Wednesday, December 23, 2009

ခြံစည်းရိုး ကာရံရန် လုံထိန်း တပ်ရင်းတရင်း နယ်စပ်သို့ ထပ်မံရောက်ရှိ

Narinjara News

မင်းအောင်(နိရဉ္စရာ) မြန်မာဘက်မှ နယ်စပ် ခြံစည်းရိုး ကာရံမှုကို ယခုလ အစောပိုင်းမှ ပြန်လည်စတင်ခဲ့ရာ အဆိုပါ စီမံကိန်းတွင် အလုပ် လုပ်ကိုင်ရန် အတွက် မောင်တောမြို့ နယ်စပ်သို့ လုံထိန်း တပ်ရင်းတရင်း ထပ်မံရောက်ရှိလာကြောင်း သတင်းရရှိသည်။


ရောက်ရှိလာသော လုံထိန်းတပ်ရင်းမှာ ဘူးသီတောင်မြို့ အခြေစိုက် အမှတ် (၂) လုံထိန်းတပ်ရင်းမှ ဖြစ်သည်။

အဆိုပါ လုံထိန်းတပ်ရင်းမှာ ပထမတွင် မောင်တောမြို့ အောင်ဗလ ကျေးရွာတွင် စခန်းချ ရပ်နားနေခဲ့ပြီး ယခုအခါ ခြံစည်းရိုး ကာရံရန်အတွက် ကညင်ချောင်းကျေးရွာသို့ ထွက်ခွာ သွားခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။

၎င်းလုံထိန်းတပ်သားများမှာ ယခုအခါ နယ်စပ် ခြံစည်းရိုး တလျှောက်တွင် ဘားဝါယာများ တပ်ဆင်ခြင်း၊ ဒေါက်တိုင်များ စိုက်ထူခြင်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

၎င်း လုံထိန်း တပ်သားများမှာ နစက နယ်မြေ ၆နှင့် ၇ တွင် တည်ရှိသော ကညင်ကျေးရွာ၊ မကျည်းချောင်း ကျေးရွာနှင့် အနီးအနားက ကျေးရွာများတွင် စခန်းချပြီး ခြံစည်းရိုးကာရံနေကြခြင်း ဖြစ်သည်။

ယခုအခါ မောင်တောမြို့မှ အမှတ် (၁၃) လုံထိန်းတပ်ရင်းကိုလည်း နယ်စပ် ခြံစည်းရိုး ကာရံနေသည့် နေရာများတွင် တာဝန်ချထားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အမှတ် (၁၃) လုံထိန်းတပ်ရင်းမှာ မောင်တောမြို့နယ် ငါးခူရကျေးရွာ၊ တောင်ပြိုမြို့နယ်(ခွဲ)၊ ကွမ်းသီးပင်ကျေးရွာနှင့် ဈေးပင်ချောင်းကျေးရွာတို့တွင် စခန်းချနေထိုင်လျှက်ရှိပြီး ခြံစည်းရိုးကို ဆက်လက် ကာရံနေသည်ဟု သိရသည်။

ယခုအခါတွင် တချို့သော လုံထိန်း တပ်သားများမှာ တာဆည်ဖို့သော လုပ်ငန်းများတွင် တခြား အရပ်သား အလုပ်သားများနှင့် အတူ အလုပ် လုပ်ကိုင်နေကြရသည်။

ယခုလ အစောပိုင်းက မြန်မာနယ်စပ်သို့ နယ်စပ်ခြံစည်းရိုးကာရံရန်အတွက် ဘူးသီးတောင်အခြေစိုက် စကခ ၁၅လက်အောက်ခံ တပ်ရင်းများမှ တပ်သား ၇၀၀ ခန့် ရောက်ရှိ လာခဲ့သည်။

No comments: