Saturday, December 26, 2009

နိုင်ငံရေးသမားထံမှ နိုင်ငံရေးသင်ခန်းစာ

ဘိုဘိုကျော်ငြိမ်း

လွန်ခဲ့တဲ့ (၂) နှစ်လောက်က “နိုင်ငံရေးသမား အလိုရှိသည်” ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးခဲ့ဖူးပါတယ်။ ဒီဘက်ခေတ်မှာ လူအများဟာ နိုင်ငံရေးအော်နေကြပေမယ့် ကျနော့်အမြင်မှာတော့ နိုင်ငံရေးတကယ်နားလည်တဲ့ နိုင်ငံရေးသမားတွေက နည်းပြီး ဗျူရိုကရက်နိုင်ငံရေးသမားတွေ၊ အက်တစ်ဗစ်နိုင်ငံရေးသမားတွေက နေရာဦးထားကြတယ်လို့ ယူဆမိလို့ပါ။ အထူးသဖြင့် ပြည်ပမှာပေါ့။ တိုက်တိုက်ဆိုင်ဆိုင် အရင်တပတ်က နိုင်ငံရေးမိတ်ဆွေတဦးဆီ အလည်ဝင်ရင်း စာအုပ်စင်မှာ ဦးတင်မောင်ဝင်းရဲ့ “နိုင်ငံရေးသမားနှင့် နိုင်ငံရေး” စာအုပ်ဆီ မျက်စိရောက်သွားပြီး ဒုတိယအကြိမ် ပြန်ဖတ်မိတယ်။ ဒီစာအုပ်ဟာ နိုင်ငံရေးစိတ်ဝင်စားတဲ့ ခေတ်လူငယ်တိုင်း ဖတ်သင့်တဲ့ စာအုပ်လို့ မြင်မိတယ်။ ဦးတင်မောင်ဝင်းကို သတိရမိသလို ပြောချင်တာတွေကို ရင်ဖွင့်ရင်း နောင်လူငယ်လေးတွေ အတုယူရအောင် နိုင်ငံရေးသမား ဒီလိုပါလားဆိုတာကို သိစေချင်တဲ့စေတနာနဲ့ ဒီဆောင်းပါးကို ရေးမိခြင်းပါ။

နိုင်ငံရေးသမားစစ်စစ်ဖြစ်တဲ့ ဦးတင်မောင်ဝင်းရဲ့ ဘ၀အတွေ့အကြုံတွေက အတုယူစရာ၊ သင်ခန်းစာယူစရာတွေ အမြောက်အမြားရှိလို့ပါပဲ။ လက်ရှိလှုပ်ရှားနေကြတဲ့ ခေါင်းဆောင်အများစုနဲ့ (၈၈) က နယ်ခြားရောက်လာတဲ့ ကျောင်းသား အများစုဟာ ဦးတင်မောင်ဝင်းနဲ့ မလွတ်ကြပါဘူး။ ယူတတ်ရင် ဦးတင်မောင်ဝင်းဆီက ဆည်းပူးစရာတွေ အမြောက်အမြား ရှိပါတယ်။

ဦးတင်မောင်ဝင်းကို ကျနော်တို့ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ သိကြတဲ့အတိုင်း (ကိုတွတ်) လို့ပဲ သိခဲ့ပါတယ်။ ကိုတွတ်ရဲ့ နိုင်ငံရေးစည်းရုံးနိုင်မှုစွမ်းအားကို ထောင်ထဲမှာ ရိပ်ခနဲ တွေ့မြင်ခဲ့ရတယ်။ ဦးသန့်ရေးအခင်းမှာ အဖမ်းခံရတော့ ကျနော်တို့ ညီအစ်ကို (၂) ယောက်ကို စစ်ကြောရေးကာလ (၃) လကျော်ကျော် နံပါတ် (၅) တိုက်မှာ တယောက်တခန်းစီ တိုက်ပိတ်ထားခဲ့တယ်။ ဦးတင်မောင်ဝင်းတို့အလှည့်ပြီးတော့ ကျနော်တို့ အလှည့်ရောက်လာပေမယ့် ဒီတိုက်တန်းတွေက လူတွေနဲ့ ပြည့်လျက်ရှိပြီး ၀ါဒါတွေကလည်း ဒီဝါဒါတွေပဲကိုး။ ဒါ တင်မောင်ဝင်း နေသွားတဲ့အခန်း မာတယ်ကွလို့ ၀ါဒါအိုကြီးက သတိတရ ပြောရှာတယ်။ ၀ါဒါတွေကိုတောင် ရအောင်စည်းရုံးသွားပါလားလို့ ဖျတ်ခနဲ သတိထားလိုက်မိတယ်။

ကျနော် ၁၉၈ရ နှစ်ကုန်လောက်မှာ ၀ါရှင်တန်ဒီစီကိုရောက်ခဲ့ရပြီး (၈၈၈၈) လူထုအုံကြွမှုကြီးမှာ ကျောင်းသားနဲ့ လူထုကို စစ်တပ်က မတရား ပစ်တာခတ်တာတွေကို မြင်တွေ့ရတော့ မခံချင်စိတ်နဲ့ ခံစားနေရတဲ့အချိန် ကိုတွတ်က ၀င်ကူပါကွာဆိုတာနဲ့ ကိုတွတ်ရဲ့အဖွဲ့မှာ ၀င်ကူခဲ့ရတယ်။ ကျောင်းက အောင်ပြီး ဘာမှမကြာသေး၊ မိန်းမနဲ့ ကွဲပြီးကာစ၊ ဘ၀ကို ရုန်းကန်နေရချိန် မှာတောင် ဦးတင်မောင်ဝင်း (ကိုတွတ်) ရဲ့ စည်းရုံးမှုကို မငြင်းနိုင်ခဲ့ဘူး။ ဒါကြောင့် ဦးတင်မောင်ဝင်း (ကိုတွတ်) ကို အတိုင်းအတာတခုအထိ သိခွင့်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲကာလ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဆိုတဲ့ ၀ါဒတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ၀ါဒအရေးကို ဦးစားမပေးဘဲ အမျိုးချစ်စိတ်ကို အားယူပြီး (တိုင်းပြည်လွတ်လပ်ရေး) ကိုပဲ ရည်စူးပြီး တိုက်ပွဲဝင်ခဲ့တဲ့အတွက် အားလုံးကို တော်လှန်ရေးမှာ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ထို့နည်းတူစွာပဲ ဦးတင်မောင်ဝင်းရဲ့ တခုတည်းသော ရည်မှန်းချက်ဟာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးပဲ။ ဒါကြောင့် ဆိုရှယ်လစ်နဲ့လည်း တည့်တယ်၊ ကွန်မြူနစ်နဲ့လည်း တည့်တယ်။ လက်ယာနဲ့လည်း တည့်တယ်၊ လက်ဝဲနဲ့လည်း တည့်တာပဲ။ စစ်အာဏာရှင်ကို ဆန့်ကျင်သမျှ လူအားလုံးနဲ့ တည့်အောင်ပေါင်းနိုင်တယ်။ စည်းရုံးနိုင်တယ်။

နောက်တခု သတိပြုသင့်တာက ဦးတင်မောင်ဝင်းဟာ စစ်အာဏာရှင်စနစ်ကို သစ္စာရှိရှိ ဆန့်ကျင်ပေမယ့် စစ်ခေါင်းဆောင်တွေကို ပုဂ္ဂိုလ်ရေးမတိုက်ခဲ့ဘူး။ စနစ်ကို တိုက်တာ၊ လူကို တိုက်တာ မဟုတ်ခဲ့ဘူး။ စစ်အာဏာရှင်စနစ် တည်ရှိနေသေးသရွေ့ ဗိုလ်ချုပ်သန်းရွှေပြီးရင် စစ်အာဏာရှင် နောက်ထပ်တယောက် ပေါ်လာဦးမှာပဲ။ အတိုက်အခံတွေ အများအားဖြင့်ဟာ (လူ) ကို တိုက်ကြရင်း (စနစ်) ကို တိုက်ရမှာဆိုတာကို သတိလျော့ကုန်ကြတယ်လို့ ခံစားရမိတယ်။ ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး (စနစ်) ကို တိုက်ရမှာဆိုတာကို သတိရှိသင့်ကြတယ်။

နိုင်ငံရေးသမားပီသတဲ့ နောက်တချက်က မိမိကသာ ပုဂ္ဂိုလ်ရေး မတိုက်ခိုက်သည်မဟုတ်၊ မိမိကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် လာရင်တောင် သည်းညည်းခံနိုင်စွမ်းရှိတယ်။ ဦးတင်မောင်ဝင်းဟာ ရန်သူအလွန်နည်းပါတယ်။ ငွေရေးကြေးရေး မှာလည်း ကိုယ်ကျိုးမရှာရုံမက ရှိတာအကုန်ပုံအောမယ်၊ မရှိရင်တောင် ချေးပြီး နိုင်ငံရေးလုပ်မယ့် လူစားမျိုး။ ဒါတောင် နယူးယောက်က လူတဦးဟာ ပုဂ္ဂိုလ်ရေးစွပ်စွဲမှုတွေနဲ့ တိုက်ခိုက်လာတယ်။ ကျနော်က ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ လူစားမျိုး၊ ငယ်လည်း ငယ်တော့ ဆတ်ဆတ်ကြဲ မခံနိုင်ဘူးပေါ့။ ကိုယ်လူကြီးဖြစ်လာမှ အသိတရားပိုရှိလာမှ ဦးတင်မောင်ဝင်းရဲ့ ခန္တီပါရမီရှိမှုကို ပိုလေးစားလာမိတယ်။

နောက်အတုယူစရာအချက်က ဦးတင်မာင်ဝင်းဟာ လူတွေကို နှိမ့်ချတဲ့အမြင်နဲ့ မကြည့်တတ်ဘူး။ ဒါကြောင့် ခွင့်လွှတ်နိုင်စွမ်း၊ သည်းညည်းခံနိုင်စွမ်းရှိတယ်။ ကျနော်ဟာ ဦးတင်မောင်ဝင်းနည်းတူ နိုင်ငံရေးမိသားစုမှာ မွေးဖွားခဲ့တာကြောင့် ကျနော်တို့ဟာ ငယ်စဉ်ကတည်းက နိုင်ငံရေးဆွေးနွေးပွဲတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကြားမှာ ကြီးပြင်းလာခဲ့ကြရတယ်။ ဒါကြောင့် နိုင်ငံရေး နားရည်ဝနေကြရတယ်လို့ ဆိုနိုင်ပါတယ်။ ကျနော်ရဲ့အားနည်းချက်က နိုင်ငံရေးနားမလည်ဘဲ ပေါက်တတ်ကရလေးဆယ် လျှောက်ပြောနေရင် ကျနော် သည်းညည်းခံနိုင်စွမ်းမရှိဘူးလို့ ဆိုရပါမယ်။ စိတ်မရှည်ချင်တော့ဘူး။ ကွန်မြူနစ်မျက်စိနဲ့ကြည့်ရင် (ဘူဇွာ) စိတ်ဓာတ်လို့ အဓိပ္ပာယ်ကောက်ကြလိမ့်မယ် ထင်ပါတယ်။ ပညာတတ်ညာဉ်၊ ပညာတတ်ဘ၀င်လည်း ပါမယ်ထင်ပါတယ်။ ပညာတတ်တွေရဲ့အကျင့်တခုက တပါးသူကို အထင်သေးတတ်တယ်။

တခါက လူယောက်က သူတို့အမေရိကန်ပြည်မှာ ဆန္ဒပြနေတာကြောင့် နအဖစစ်အစိုးရ ပြုတ်ကျတော့မယ် စောင့်ကြည့်ပါဆိုပြီး အတည်ကြီး တင်ပြဆွေးနွေးလာတယ်။ ကျနော် အတော်စိတ်ညစ်သွားတယ်။ ကောင်းတာပေါ့ဆိုပြီး ကျနော် စကားဖြတ်ပြီး ထပြန်လာခဲ့တယ်။ အမှန်က ကျနော် မှားတယ်။ ဦးတင်မောင်ဝင်းသာဆိုရင် သူ့အဆင့်ကို လိုက်ဆင်းသွားပြီး စိတ်ရှည်ရှည်နဲ့ နားထောင်မယ်၊ ဆွေးနွေးမယ်၊ ပွဲသိမ်းရင် လည်ပင်းဖက်ပြီးသားဖြစ်နေပြီ။

နိုင်ငံခြားသားဖြစ်စေ၊ ဗမာနိုင်ငံသားဖြစ်စေ၊ ဦးတင်မောင်ဝင်း စည်းရုံးနိုင်တာကို ကျနော် အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်တယ်။ ဦးတင်မောင်ဝင်းဟာ သူ့ရဲ့ယုံကြည်ချက်ကို တင်ပြရာမှာ ရိုးသားမှုရှိတယ်။ အင်္ဂလိပ်လိုပြောရရင် Honest ဖြစ်တယ်။ Sincere ဖြစ်တယ်။ ငါ့အတွေးသာ မှန်ရမယ်ဆိုတဲ့ ပညာတတ်မာနမပါဘူး။ နှိမ့်ချမှုပါတယ် humble ဖြစ်တယ်။ ဒါ ဗိုလ်ချုပ်အောင်ဆန်း ကျင့်သုံးသွားတဲ့ လမ်းစဉ်ပဲ။ လွယ်တော့ မလွယ်လှဘူး။ သို့သော် အတုယူဖို့ကောင်းတယ်။ ဒီနေရာမှာ အဓိကကျတဲ့ အချက်တခုရှိသေးတယ်၊ (ဟန်မဆောင်ဘူး)။

ဗမာ့နိုင်ငံရေးလောကမှာ လူအများစုဟာ လူတွေအထင်ကြီးအောင် ဟန်ဆောင်လိုတတ်ကြတယ်။ ငါဖတ်ထားတယ်။ ငါသိတယ်။ ငါတတ်တယ်။ ငါဘာလုပ်ခဲ့တယ်ပေါ့။ အပိုလေးတွေတောင် ထပ်ဆင့်လိုက်ချင်ကြတယ်။ ဦးတင်မောင်ဝင်းကို ကျနော် ထိတွေ့ခဲ့ရတဲ့ ကာလတလျှောက်လုံး လူအထင်ကြီးအောင် ဟန်ဆောင်ခဲ့တာ တခါမှမမြင်ခဲ့ရပါ။ ဒါကြောင့် ရဲဘော်အချင်းချင်းရဲ့ ယုံကြည်မှုကို ရရှိခဲ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိခဲ့ရတာကြောင့် DAB (Democratic Alliance of Burma) ကို စတင်တည်ထောင်ခဲ့တဲ့အထဲမှာ ပါခဲ့ပြီး DAB ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့တာပေါ့။

ဦးတင်မောင်ဝင်းဟာ ၎င်းရဲ့ဖခင်ကြီး ဦးဝင်းနည်းတူ (မူ) ပေါ်မှာရပ်ပြီး နိုင်ငံရေးလုပ်ခဲ့တာကြောင့် (မူ) ပေါ်ရပ်တဲ့ နိုင်ငံရေးသမားတွေကို လေးစားတာ၊ အာဃာတမရှိတာဟာ အတုယူစရာပါပေပဲ။ ဦးတင်မောင်ဝင်းရဲ့ဖခင် ဦးဝင်းနဲ့ ကျနော်ရဲ့ဖခင် ဦးကျော်ငြိမ်းတို့ဟာ တချိန်က ဖဆပလအတွင်းမှာ အားပြိုင်ခဲ့ကြတယ်။ ဦးကျော်ငြိမ်းနဲ့ ပဋိပက္ခကြောင့် ၀န်ကြီးချုပ် ဦးနုက ဦးဝင်းကို အမေရိကန်ပြည်ကို သံအမတ်အဖြစ် ရှောင်နေဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးတင်မောင်ဝင်းက ရေုးပြခဲ့ပါတယ်။

တချိန်က နိုင်ငံရေးပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် ဘ၀တူ စစ်တပ် (ဗိုလ်ချုပ်နေ၀င်း) ရဲ့ နှိပ်စက်မှုတွေကို အတူတူခံကြရတော့ ဘယ်သူဟာ (မူ) ပေါ်မှာရပ်သလဲ၊ ဘယ်သူဟာ ယုံကြည်ချက်နဲ့ နိုင်ငံရေးလုပ်သလဲဆိုတာ အဖြေပေါ်လာတာပါပဲ။ ဒါတွေကို အပြင်လူတွေ သိခွင့်ရအောင် တင်ပြခဲ့တဲ့အတွက် ဦးတင်မောင်ဝင်းကို ကျေးဇူးတင်မဆုံးပါ။ ဦးတင်မောင်ဝင်းရဲ့ အလေးစားဆုံး နိုင်ငံရေးသမားတွေအထဲမှာ ဦးကျော်ငြိမ်း ထိပ်က ပါဝင်ကြောင်း ရေးပြခဲ့တဲ့အတွက်လည်း သားတယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။

(မူ) ပေါ်ရပ်ခဲ့ကြတဲ့ ဦးတင်မောင်ဝင်းတို့ သားအဖကိုလည်း ကျနော်ရဲ့ဖခင်ကြီးဟာ များစွာလေးစားပါကြောင်း သိစေချင်ပါတယ်။ ဦးဝင်းတို့အဖွဲ့ကို စစ်တပ်က တောနင်းလိုက်နေကြောင်း သတင်းများ ကြားရစဉ် ကျနော့်ရဲ့ ဖခင်ကြီးဟာ ရင်တမမဖြစ်နေပြီး ဦးဝင်း နှလုံးရောဂါကြောင့် အသက်ဆုံးရကြောင်း သိရတဲ့အခါ ယူကျုံးမရဖြစ်ရပါတယ်။

နိုင်ငံရေးမှာ (မူ) ဟာ အရေးကြီးတယ်ဆိုတာကို သတိပြုစေချင်တာပါ။

ဦးတင်မောင်ဝင်းမှာ ကံကောင်းတာတခုရှိပါတယ်။ လောကမှာ မောင်တထမ်း မယ်တရွက်ဆိုသလို ဦးတင်မောင်ဝင်းရဲ့ဇနီး ဒေါ်ခင်မျိုးအေး (မဘေဘီ) ဟာ လွန်စွာအနစ်နာခံရရှာတယ်။ သည်းညည်းခံရရှာတယ်။ ကျနော်က မျက်မြင်ကိုယ်တွေ့ပါ။ အိမ်နောက်ကို မပူရတာကြောင့် ဦးတင်မောင်ဝင်းဟာ နိုင်ငံရေးအတွက်ဆို အရာရာကို စွန့်နိုင်ခဲ့တာပေါ့။

ဒီဘက်ခေတ်မှာ ဦးတင်မောင်ဝင်းလို နိုင်ငံရေးသမားစစ်စစ်တွေဟာ ရှားပါးထုတ်ကုန်ဖြစ်နေရပြီ။ ပရောဂျက်နိုင်ငံရေးတွေက ရှေ့တန်းနေရာရလာတာကိုး။ နိုင်ငံရေးဆုတ်ခေတ်လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ ဒါကြောင့် ခေတ်လူငယ်လေးတွေကို နိုင်ငံရေး (စံ) နမူနာတင်ပြပြီး အတုယူစေချင်တဲ့ စေတနာပါ။ ကျနော် မှားခဲ့ဖူးသလိုလည်း မဖြစ်စေချင်လို့ပါ။

အမှန်အတိုင်း အရိုးသားဆုံးဝန်ခံရရင် ကျနော် ဦးတင်မောင်ဝင်းနဲ့ ထိတွေ့ခွင့်ရခဲ့ပေမယ့် ဦးတင်မောင်ဝင်းရဲ့ တန်ဖိုးအစစ်ကို အစကမသိခဲ့ဖူး။ အကြောင်းရင်းက ကျနော် နိုင်ငံရေးအရည်အချင်း မပြည့်ဝသေးလို့ပါ။ ကိုယ်ဘက်က အသိတရားမြင့်လာတော့ ဦးတင်မောင်ဝင်း မရှိတော့ဘူး။ ခုမှ မေးချင်တာတွေ ရင်မှာ အပြည့်ရှိပေမယ့် နောက်ကျသွားပြီ။

ထို့နည်းတူစွာပဲ ဦးယူဂျင်းသိုက် ဖိတ်ခေါ်တုန်းက အချိန်ပေး ဆွေးနွေးရကောင်းမှန်း မသိခဲ့ဘူး။ ပညာတတ်မာနလည်း ပါပါတယ်။ တန်ဖိုးသိတော့ နောက်ကျသွားပြီ။

နိုင်ငံရေးမှာ အခွင့်အရေးပေးတုန်း မယူတတ်ရင် နောက်ကျသွားတတ်ပါတယ်။ လေ့လာမှုအားနည်းရင်လည်း ရှေ့မှာ ရတနာ ခဲကြီး ချထားဦး၊ ကျောက်ခဲလို့ပဲ ထင်နိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့နောက်ခံ ဗဟုသုတနဲ့ လေ့လာအားကို ဖြည့်ဆည်းထား သင့်တယ်လို့ ယူဆလို့ပါ။

ဒီဘက်ခေတ်မှာ လူငယ်တချို့ဟာ နည်းနည်းလေး ဖတ်မိတာနဲ့ ငါတတ်ပြီလို့ ထင်မိတာတို့၊ မစို့မပို့ နိုင်ငံရေးလေးလုပ်မိတာနဲ့ ငါ နိုင်ငံရေးသမားကြီးဖြစ်သွားပြီလို့ ထင်နေတာတွေကို တွေ့မြင်နေရတယ်။ ဦးတင်မောင်ဝင်းတို့ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ ဘ၀လမ်းကို ဖတ်မိလို့ လေးလေးနက်နက် တွေးမိရင် နိုင်ငံရေးသမားယောက်ရဲ့ဘ၀မှန်ကို သိမြင်စေချင်တယ်။ ဦးတင်မောင်ဝင်းကို အတုယူပြီး လေးနက်စေချင်တာ စေတနာပါ။ ဦးတင်မောင်ဝင်းကို အတုယူပြီး ကျနော်ကိုယ်တိုင်လည်း အသိတရား တိုးပွားခဲ့ရပါတယ်။

ဦးတင်မောင်ဝင်း ဆုံးတဲ့အချိန်တုန်းက ကျနော့်ဘ၀ဟာ American Inc လို့ခေါ်ကြတဲ့ ကော်ပရိတ်ကြားမှာ ရုန်းကန်နေရချိန်ပါ။ တနေ့ (၄) နာရီ ပြည့်အောင်ပင် မအိပ်နိုင်ပါ။ မိုးလင်းက မိုးချုပ် အလုပ်နဲ့ ပိနေချိန်၊ လူသားသဘာဝ လောဘတက်နေချိန် ဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကျနော် တာဝန်မကျေခဲ့မိဘူး။

ဦးတင်မောင်ဝင်းနဲ့ မဘေဘီကို ဒီနေရာကနေ တောင်းပန်ပါရစေ။

ခေတ်အဆက်ဆက် တိုက်ခဲ့ကြပေမယ့် ကျနော်တို့ ဗမာနိုင်ငံ (Burma) မှာ စစ်အာဏာရှင်စနစ်ဆိုးဟာ သက်ဆိုးရှည်လျက်ပဲ။ အကြောင်းရင်းက ညီညွတ်မှုမရှိတာရယ်၊ တကိုယ်တော် ကျော်ကြားချင်တဲ့ စိတ်တွေရယ်၊ ကိုယ်အားကိုယ်ကိုးချင်စိတ် နည်းပါးတာတွေကြောင့်လို့ ထင်မိတယ်။ အရင်းထပ်စစ်ရင် (နိုင်ငံရေး) ကောင်းကောင်းနားမလည်ကြလို့ပဲ။

နိုင်ငံရေးဆိုတာ တဦးတည်း လုပ်လို့မရပါ။ အများနဲ့သာ လုပ်ရပါမယ်။ ဒါမှ အင်အားကို ဖော်ထုတ်နိုင်မှာပါ။ ဒါကြောင့် ဦးတင်မောင်ဝင်းကို စံနမူနာယူပြီး နိုင်ငံရေးသမားပီသတဲ့ နိုင်ငံရေးသမား များများပေါ်ထွန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကိုတွတ်ရေ … ခင်ဗျား သက်ရှိထင်ရှားရှိစဉ်က ခင်ဗျားတန်ဖိုးကို ခုလောက် နားမလည်ခဲ့တာကို ခွင့်လွှတ်ပါ။ တနေ့တော့ ကျနော်တို့နိုင်ငံ လွတ်လပ်ပြီး ကမ္ဘာမှာ အရင်တချိန်ကလို မော်ကြွားဂုဏ်ယူနိုင်ကြဦးမှပါ။ ခင်ဗျား ယုံခဲ့သလို ကျနော်တို့လည်း ယုံကြည်လျက်ပါ။

အစရှိရင် အဆုံးဆိုတာ ရှိစမြဲပါ။ ။



No comments: