Thursday, December 31, 2009

တောင်ဇလပ်ကို တေးဆိုမယ်


“ညောင်နမ်နူး ရေ ဒါကိုယ့်မြေ၊ ကိုယ့်ဒေသ မဟုတ်ဘူး။ကိုယ့်မြေ ကိုယ့်ဒေသ ကို ပြန်ပါ။ နင့်သား သမီးတွေကို ပူစရာ မလိုဘူး။ငါတို့ စောင့်ရှောက် ထားမယ်။ အခွင့် သာတာနဲ့ နင့်ယောကျာ်း ရှိတဲ့ နေရာကို ငါတို့ လိုက်ပို့မယ်။နင့်သား အငယ်ဆုံး အတွက် ဘာမှမပူနဲ့။ ငါတို့မျိုးနွယ်စု စောင့်ရှောက် ထားတယ်။”

ကပူး ပြောနေတာကို အနူးကြားရဲ့လား မသိဘူး။မကြားဘူးနဲ့ တူပါရဲ့။အနူးဘာမှ ပြန်မပြောဘူး၊ကပူး စကားကို နားထောင်ပြီး အနူးကို ဝိုင်းကြည့်နေတဲ့ သူတွေကတော့ မျက်ရည်တွေ ကျနေတယ်။ အနောင်းကို ချီပွေ့ထားတဲ့ ကပီးကိုလည်း မတွေ့ရတော့ဘူး။အနူးကိုထားပြီး ဒါးလန်းဂိန်း ပြန်ရအောင်လို့ ကပူးက ခေါ်တယ်၊ဒါးလန်းဂိန်း အနူးမပါဘဲ မပြန်ချင်ဘူး၊ အနူးတယောက်ထဲ ကျန်ခဲ့ရမှာ၊ဒါးလန်းဂိန်းကို အနူးက “သားအကြီး အနူးအားကိုးရတာလို့” အမြဲ ပြောတတ်တာလေ၊ အနူးကို တယောက်ထဲထားလို့ ဘယ်ဖြစ်မလဲ ကပူးရယ်။

“ဒါလန်းဂိန်း အနူးကို စကားပြောချင်သေးတယ်နော် ကပူး”

“ဘယ်ဖြစ်မလဲ ကလေးကို ခေါ်သွား”

“မသွားချင်သေးဘူး ကပူး။အနူးကို စကားမပြောရလဲ အနူးပြောတာနားထောင် ချင်တယ်”

ဒါလန်းဂိန်း စကားကြောင့် ကပူးမျက်နှာကို မော့ပြီး မျက်တောင်ခက်လိုက်တယ်။ဘုရားကျောင်းတခုလုံး တိတ်ဆိတ်သွားတယ်။နေလောင်ထားတဲ့ ဒါလန်းဂိန်း ဆံပင်ကို ကြင်နာစွာနဲ့ သပ်တင်ပေးလိုက်တယ်။

“သားအနူးကို မပြောခိုင်းနဲ့ ကပူးပြောပြမယ်။သား ဘာသိချင်လဲ။အိမ်ရောက်တာနဲ့ သား ကြိုက်တာမေး။ ခု အိမ်ပြန်လိုက်အုံး။ ဦးနော်။သားက အကြီးဆုံး အနောင်းတို့ နှစ်ယောက် ကပီး ခေါ်သွားပြီ။ စကား နားထောင်တဲ့ ကလေးကို ဘုရားသခင်ကော၊ အနူးကပါ ချစ်တယ်”

ကပူးစကားကို နားထောင်ပြီးဒါလန်းဂိန်း ခေါင်းငြိမ့်ပြလိုက်တယ်။ဒါလန်းဂိန်း မျက်လုံးထဲမှာ အနူးကို ရော၊ ကပူးကိုပါ ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ကပူးဒါလန်းဂိန်းတော့အိမ်ရောက်တော့ ဒါလန်းဂိန်းတော့မောင်နှမတွေ အိပ်ပျော်နေပြီ။ကပူးတို့ မျိုးနွယ်စုတွေ သူတို့ မောင်နှမသုံးယောက်အတွက် ခေါင်းချင်းရိုက် နေကြတယ်။ ဒါလန်းဂိန်းအပါးက ရေခြားမြေခြားမှာ မွေးကင်းစ ကလေးငယ်ကို ပြုစုဖို့ တာဝန်အတွက် ဒါလန်းဂိန်း အပါးဖက်က နီးစပ်တဲ့ မျိုးနွယ်စုကို ရွေးလိုက်တယ်။ မျိုးနွယ်စု တူပင်မဲ့ မျိုးဆက်နှစ်ဆက်တော့ ခြားတယ်။တော်ပါသေးရဲ့။

မျိုးနွယ်စု တူတာရှိလို့။မရှိရင်လဲ သူတို့ချင်းမျိုးနွယ်စုက တာဝန်ယူရမှာပဲ။ကိုယ့်ဇာတိမြေ ချင်းတောင် ဒေသမှာလဲ မိဘမဲ့ကလေးကိုရွာက သီးသန့် အိမ်ဆောက်ပေးပြီး ရိက္ခာ ပံ့ပိုးရတာပဲမို့လား။

ကပူးလို့ အများခေါ်နေကြတဲ့ “နန့်ခမ်းခင်” က လက်ရှိ ဒီနေရာလေးမှာ မျိုးနွယ်စုတွေရဲ့ ခေါင်းဆောင် ဖြစ်လို့နေရတာ။ဇာတိမြေနဲ့ ဘယ်လောက် ဝေးကွာဝေးကွာ ဓလေ့ထုံးစံတွေကိုတော့ မတိမ်ကော စေချင်ကြဘူး။ ဒီတော့ကား ဇာတိမြေကို လွမ်းတိုင်း၊ မျိုးနွယ်စုတွေထဲကို ရင်သွေးအသစ်တွေ မွေးဖွားလာတိုင်း ကပူးကို သတိရကြတယ်။ ကပူးကို ဖိတ်ခေါ်ကြတယ်။ ဒီအတွက် ကပူး ကြည်နူး ရပါတယ်။ဒါပင်မဲ့ ဒီနေ့လို အဖြစ်မျိုးကိုတော့ ကပူး မကြုံချင်ဘူးလေ။

ညောင်နမ်နူးရဲ့ခင်ပွန်း ရေခြားမြေခြားကို ရောက်သွားပြီး ၆လအကြာမှာ ညောင်နမ်နူး သားယောကျာ်းလေး ဖွားမြင်ပြီး ဆုံးပါးသွားခဲ့တယ်။ကပူးအတော့်ကို ထိတ်လန့်သွားတယ်။ငယ်ရွယ်သူဖြစ်ပြီး လူမမယ် ကလေး သုံးယောက်နဲ့ ကိုယ့်ဘဝ ကိုယ့်အနာဂတ်ကို ဖန်တီးနိုင်တဲ့ နေရာမှာ ဆုံးပါးရတာဘူးမို့လား။

အမျိုးသမီးတွေရဲ့ မိခင်စိတ်ဆိုတာကို ကပူး မြင်ရတော့ ဝမ်းနည်းတဲ့ကြားက ဝမ်းသာမိသေးတယ်။ အမေ ဆိုတာ လူတိုင်းအတွက် အရင်းနှီးဆုံး၊ အနွေးထွေးဆုံး လူသား ဖြစ်တယ်မို့လား။ သဘာဝတရားအရ မသတ္တဝါတွေက မိခင်စိတ်ကို ပိုင်ဆိုင်ထားကြတယ်။ သတ္တဝါများစွာအနက်မှ အသိဥာဏ်ထူးများ ပိုင်ဆိုင်သူ လူ အမျိုးသမီးတွေက မိခင်စိတ် ပိုကြီးမားတတ်တယ်။ အိမ်ထောင်မရှိ၊ သားသမီး မမွေးတဲ့ အမျိုးသမီးတွေမှာလဲ မိခင်စိတ် ဝေဝေစာစာ ရှိပါတယ်။

ညောင်နမ်နူးရဲ့ ရက်သားအရွယ် သားလေးကို နို့ဗူးတိုက်ပြီး စောင့်ရှောက်နေတဲ့ ကပီး(အဒေါ်) ကလဲ အပျိုလေးပဲ။သူလေးက နို့ဗူးတိုက်ပြီး ကလေး ဝေယျာဝစ္စကို မိခင် ကိုယ်စား လုပ်ပေးတယ်။ မိခင်ကိုယ်စား ထွေးဖွေ့တယ်။ သနားစရာ ကလေးသုံးယောက်လုံး အခုတော့ အိပ်မောကျနေပြီ။ အိပ်မောကျနေတဲ့ ဒါလန်းဂိန်း အိမ်မက်ယောင်ရင်း”အနူး” “အနူး” လို့ ခေါ်သံက အားလုံးရင်ကို ထိခိုက်စေတယ်။

“ကပူးရက်လည်မှာ ကပူးပဲထပ်ပြောရမှာနော်” ကလေးတွေကိုစောင့်ရှောက်ရတဲ့ ကျောင်ခန်ကိန်းက ပြောတော့ အားလုံးက သဘောတူကြတယ်။ ဝိညာဉ်တွေက စကားလုံး အတိမ်းအစောင်း မခံဘူးလို့ သူတို့ ယုံကြည်ကြတယ်။ ပထမရက်မှာ အသုဘချတဲ့နေရာကို သွားပြင်ပေးရတယ်။ ရက်သား အရွယ်ကလေးကို အလောင်းထည့်တဲ့ ခေါင်းရဲ့ထိပ်မှာ အမျိုးသမီးကပွေ့ပြီး ရပ်နေတယ်။ ကလေးထိန်းမယ့် ကျောင်ခန်ကိန်းဆီကို အလောင်းကျော်ပြီး ကလေးကို ဟိုဘက်ဒီဘက် သုံးခါပို့ပြီး ကလေးမျက်နှာကို အဝတ်နဲ့ ဖုံးလိုက်တယ်။ ကျောင်ခန်ကိန်းက အခေါင်းထဲက ကလေးမိခင် ညောင်နမ်နူးကို အရက်စက်ဆုံး စကားပြောပြီး ကလေးနဲ့ခွဲလိုက်တယ်။

“နင် ငါတို့နောက် မလိုက်လာနဲ့တော့။ ကလေးက ငါ့ကလေး ဖြစ်သွားပြီ။ နင့်ကလေး မဟုတ်တော့ဘူး”

အဲဒီ့နောက် ညောင်နမ်နူး အနားကို ကျောင်ခန်ကိန်း မသွားရတော့ဘူး။ ဒုတိယ ရက်ကြတော့ မျိုးနွယ်စု အလိုက် အိမ်မှာ ဝမ်းနည်း ပူဆွေးမှုကို အဆုံးသတ်ဖို့ စားသောက်ပွဲရှိတယ်။ တတိယမြောက်နေ့မှာ ခရစ်တော်မှာ အိပ်ပျော်သွားတဲ့ ညောင်နမ်နူးအတွက် အိမ်မှာရှိတဲ့ အကောင်းဆုံး ထမင်းဟင်းပို့ပြီး စကားပြောရမယ်။ ဒီအတွက် ကပူးကို စကားပြောခိုင်းတာ။

“ငါတို့မှာ ရှိသမျှ အကောင်းဆုံး ထမင်းဟင်းတွေ လာပို့တယ်။အိမ်ကိုလည်း အဆက်အသွယ် မလုပ်နဲ့ အိမ်ကိုလည်း ပြန်မလာနဲ့တော့။ သင်ခရီးဆက်တော့။သင့်မိခင် ရှိတဲ့နေရာ၊သင့်ဖခင်ရှိတဲ့ နေရာကို သွားပါ”

အိမ်မက်ရောင်နေတဲ့ ဒါလန်းဂိန်းကို ခေါ်ပြီး သချိုင်္င်းကို သွားရဦးမယ်။ ကလေးတွေအတွက် စိတ်မပူဖို့ ညောင်နမ်နူးကို ပြောရမယ်။ကပူး အဲဒီ့စကားကို ပြောနိုင်ဖို့ အားမွေးရမှာ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ကပူး ရောက်နေတဲ့နေရာက ချင်းတောင်ဒေသနဲ့ သိပ်တူတာပဲ။မြူခိုးတွေဝေရင်၊ တောမီးတွေလောင်ရင် ဇာတိ တောင်ပေါ်ရွာကို ကပူး သတိရမိတယ်။ခုလိုဆောင်းရာသီဆို ရေခဲအောင် အေးတဲ့နေရာပေါ့။ တတောလုံး၊ တတောင်လုံး တောင်ဇလပ်ပွင့်တွေက ရဲရဲနီလို့။လှလိုက်တာ ကြည့်လို့မဝနိုင်အောင်ပါပဲ။ တောင်ဇလပ်ဟာ ချင်းတောင်ကိုကိုယ်စားပြုတဲ့နမိတ်ပုံပါ။

ကပူးဘဝမှာ ဇာတိမြေကိုခွဲပြီး ဒီကိုရောက်ရမယ်လို့ ဘယ်ထင်ပါ့မလဲ။ ၁၉၇၄မှာ ကပူး ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်မှာ သိပ္ပံကျောင်းသားအဖြစ် ဘွဲ့ရတဲ့အထိ နေခဲ့ရတယ်။ကျိုက္ကဆံကွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စု ပွဲတော်အတွက် တိုင်းရင်းသား ရိုးရာပဒေသာကပွဲကို တင်ဆက်ကြတယ်။ဒီပွဲမှာ ကိုယ့်ရိုးရာကို ဖော်ထုတ်တဲ့ တတ်ကြွတဲ့ ပညာတတ်လူငယ်အဖြစ် ကပူးကိုယ်တိုင် ချင်းရိုးရာအကကို ကခဲ့ရတာ။ ချင်းရိုးရာနဲ့ ပတ်သက်ပြီး ကလောင်နဲ့ ဖော်ထုတ်နိုင်ခဲ့တယ်။ ချင်းတောင်တန်းဒေသ ဖွံ့ဖြိုးရမယ်။

ကပူး သင်ထားတဲ့ ပညာတွေနဲ့ ကိုယ့်တိုင်းရင်းသားတွေကို ပညာ ဖြန့်ဖြူးပေးမယ်ပေါ့။ ဘဝဆိုတာ မဆုံးနိုင်တဲ့ သင်ခန်းစာတွေနဲ့ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်း တကျောင်းဖြစ်တဲ့အတွက် ကပူးဘဝမှာ မကုန်ခမ်းနိုင်တဲ့ သင်ကြားစရာတွေ ပြည့်နှက်နေလို့ လောကကျောင်းမှာ ကျောင်းသားအဖြစ်နဲ့ ကပူးခုချိန်ထိ သင်ယူနေတုန်းပါပဲ။

ကပူးဇာတိရွာမှာ ကျောင်းဆရာအဖြစ် စာသင်ချင်ပေမယ့် စာသင်ခန်းမရှိဘူး။ကပူးရွာက ကလေးတွေ ကျောင်းနေမဲ့အရွယ်ရောက်ရင် ရွာနဲ့မိုင်းပေါင်းများစွာဝေးတဲ့နေရာကို မိဘတွေက ကျောပိုးပြီး လိုက်ပို့ရတယ်။နေ့ဝက်ခရီးသွားရတဲ့ လူကြီးခြေလှမ်းနဲ့ တောင်ပေါ်ခရီးဟာ မှုလတန်း ကျောင်းသား အရွယ်အတွက် နေ့ခြင်းပြန် ကျောင်းတတ်ဖို့ မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီတော့ကလေးကို ဆွေမျိုးနီးစပ်၊ မျိုးနွယ်စုတူသူတွေဆီမှာ အပ်ရတာပေါ့။ ကျောင်းနှစ်ရှည်ပိတ်မှပြန်။

ကျောင်းဖွင့်ရာသီဆို မိဘနဲ့မခွဲချင်တဲ့ ကလေးတွေရဲ့ ငိုသံ တောတောင်တခုလုံး ညံလို့ပဲ။ သုံးနှစ်တကြိမ် ရွေ့ပြောင်း တောင်ယာနဲ့ အသက်မွေးရတဲ့မိဘတွေကလဲ သိပ်ကို ပင်ပန်း ဆင်းရဲပါတယ်။ ဒါပင်မဲ့ ရင်သွေးရဲ့ ပညာရေးအတွက် အပင်ပန်းခံ၊ စိတ်အဆင်းရဲခံပြီး ကျောင်းရှိတဲ့နေရာကို ပို့ရတာပါ။

ကျောပိုးထဲကရင်သွေးကို ပညာတတ်စေချင်တဲ့ မိဘရဲ့မေတ္တာကို ရင်သွေးငယ်ကတော့ မသိရှာဘူး။ မိဘနဲ့ မခွဲချင်တာပဲ သိတယ်။ တကယ်လည်း ဒီအရွယ်က မိဘနဲ့ ရင်အုပ်မကွာ နေရမဲ့အရွယ်။ ဒီမြင်ကွင်းကို မြင်တိုင်း မိုင်းပေါင်းများစွာ ဝေးတဲ့ စာသင်ခန်းတွေကိုတောင်ပေါ်ဒေသ၊ ရွာထဲအထိ ပို့မယ်ဆိုတဲ့စိတ် ကပူး ရင်ထဲ ပြင်းထန်ခဲ့ရပါတယ်။

“တောင်တန်းဒေသ ဖွံ့ဖြိုးရမယ်။ ခေတ်မှီ ဖွံ့တိုးတတ်တဲ့ နိုင်ငံတော်သစ်ကြီးဆီ”လို့ အသံကောင်း လွှင့်နေချိန်မှာ နှစ်ပေါင်းများစွာ ဆင်းရဲနိမ့်ကျနေတဲ့ ဒေသခံတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကို အုပ်စိုးသူကိုတင်ပြတော့ နိုင်ငံတော် ဆူပူလှူံ့ဆော်မှုနဲ့ ကပူးကို ဖမ်းကြတယ်။ စစ်ကြောရေးမှာ လပေါင်းများစွာ အစစ်ခံရပြီး လွတ်မြောက်နယ်မြေကို ကပူး ရောက်လာခဲ့မိတယ်။လွတ်မြောက်နယ် မြေကနေ ဒုက္ခသည်စခန်း။

ဒုက္ခသည် စခန်းဆိုတာ ခဏတဖြုတ် အလည်လာလို့ ရတဲ့နေရာ မဟုတ်ဘူး။ မိမိနေရင်းဒေသကို စွန့်ခွာ ထွက်ပြေး ခဲ့ရတဲ့သူတွေ။ တိုင်းပြည် မငြိမ် မသက်ခြင်း၊ စနစ် မပြောင်းမလဲခြင်း ပြန်လို့မရတဲ့သူတွေ။

တိုင်းရင်းသား လူမျိုးစုအပေါ် ရန်လိုမုန်းတီးတဲ့ လူငယ် ကျောင်းသားများနဲ့ ရဟန်းရှင် လူ၊ပြည်သူအပေါ် ရန်လိုမုန်းတီးတဲ့ မျိုးချစ်ပြည်ချစ်နဲ့ ပညာရှင်များအပေါ် ရန်လို မုန်းတီးခဲ့တဲ့ စစ်အုပ်စု မပြုတ်သရွေ့ ကပူးတို့ ပြန်လို့ မဖြစ်ဘူး။ ဒုက္ခသည် စခန်းကနေ တတိယနိုင်ငံကို အခြေချ ပြောင်းရွှေ့နေထိုင်တဲ့အခါ

ကပူးတို့လို အသက်ကြီးတဲ့ သူတွေအဖို့ ယဉ်ကျေးမှုအသစ် ဓလေ့ထုံးစံ အသစ်တွေနဲ့ ရင်ဆိုင်ရဦးမယ်။ လူငယ်တွေ အတွက်သာ အလွယ်တကူ အဆင်ပြေနိုင်ပေမယ်။ ကပူးတို့ အတွက်တော့ ကိုယ့်နိုင်ငံ ကိုယ့်တောင်ပေါ် ဒေသမှာ နှစ်ပေါင်းများစွာ အခြေကျနေထိုင်ခဲ့တာ။

ခုတော့ နိုင်ငံမဲ့ ဘဝနဲ့ နေရတဲ့အဖြစ်။ စခန်းပတ်လည် ပတ်ဝန်းကျင်ကတော့ ချင်းတောင်ဒေသနဲ့ သိပ်ကိုတူတာ။ လှေကားထစ် စိုက်ပျိုးခင်းတွေရှိတယ်။ တောတောင်တွေမှာ မြူတွေစိုင်းနေတာ။တိမ်တွေ ပုခက် စီးနေတာ။ မိုးလား၊ တိမ်လား၊ မြူလား မကွဲတဲ့ ရှုခင်းတခုလုံးက ဇာတိမြေနဲ့ တူမှတူ။ ကပူးက တော့ဒီအတုကိုဘဲ အစစ်ဖြစ်အောင်လုပ်ချင်နေတာလေ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

“ကပူး ညောင်နမ်နူးကလေး အငယ်ဆုံးကင်ပွန်းတပ် ဘယ်လိုလုပ်ကြမလဲ” ချင်းထုံးစံတွေကို ပြည့်ပြည့်စုံစုံနားလည်နေတဲ့ကပူးဆီကို အကြောင်းအရာ အသစ်တွေနဲ့ ရောက်လာကြပြန်ပြီ။ ဒေါ်ထန်ဆုန်ပြောလိုက်တဲ့စကားက ကပူးရင်ထဲသိပ်ကိုမောသွားရတယ်။

“ငါတို့လဲ တတိယနိုင်ငံမရောက်သေးဘူး။ဒုက္ခသည်စခန်းထဲမှာမွေးတဲ့ကလေးက သောမတ်စတို့ ဒေးဗစ်တို့ဖြစ်ကုန်ကြပြီ။ကိုယ့်ရိုးရာတောင်ပျောက်တော့မယ်။

ငါတို့ချင်းလူမျိုးရဲ့နာမည်ကိုယ်တောင်မမှည့်ချင်ကြတော့ဘူးလား။ခေတ်လူငယ်တွေခေတ်မှီချင်တာနဲ့ ရိုးရာတော့မေ့ပျောက်ဖို့မကောင်းဘူး” ဒေါ်ထန်ဆုန်က ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံတွေကို မြတ်နိုးတယ်။ အဲဒီ့အပေါ်မှာ တွေးစရာ၊လေးစားစရာတွေကို ရှာဖွေတယ်။ ခံစားတယ်။ ကြည်နူးတယ်။ ပီတိဖြစ်တယ်။ သူလိုဘဲ လူငယ်တွေကို ခံစားစေချင်၊ တန်ဖိုးထားစေချင်တာ။ ကပူးက ဒေါ်ထန်ဆုန်ကို နှစ်သိမ့်လိုက်တယ်။ ”ဒို့မြေ၊ဒို့ရေနဲ့ ဝေးပြီး ဒုက္ခတွေခံစားနေရတော့ မေ့တာလဲဖြစ်မှာပေါ့”

“ငါကတော့ကွယ် ကိုယ့်ရိုးရာ ယဉ်ကျေးမှုမှာ အခြေခံတွေဘာရှိတယ်ဆိုတာ လူငယ်တွေကို သိစေချင်တာဘဲ။ ဒီလိုမှ ခုထဲကမသိရင် ရှေ့လျှောက်သိဖို့ ဝေးသွားပြီ” ကပူးနဲ့ ဒေါ်ထန်ဆုန် စကားပြောနေတာကို ကျောင်ခန်ကိန်း နားထောင်နေမိတယ်။ ချင်းစောင်နဲ့ သိုင်းလွယ်ထားတဲ့ ကလေးငယ်ကတော့ အိပ်ပျော်နေတယ်။ကလေးတွေအဖကလည်း သူရောက်တဲ့နေရာကနေ မိသားစု ပြန်လည် ပေါင်းစည်းဖို့ ကြိုးစားနေတဲ့ အကြောင်း ကပူးတို့ကို အကြောင်းကြား ထားတယ်။ ညောင်နမ်နူး မိဘတွေကလည်း သူ့သမီး ဦးခေါင်းအရိုးကို ပြန်လိုချင်ကြတယ်။ သူတို့ဆီရောက်အောင် သယ်နိုင်ဖို့တို့မျိုးနွယ်စုတွေ ငွေစုနေကြတယ်တဲ့။ ခက်ရချေရဲ့။ ဒါဒုက္ခသည်စခန်း။ ဘယ်ဖြစ်မလဲကွယ်။

ခရစ်ယာန်ဘာသာကို ကိုးကွယ်နေကြပင်မဲ့ ရိုးရာကို ယုံကြည်ကြတယ်။ ကပူးတို့ မြောက်ပိုင်းချင်းတောင်မှာ အဓိက တီးတိန်၊ ဖလမ်း၊ ဟားခါး ချင်းမျိုးနွယ်စုတွေ ရှိတယ်။ စကားတော့ အနည်းငယ် ကွဲတာပေါ့။ ဓလေ့ ထုံးစံတွေလည်း အနည်းအကျဉ်း ကွဲချင်ကွဲမယ်။ အနှစ်သာရကတော့ အတူတူပါပဲ။ ကလေးမွေးလာပြီဆိုရင် မွေးစကလေးကို ကြက်ဥအနှစ် အရင်ဆုံး ကျွေးတယ်။ နည်းနည်းလေးပေါ့။

မွေးမွေးချင်း ကြွေးကြတာ ရောဂါဘယ ခံနိုင်ရည်ရှိတယ်လို့ ဆိုကြတယ်။ကလေး သုံးရက်မြောက်နေ့မှာ ကလေးဆံပင်ကို ဖြတ်ပေးရတယ်။ ဘာကြောင့်လည်းဆိုတော့ ကလေးရဲ့မိခင်က ထင်းခွေ၊ ဆန်ဆေး၊ မီးမွှေးရင် ကလေးဝိညာဉ်က အမေ့ဆီကို ပါသွားတတ်တယ်။ မီးမွှေးရင် မီးထဲပါသွားမှာစိုးလို့ ဆံပင် ညှပ်ထားတာ။

“မင်းကတော့ လူလားမြောက်လာပြီ။ မိခင်နောက်မလိုက်ပါနဲ့” လို့ သဘောရတယ်။ မွေးဖွားပြီးစ မိခင်တဦးကို ဆယ့်ငါးရက်ထိ ဘာမှမလုပ်ခိုင်းဘူး။ အိမ်အပြင် မထွက်ရဘူး။ကလေး ဝိညာဉ် လိုက်တတ်တဲ့ အတွက်ကြောင့်လို့ ယုံကြည်ကြတယ်။

သုံးရက်မြောက်နေ့မှာ ကင်ပွန်းတပ်တယ်။ မိခင်၊ဖခင်ဘက်က လူကြီးတွေက နာမည်ရွေးတယ်။ ဆွေးနွေးတယ်။ ကပူးတို့ တီးတိန်မှာတော့ သားအကြီးဆုံး မွေးလာရင် ဖခင်ဘက်က အဖေနာမည်ကို ယူရတယ်။ မိန်းကလေးဆိုရင် ဖခင်ရဲ့ အမေနာမည်ကို ယူရတယ်။ဒုတိယသားသမီးမှ ကလေး မိခင်ဘက်က မိဘတွေနာမည်ကို ယူရတယ်။

သားဦး ယောက်ျားလေး နာမည်မှာ အဘိုးဘဝကို ဖော်ညွှန်းတဲ့ စကားလုံးပါရမယ်။ သားရဲတိရိစ္ဆာန် တောကောင်တွေကို လိုက်တဲ့၊တော်လှန်ရေး ခေတ်မှာ အင်္ဂလိပ်၊ ဂျပန်ကို တိုက်ထုတ်နိုင်တဲ့၊ တောင်ယာစပါး ဝမ်းစာဖူလုံတဲ့ အကြောင်းအမှီပြုပြီး နာမည်မှည့်ရတယ်။ဒ့ါအပြင် သူတို့ဘဝမှာ ရန်မဖြစ်ဘူး။ ပရဟိတစိတ် ရှိတယ်ဆိုတာ အခြေခံပြီး မှည့်ရတယ်။ကိုယ့်ရဲ့နာမည်ကြည့်ပြီး အဖိုးအဘွားရဲ့ သမိုင်းကို သိတယ်။ဘဝမှာ မိဘမဲ့တယ်။ အထီးကျန်တယ် ဆိုတာကိုလည်း နာမည်ကိုကြည့်ပြီး သိနိုင်တယ်။

ကပူးနာမည်က “နန့်ခင်းခမ်” ။နန့်က အဖိုးနာမည်။ခင်းက အဖိုးက သားရဲတိရိစ္ဆာန် တိုက်တဲ့သူ။ခမ်က စော်ဘွားဆိုတော့ ရပ်ရေး၊ ရွာရေးမှာသူတပါးအတွက် အလုပ်လုပ်ပေးလို့ ခေါ်တာ။ကိုယ်စားပြု ဖော်ညွှန်းတဲ့ ဝိသေသတွေနဲ့ နာမည်မှည့်ရပါတယ်။

နာမည်ရွေးတာကလည်း လိုသေးတယ်။ဥပမာ မိသားစု အသိုင်းအဝိုင်းက ကြီးလွန်းတယ်။ တောင်ယာ စပါးစိုက်ပြီး ဝမ်းစာဖူလုံတဲ့သူက သားရဲတိရိစ္ဆာန်လိုက်တဲ့ နာမည်ပေးရင် မထိုက်တန်လို့ လူက ကံဆိုး တတ်တယ်။ နာမည်က တန်ခိုးရှိတယ်လို့ ယုံကြည်ကြတယ်။ကင်ပွန်းတပ်တဲ့ နာမည်နဲ့ ဘဝကို တကယ် လိုက်နာနိုင်ရဲ့လား။ နာမည်နဲ့ ဘဝကကော ထပ်တူကြရဲ့လားဆိုတာ သတိမှုရတယ်။ နာမည်နဲ့လူ မလိုက်လို့ လူအများကြားမှာ ကဲ့ရဲ့စရာဖြစ်ရင် နာမည်နဲ့ အဆဲခံရရင် သိပ်ကိုနစ်နာတယ်။

နာမည်ရွေးပြီးရင် ကလေး ကင်ပွန်းတပ်မှာ ကျွေးဖို့ ဝက်ကိုကြိုးနဲ့ တိုင်းတယ်။ ရင်ဘက်ကနေ တိုင်းပြီး ကြိုးကိုတိုင်းကြည့်ရင် ငါးဆုပ်ကောင် တတ်နိုင်တယ်။ ခုနစ်ဆုပ်ကောင် တတ်နိုင်တယ်ပေါ့။ နွားနောက် ကျွေးရင်လည်းရတာပဲ။ ချင်းထုံးစံက အောင်ပွဲခံတဲ့နေရာမှာ သာမှု၊ နာမှုမှာ နွားနောက်က အဓိကပဲ။ နွားနောက် ကျွေးမယ်ဆိုရင်တော့ နွားနောက်ရဲ့ ဦးချိုနဲ့ တိုင်းတယ်။ နွားနောက်ဦးချိုက တတောင်ရှိရင်တော့ နာမည်ရတယ်။ ဂုဏ်ပကာသနကို နွားနောက်ရဲ့ ဦးချိုနဲ့ တိုင်းတာတတ်တာ ချင်းဓလေ့ဘဲ။

ကောက်သစ်ဆန်၊ ပြောင်းဖူးကို ထောင်း၊ တစီးနဲ့လုပ်ပြီး စဉ့်အိုးထဲ စိမ်ထားတယ်။ ခုနစ်ရက်တော့ အနည်းဆုံး ထားရတယ်။ ခေါင်ရည်နံ့ မထွက်သေးရင် မဖွင့်ရဘူး။ခေါင်းရည်ဖြစ်ရင်တော့ ခေါက်ရည် နဲ့တွဲပြီး ဧည့်ခံတယ်။ လာတဲ့ ဧည့်တွေကလည်း ခေါင်ရည်အိုးပါတယ်။ ခုခေတ်မှာတော့ တခြား လက်ဆောင် ယူလာကြတယ်။

ကလေး နာမည်က ကောင်းလား၊ ဆိုးလားဆိုတာကို နမိတ်ဖတ်ရတယ်။ ဒါကတော့ ကင်ပွန်းတပ်ပွဲမှာ လုပ်တဲ့ ဝက်၊နွားနောက်ရဲ့ သဲခြေအိတ်ကို ကြည့်ရတယ်။ သံခြေအိပ်ပြည့်ရင် ကလေးဘဝက ကောင်းစားမယ်။ သဲခြေအိပ် မပြည့်ရင် ကလေးဘဝက ဖူလုံမှုမရှိဘူး။

သားကောင်ရဲ့ သရက်ရွက်က ချွန်ထွက်တဲ့ အဖျားက အရှေ့ဘက်ကို ဦးတည်လား၊ အနောက်ဘက်ကို ဦးတည်လား၊ တောင်၊ မြောက်ကို ဦးတည်လားဆိုတာ ကြည့်ရတယ်။ဒါက စီးပွား ကံကောင်းမဲ့ အရပ်ကို ဖော်ညွှန်းတယ်။ ဒီလိုနမိတ်ဖတ်ပြီး သူ့ရဲ့ဘဝ တသက်တာမှာ စီးပွားဖြစ်မဲ့အရပ်ကို အဖိုးအဘွားက ပြောဆို ပေးလိုက်တယ်။

ဒါ့အပြင် ကလေးအတွက် အဖိုးအဘွားက သီချင်း စပ်ပေးတယ်။ငါ့မြေးရေ အဖိုးဘဝက ဒီလိုဘဝတွေကို ဖြတ်သန်းခဲ့တယ်ပေါ့။ ငါ့မြေးက အဖိုးရဲ့အမွေကို ဆက်ခံပါဆိုတဲ့ အဓိပ္ပာယ်ရှိတဲ့ သီချင်းတွေ ဖြစ်ပါတယ်။ ကပူးမှာလည်း အဖိုးစပ်ပေးတဲ့ အဖိုးဘဝရဲ့ ကိုယ်ပိုင်သီချင်း ရှိတယ်။ကပူးမွေးနေ့ရောက်ရင် အဖိုးစပ်ပေးတဲ့ ကိုယ်ပိုင်သီချင်းကို ပြန်ဆိုရတယ်။

ဒါ့ကြောင့် ပြောတာပေါ့။ကိုယ်နဲ့ တသက်တာလုံး မခွဲမခွာရှိမဲ့ နာမည်ဟာ အဓိပ္ပာယ် ပြည့်စုံရမယ်။ အဖိုးအဘွား ကိုယ့်မျိုးနွယ်ကို၊ ကိုယ့်ဘဝကို ကိုယ်စားပြုရမယ်ဆိုတာ ဘယ်လောက်ကောင်းမြတ်တဲ့ ဓလေ့လဲ။

¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥ ¥

ညောင်နမ်နူးရဲ့ သားသမီး သုံးယောက်ကို သူ့အပါးရှိရာ အမေရိကန်ကို ပို့မဲ့နေ့က ကပူးတို့ မျိုးနွယ်စုတွေ မျက်ရည်ဖြိုင်ဖြိုင် ကျရတဲ့နေ့ပေါ့။ ကပူး တစိမ့်စိမ့်လွမ်းရတဲ့ ဇာတိမြေ ချင်းတောင်နဲ့ တူတဲ့ ဒီဒုက္ခသည် စခန်းလေးကနေ တတိယနိုင်ငံကို အခြေချ နေထိုင်ဖို့ ညောင်နမ်နူးတို့ မိသားစုတွေ ရောက်လာခဲ့ကြတယ်။ သို့ပင်မဲ့ ညောင်နမ်နူးတယောက် မိသားစုနဲ့အတူ တတိယနိုင်ငံကို မထွက်ခွာ နိုင်တော့ဘူး။ ဒုက္ခသည် စခန်းရဲ့ သချိုင်္င်းမြေမှာ အိပ်ပျော်နေရစ်ပြီ။ ဒုက္ခသည်စခန်းမှာ ဘယ်သူ့ကို မှ ချန်မထားချင်တဲ့ ကပူးဆန္ဒ မပြည့်စုံခဲ့ရဘူး။

ရက်သား ကလေးလေးကို ပြုစုစောင့်ရှောက်ခဲ့တဲ့ ကျောင်ခန်ကိန်းကလည်း ငိုနေပြီ။တယုတယ ကျွေးမွေး ပြုစုရတဲ့ ကလေးငယ်က သူမြူရင် ရယ်ပြ ပြုံးပြ တတ်တာလေ။ချစ်စဖွယ် အမှုအယာနဲ့ တုန့်ပြန်တတ်တဲ့ အရွယ်ကြမှ ခွဲရတော့တယ်။ဒါလန်းဂိန်းက သိတတ်တဲ့အရွယ်မို့ ခွဲခွာခြင်းဆိုတာ သိတာပေါ့။

“အမေရိကန်လဲ မသွားချင်တော့ပါဘူး ကပူးရယ်။ အနူးရှိတဲ့ ဒီနေရာမှာဘဲ ကပူးတို့နဲ့ ကျနော် နေမယ်နော် ကပူး” ဒါးလန်းဂိန်းစကားက လိုက်ပို့သူ အားလုံးရဲ့ အသဲနှလုံးကို ဆုပ်ခြေ လိုက်သလိုပါဘဲ။ တတိယနိုင်ငံဆီ လူမမယ်ကလေး သုံးယောက်ကို ပို့ဆောင်ပေးမဲ့ ကားပြာကြီးမှာ အိမ်ရှင်နိုင်ငံရဲ့ ဆရာဝန်တွေ ပါတယ်လေ။ UNအစီအစဉ်နဲ့ သွားရမဲ့ခရီးဟာ ကလေးတွေအတွက် လုံခြုံစိတ်ချစေပါတယ်။ သို့ပင်မဲ့ မျက်နှာစိမ်း ရေခြား၊မြေခြား၊ကမ္ဘာခြားကို သွားဖို့ ကလေးတွေမှာ သတ္တိဘယ်ရှိပါ့မလဲ။ကပူးသိပါ တယ် ဒါးလန်းဂိန်းရယ်။

ကပူးဘဝမှာ ခွဲခွာခြင်းတွေ ကြုံခဲ့ပြီးပြီ။ ဒီခွဲခွာခြင်းကတော့ ကလေးတို့အတွက် ကောင်းသော ခွဲခွာခြင်း ပါဘဲ။ကပူး ကိုယ့်ကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး ဒါးလန်းဂိန်းကို စကားပြောရတယ်။

“ကပူးတို့ ချင်းစကားပုံ ရှိတယ် ဒါးလန်းဂိန်း။မတ်စောက်တဲ့လမ်းနဲ့ အသုဘ ဘယ်သူမှ ဝယ်မဲ့သူ မရှိဘူးတဲ့။ ဒါးလန်းဂိန်း အနူးနဲ့ ဒါးလန်းဂိန်းတို့ ဘဝခြားသွားပြီ။ သားက ရှစ်နှစ်ဆိုပင်မဲ့ သူများတွေထက် အရွယ် ရောက်ခဲ့ပြီ။ သားကြီးဆိုတာ ဒို့ချင်းလူမျိုးက သိပ်ကို ဂုဏ်ယူတတ်တယ်။ အနောင်းတို့ကို ဒါးလန်းဂိန်း စောင့်ရှောင့်ရမှာ။ ဒါးလန်းဂိန်းဆိုတဲ့ သားနာမည်ကို အသက်ရှင်သ၍ တည်မြဲရမယ်လို့ ကပူးကို ကတိပေးနော်။

သားနာမည်က သိပ်ကို အဓိပ္ပာယ်ရှိတယ်။ ဒါးဆိုတာ အဖိုး၊လန်းဆိုတာ အမွေဥစ္စာ၊ဂိန်းဆိုတာ ကိုယ့်ပညာ၊ ဥစ္စာအတွက် ကြွားဝါနိုင်တဲ့သူ ဖြစ်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဒီနာမည်နဲ့ အတူ အမျိုးဂုဏ်ကို သား စောင့်ရှောက်နိုင်ပါစေ။

သားအနောင်းရဲ့ တင(မိဘမဲ့)ဆိုတဲ့ နာမည်ကို အပါးဆီ ရောက်ရင် မခေါ်နဲ့တော့။”မန့်လျှန်းခို” လို့ခေါ်။ မန့်ဆိုတာ စည်းစိမ်၊ လျှန်းဆိုတာ ဆွေမျိုး၊ ခိုဆိုတာ သူများအပေါ်မှာ အုပ်စိုးရမယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒီနာမည်က ဒုက္ခသည် ကပူးက သားတို့ကို ပေးနိုင်တဲ့ လက်ဆောင်ပဲ” ကားပြာကြီးရဲ့ ကားဟွန်းသံက ကပူးတို့ မျိုးနွယ်စုနဲ့ ဒါးလန်းဂိန်းတို့ကို ခွဲခွာဖို့ အချက်ပေးလိုက်တဲ့ အသံပါပဲ။ မြူခိုးတွေဝေတဲ့ တောင်ညိုညိုတွေက ခွဲခွာခြင်းကို ပံ့ပိုးလို့ မြူနှင်းတွေ ကျလာတယ်။ မိုးလား၊ တိမ်လား၊ မြူလား ခွဲမရအောင်ဖြစ်တဲ့ သဘာဝတရားက ကပူးတို့ လက်ရှိဘဝလိုပါပဲ။

“ကပူးရေမာန်းထာ” “ကပီးရေမာန်းထာ” “အအူးရေမာန်းထာ” ဆိုတဲ့ ငိုသံနဲ့ နှုတ်ဆက်လိုက်တဲ့ ဒါးလန်းဂိန်းတို့ မောင်နှမတွေရဲ့အသံက တောတောင်တခုလုံး ပဲ့တင် ထပ်သွားတယ်။ ဒါးလန်းဂိန်းတို့ကို တင်ဆောင်သွားတဲ့ ကားပြာကြီးကို ကပူး မျက်စိအောက်က ပျောက်တဲ့အထိ ရပ်ကြည့်နေမိတယ်။ ကားပြာကြီးရဲ့ နောက်မှာတော့ ငှက်ကလေးတကောင် လေဟုန်စီးလို့ ပါသွားလေရဲ့။


No comments: