Thursday, December 24, 2009

နိုင်ငံရေးအကျဉ်းသူ တဦး ထောင်တွင်း၌ ကွယ်လွန်

ရန်ပိုင် Thursday, 24 December 2009

နိုင်ငံရေး အကျဉ်းသူ မတင်တင်ထွေး (၃၈ နှစ်) သည် ယမန်နေ့က အင်းစိန်ထောင် ဆေးရုံတွင် ကွယ်လွန်သွားကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ပြောသည်။

မတင်တင်ထွေးသည် အင်းစိန်ထောင်တွင်း ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် နှလုံးသွေးကြောပေါက်ခဲ့သည့် အတွက်ကွယ်လွန် သွားခြင်း ဖြစ်ကြောင်း၊ ၎င်းသည် ဗဟန်းမြို့နယ် အုတ်လမ်းတွင် နေထိုင်သူတဉ်ီးဖြစ်ပြီး၂၀၀၇ ခု စက်တင်ဘာလက သံဃာတော် များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း AAPPအတွင်းရေးမှူး ကိုဘိုကြည် က ဧရာဝတီ သို့ပြောသည်။

မတင်တင်ထွေး အပါအ၀င် တခြား ၁၄ ဦးသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် တွင် ထောင်ဒဏ် ၃ နှစ်နှင့် ၃လ ချမှတ်ခံခဲ့ရသည်။ မတင်တင်ထွေးသည် ပြီးခဲ့သည့် နှစ်က သာယာဝတီထောင်သို့ ပြောင်းရွှေ့ ခြင်းခံခဲ့ရပြီး ကျန်းမာရေး အခြေအနေ ဆိုးရွားလာသည့် အတွက် အင်းစိန်ထောင်ဆေးရုံသို့ ဆေးကုသရန် ပြောင်းရွှေ့ခြင်းခံခဲ့ရ သည်။

အဆိုပါ မတင်တင်ထွေး၏ ရုပ်ကလာပ်ကို ယမန်နေ့ညက ၎င်း၏နေအိမ်သို့ ရွှေ့ပြောင်းခဲ့ပြီး ဒီဇင်ဘာ၂၅ ရက်နေ့တွင် သင်္ဂြိုဟ် မည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ ထိရောက်သော ဆေးဝါးကုသမှု မပေးနိုင်ခြင်း၊ကျွမ်းကျင်သည့် ဆေးဝန်ထမ်းများ မရှိခြင်း၊ အစာအာဟာရ လုံလောက်စွာကျွေးမွေးမှု မရှိခြင်း၊ တကိုယ်ရေသန့်ရှင်းမှုများ လုပ်ကိုင် ရန် အခွင့်အလမ်းမရှိခြင်းတို့သည် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများပင်ဖြစ်ကြောင်း ကိုဘိုကြည်က ထောက်ပြသည်။

“ထောင်ဆေးရုံမှာ ဆေးဝါး မလုံလောက်မှုတွေဟာ အကျဉ်းသားတွေရဲ့ ကျန်းမာရေး ပြဿနာတရပ်ဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွင်း၌ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် တဦးဖြစ်သည့် ဆလိုင်းလှမိုး နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင် စောချာလိတ် တို့လည်း အကျဉ်းထောင်တွင်းတွင် သေဆုံးသွားခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၃ ဦးရှိကြောင်း၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း ထောင်တွင်း၌ သေဆုံးသွားသည့် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၃ ဦးရှိကြောင်း AAPP ကထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။

No comments: