပြောသည်။
No comments:
Post a Comment