Thursday, December 24, 2009

အကျဉ်းထောင်ထဲက မွေးနေ့ရှင်

အေးချမ်းမြေ့

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးသည် သူ၏ ၄၈ နှစ်ပြည့် မွေးနေ့ကိုလည်း အကျဉ်းထောင် ထဲတွင်သာ ကုန်လွန်ခဲ့ရ ပြန်ပြီ။ သူသည် မွေးနေ့ပေါင်း ၄၈ ကြိမ်အနက် ၁၇ ကြိမ်မှာ စစ်အစိုးရ၏ အကျဉ်းထောင်ထဲတွင် ကျော်လွန် ဖြတ်သမ်းခဲ့ရသူဖြစ်သည်။


ယခုလက်ရှိ သူသည် မြန်မာပြည်၏ ဝေးလံ ခေါင်ဖျား ဒေသတနေရာဖြစ်သည့် ရှမ်းပြည်နယ် မိုင်းဆတ် အကျဉ်းထောင်၌ ထောင်ဒဏ် ၆၅ နှစ် ခံစားနေရသည်။

“နှစ် ၂၀ ကာလအတွင်းမှာ သူ့မွေးနေ့ကို အကျဉ်းထောင်ပြင်ပမှာ ကျင်းပခဲ့ရတာဆိုလို့ ၂၀၀၅ ခုနှစ်မှာ တကြိမ်ပဲ ရှိမယ်” ဟု သူနှင့် လုပ်ဖော်ကိုင်ဖက် ဦးဘိုကြည်က ပြောသည်။ ဦးဘိုကြည်သည် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ၏ အတွင်းရေးမှူးဖြစ်သည်။

ကိုကိုကြီး၏ မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် သူ့ညီက ယနေ့ နေအိမ်တွင် သံဃာတော်များအား ဆွမ်းကပ်ခဲ့သည်။ မိခင်ကော ဘခင်ပါ ကွယ်လွန်ခဲ့ပြီဖြစ်သည့် ကိုကိုကြီး၏ တဦးတည်းသောညီဖြစ်သူသည် အစ်ကိုကြီးကို အလွန်ဝေးလံသော မိုင်းဆတ် ထောင်တွင် ယခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံး ထောင်ဝင်စာ သွားတွေ့ခဲ့ရသည်။

“တကယ်တမ်းဆိုရင် ကိုကိုကြီးသာ မကဘူး ၈၈ မျိုးဆက်ခေါင်းဆောင်တွေအားလုံး ခုချိန်မှာ အကျဉ်းထောင်တွေ ထဲမှာ ရှိနေရမှာ မဟုတ်ဘူး၊ အစိုးရအဖွဲ့အစည်း အသီးသီးမှာ တာဝန်ထမ်းဆောင်နေရမှာပါ” ဟု ဦးဘိုကြည်က ဆိုသည်။

ဝေဖန်သုံးသပ်သူများကလည်း ကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအားလုံးမှာ ယခုအချိန်တွင် အကျဉ်းထောင်များထဲတွင် ရှိမနေသင့်ဘဲ အစိုးရ ခေါင်းဆောင်ပိုင်းနေရာတွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သင့်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့နှင့် အသက် မတိမ်းမယိမ်း ဖြစ်ကြသော မကြာသေးခင်က နိုဗဲလ် ငြိမ်းချမ်းရေးဆု ရယူခဲ့သည့် အမေရိကန်သမ္မတအိုဘားမားနှင့် ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝတို့က ကမ္ဘာ့တာဝန်၊ ဒေသတွင်းနိုင်ငံများ၏ တာဝန်၊ တိုင်းပြည်တာဝန်ကို တက်ကြွစွာ ထမ်းဆောင်နေကြသောကြောင့် ဖြစ်သည်ဟု နှိုင်းယှဉ်ကြသည်။

ဦးဘိုကြည်က “ကိုမင်းကိုနိုင်ဆိုရင် လူထုကိုစည်းရုံးတဲ့နေရာ၊ စကားပြောတဲ့နေရာမှာ သိပ်တော်တယ်။ ကိုကိုကြီးကျတော့ နိုင်ငံရေးအရ စဉ်းစားတာ၊ ဥပဒေကြောင်းအရ ပြောဆိုတာတွေမှာ အင်မတန်ကောင်းတယ်။ ကိုကိုကြီးပဲဖြစ်ဖြစ်၊ ကိုမင်းကိုနိုင်ပဲ ဖြစ်ဖြစ်၊ ကိုဌေးကြွယ်ပဲဖြစ်ဖြစ် တကယ့်ကို တိုင်းပြည်ကို ခေါင်းဆောင်နိုင်တဲ့သူတွေပါ” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ယခုကဲ့သို့ ၈၈ မျိုးဆက် ခေါင်းဆောင်များအားလုံး အကျဉ်းထောင်များထဲတွင် နှစ်ရှည် ထောင်ဒဏ် ခံစားနေရ ခြင်းမှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုကြီးတခု ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ၈၈ မျိုးဆက်ခေါင်းဆောင်များ အားလုံးတွင် အားသာချက် အားနည်းချက်များ ရှိနေပြီး ၎င်းတို့၏ အားသာချက်များကို စုစည်းကာ ပေါင်းစပ် လုပ်ကိုင်သောအခါတွင် အားကောင်းသည့် အင်အားစုတခု ဖြစ်ပေါ်လာသောကြောင့် စစ်အစိုးရက ထိတ်လန့်သည်အထိ ဖြစ်ရသည်ဟု သုံးသပ်သည်။

၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုကြီး နောက်ပိုင်းကာလ ကတည်းက စတင်ရေတွက်မည်ဆိုလျှင် ကိုကိုကြီးသည် ၁၉၈၉ ခုနှစ် ဧပြီလတွင် တကြိမ်အဖမ်းအဆီးခံခဲ့ရကာ ၄၄ ရက်ကြာထိန်းသိမ်းခံခဲ့ရသည်။ ၎င်းနောက် ၁၉၉၁ တွင် ထပ်မံ အထိန်းသိမ်း ခံခဲ့ရပြန်သည်။ ထိုတကြိမ် အဖမ်းခံခဲ့ရပြီးနောက်တွင်တော့ ၂၀၀၅ ခုနှစ်မှ ပြန်လည်လွတ်မြောက်ခွင့် ရခဲ့သည်။

ထို့နောက် ၂၀၀၆ စက်တင်ဘာမှ ၂၀၀၇ ဇန်နဝါရီလအထိ အကျဉ်းထောင်ထဲတွင် နေရပြန်သည်။ ၂၀၀၇ သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ တခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များနှင့်အတူ အဖမ်းအဆီးခံခဲ့ရပြန်သည်။ စစ်အစိုးရက ကိုကိုကြီးအပါအဝင် တခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ကိုကိုကြီး၏ မွေးနေ့ပွဲ အထိမ်းအမှတ်အနေနှင့် AAPP က ၎င်းအင်တာနက် စာမျက်နှာပေါ်တွင် ၂၀၀၆ ခုနှစ်က ကိုကိုကြီး အဖမ်းအဆီး မခံရခင် ပြောခဲ့သော အမှတ်တရ စကားများနှင့်အတူ ကိုကိုကြီး၏ အတ္ထုပ္ပတ္တိ၊ ကိုကိုကြီးကိုယ်တိုင် ရေးသား ထားသည့် “လားရာ” အမည်ရှိ ဝတ္ထုတိုတပုဒ်ကို တင်ထားသည်။

ကိုကိုကြီး၏ ဝတ္ထုတိုမှာ ၎င်း၏ အမေနှင့်ပတ်သက်၍ ရေးသားထားခြင်းဖြစ်သည်။ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာအရ မွေးနေ့ဟု ဆိုလိုက်လျှင် မွေးသမိခင်ကို အရင်ဆုံးသတိရ၊ ဂါရဝ ပြုမြဲဖြစ်သည်။ ကိုကိုကြီး၏ မိခင်ကတော့ ဒီမိုကရေစီအရေးကို ဆောင်ရွက်ရင်း စစ်အစိုးရအကျဉ်းထောင်ထဲတွင် နှစ်ရှည် အကျဉ်းကျခံနေရသည့် သားကြီးကို ထားရစ်ကာ ကွယ်လွန်ခဲ့ပြီ။

“ကိုကိုကြီးက သူ့အမေအကြောင်းတော့ အမြဲပြောတယ်။ ငယ်ငယ်ကလေးဘဝက အထုပ်အပိုးတွေ ရွက်လာရတဲ့ အမေကို ကြိုချင်လို့ အိမ်ထဲအထိ ရောက်နေတဲ့ အမေကို ခပ်လှမ်းလှမ်းပြန်သွားခိုင်းပြီး အထုပ်အပိုးတွေ ကူထမ်းပေးတဲ့အကြောင်းပေါ့” ဟု ကိုကိုကြီးနှင့်အတူ စစ်အစိုးရ အကျဉ်းထောင်ထဲတွင် နှစ်ကာလ ရှည်ကြာစွာ နေထိုင်ခဲ့ဖူးသူ တဦးက ဆိုသည်။

ကိုကိုကြီးသည် ဗုဒ္ဓဘာသာကို အလွန်သက်ဝင်ယုံကြည်သူဖြစ်ကြာင်း၊ နိုင်ငံရေးနှင့် ပတ်သက်၍ အလွန်စိတ်အား ထက်သန်သူ ဖြစ်ကြောင်း၊ ငယ်ရွယ်သူ လူငယ်များကို နေရာပေး ဆွေးနွေးတတ်ကြောင်း၊ နိုင်ငံရေး အမြင်မတူသူများနှင့်လည်း အငြင်းမပွား တတ်ကြောင်း သူက ပြောပြသည်။

ဆက်လက်၍ သူက “သူက စည်းစနစ်လည်း အရမ်းကျတယ်၊ စည်းကမ်းအရမ်းရှိသလို ကျနော်တို့ကိုလည်း စည်းကမ်းရှိဖို့ ဆုံးမတယ်။ ထမင်းစားတာကအစ ဘယ်တော့မှ မပိုစေရဘူး၊ သူ ဝမယ် ထင်သလောက်ပဲ ယူတယ်။ ကိုကိုကြီးရဲ့ ဆုံးမ ပြောဆိုမှုတွေ၊ လမ်းညွှန်မှုတွေက အခုထိ ကျနော့်အပေါ် လွှမ်းမိုးဆဲပါ၊ သူက ကျနော့်ရဲ့ ဘာသာရေး ခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင် တဦးပါ” ဟုပြောသည်။

ကိုကိုကြီးသည် ၁၉၈၃ ခုနှစ်တွင် အင်ဂျင်နီယာ ဒီပလိုမာ (AGTI ) ရရှိခဲ့သည်။ ၁၉၈၄၊ ၈၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာ ဆက်ဆံရေးပညာ ပထမအသုတ်တွင် တက်ရောက် သင်ကြားခဲ့သည်။ ၁၉၈၆ တွင် အထက်တန်းရှေ့နေ စာမေးပွဲကို အခြေခံဥပဒေဘာသာရပ် ဂုဏ်ထူးဖြင့်အောင်မြင်သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

“ကျနော်တို့ ပြောပြောနေတာက ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတယ်ဆိုတာ၊ ဒါ ကျနော်တို့ ထပ်ခါတလဲလဲ လည်း ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ၅၄ သန်းသော ပြည်သူတွေရဲ့လူနေမှုဘဝတွေ ဒီ လူ့အဖွဲ့အစည်းကြီး တခုလုံးပြောင်းလဲပစ်ဖို့ ဆိုတာ နိုင်ငံရေးသမား ထောင်ဂဏန်းနဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေဆိုတာ လောက်နဲ့ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားဆိုတာ ရေနဲ့ကြာ လိုပါပဲ။ ရေမရှိဘဲနဲ့ ကြာလည်း မရှိနိုင်ဘူး” ဟု ၂၀၀၆ ခုနှစ်အတွင်းက ကိုကိုကြီးက ပြောခဲ့ကြောင်း AAPP ဝက်ဘ်ဆိုက်တွင် တင်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က “ဒီလိုအခြေအနေမှာ ကိုကိုကြီးတို့လို လူမျိုးတွေ ရှိနေရင် လုပ်ရကိုင်ရတာ ပိုကောင်းမယ်။ လူထုကိုကော အဖွဲ့အစည်းတွေကိုပါ ခေါင်းဆောင်မှုပေးနိုင်မယ်၊ အခုတော့ ခေါင်းဆောင် ပျောက်နေသလိုပဲ” ဟု ပြောသည်။

“သူက တကယ့် နိုင်ငံရေးခေါင်းဆောင်၊ သူအမြဲစဉ်းစားနေတာက မြန်မာနိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြောင်းအလဲ ဖြစ်အောင် လုပ်ဖို့၊ မြန်မာနိုင်ငံရဲ့ ပြဿနာကိုဖြေရှင်းဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးက အရေးကြီးတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်တဲ့သူ၊ တိုင်းရင်းသားအရေးက တိုင်းပြည်ပြောင်းလဲရေးအတွက် အဓိကကျတယ်လို့ အမြဲစဉ်းစားတဲ့သူ။ အဖမ်းခံရမှာ ကြိုသိပေမယ့် ကမူးရှူးထိုး ဘယ်တော့မှမဖြစ်ဘဲ ဘာကိုမဆို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တဲ့သူ” ဟု ၁၉၈၈ အရေးတော်ပုံ ကာလက ကိုကိုကြီးနှင့် အနီးကပ်နေခဲ့ဖူးသူ ဦးဘိုကြည်က ပြောပြသည်။

No comments: