Monday, December 28, 2009

ရယက အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းရန်ပြင်

မျိုးကြီး | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၀၉

ရွှေလီ(မဇျွိမ) ။ ။ ကချင် ပြည်နယ်အတွင်း အောက်ခြေအဆင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းမှုများ လုပ်တော့မည် ဖြစ်ကြောင်း အာဏာပိုင် သတင်းရပ်ကွက်တခုက ပြောသည်။

လွန်ခဲ့သည့် ၄ နှစ်ခန့် ကတည်းက ဖွဲစည်းထားခဲ့သော ရပ်ကွက်၊ ကျေးရွာ အုပ်စုအဆင့် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်ဟောင်းများ အထဲမှ အဂတိ လိုက်စားသူများ နံမည်ပျက် စာရင်းဝင်သူများကို နူတ်ထွက်စေမည်ဖြစ်ပြီး ၄င်းနေရာတွင် လူသစ်များ အစားထိုးသွားမည် ဖြစ်သည်။

ပထမ အဆင့်အနေဖြင့် မြို့နယ်အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ- မယက ဥက္ကဌများ က ရပ်ကွက် ၊ ကျေးရွာ အုပ်စုအဆင့် ရယကအဖွဲ့ဝင်များကို စိစစ်မှု့များ စတင်ပြုလုပ်နေသည်ဟု သတင်းရပ်ကွက်က ပြောသည်။

မယကဥက္ကဌ က အပြစ်မရှိဟု ယူဆသူ ထောက်ခံချက် ရရှိသူများကို ဆက်လက် တာဝန် ထမ်းဆောင်စေမည် ဖြစ်ကြောင်းဆိုသည် ။

ရယက အဖွဲ့ဝင်သစ်များကို မယက ဥက္ကဌများက လျှာထားရွေးချယ် သွားရန်ရှိပြီး မကြာခင် အစားထိုးသွားမည် ဖြစ်ကြောင်း သိရသည် ။

၂၀၀၆ခုနှစ် စက်တင်ဘာလပိုင်းက စတင်၍ နအဖစစ်အစိုးရသည် ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးယန္တရားများကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ထိုစဉ်က ရယကဥက္ကဌများကို ရွေးချယ်ရာတွင် ပြည်သူများက တိုက်ရိုက် ရွေးချယ်ခွင့်မရတော့ပဲ မြို့နယ် အာဏာပိုင် အဖွဲ့အစည်းက ရွေးချယ် တာဝန်ပေးအပ်ခဲ့သည် ။

ရယက ဥက္ကဌ တဦးဖြစ်ရမည့် အရည်အချင်းမှာ ဘွဲ့တခုခု ရထားသူ၊ အသက် ၃၅ နှစ်နှင့် ၄၀ ကြားရှိသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူ၊ သက်ဆိုင်ရာရပ်ကွက်အတွင်း နေထိုင်သည့် အိမ်ထောင်စု စာရင်းပုံစံရှိသူ ရာဇဝတ်မှု့ခင်း မရှိသူ ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

No comments: