Friday, December 25, 2009

ဒီနေ့ တတိယအုပ်စု၊ တတိယလိုင်းဆိုတာ ဘယ်လိုဟာတွေလဲ

ရဲဘော်ဖိုးသံချောင်း

အခုနောက်ပိုင်း ဗမာပြည်နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတဲ့ဝေါဟာရကို အတော်ပြောဆိုသုံးနှုန်းနေကြတာ တွေ့ရ၊ ကြားရပါတယ်။ အထူးသဖြင့် နအဖစစ်အစိုးရရဲ့ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတာနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ လုပ်လာကြတဲ့နောက်ပိုင်းမှာ ဖြစ်ပါတယ်။

ဒီတော့ သဘာဝကျစွာပဲ ဒီနေ့ အဲဒီလို ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ ကြွေးကြော်နေသူတွေကို ပြန် စောကြောမိပါတယ်။ ဘယ်လိုလူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ဘာ့ကြောင့်ပြောနေတာလဲ။

ဒီနေရာမှာ ဖြတ်ပြောသင့်တယ်ထင်တာတခုက နိုင်ငံရေးမှာ “တတိယအုပ်စု၊” တတိယလိုင်း” ဆိုတာမျိုး ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ကြေညာကြတာမျိုး အင်မတန်ရှားပါတယ်။ အဓိကကတော့ တိကျတဲ့ နိုင်ငံတခု၊ ဒါမှမဟုတ် နိုင်ငံရေးခွင်ကြီးတခုရဲ့ အခြေအနေကိုလိုက်ပြီး သုံးသပ်သူတွေ၊ မီဒီယာတွေက သတ်မှတ်တာ ပြောဆိုတာများပါတယ်။ ဒါပေမယ့် ဒီနေ့ဗမာပြည်က နအဖစစ်ဒီမိုကရေစီ ခေတ်မှာကျတော့ ဒီလူတွေ၊ ဒီအဖွဲ့တွေဟာ သူများထက်ထူးပြီး ကိုယ့်ကိုယ်ကိုယ် “တတိယအုပ်စု”၊ တတိယလိုင်း” လို့ မိတ်ဆက်ပြီး ကားလိပ်ရှေ့ထွက်လာကြတာ တွေ့နေရပါတယ်။

ပထမဆုံးအားဖြင့် အဲဒီလိုပြောနေသူတွေထဲမှာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်မယ့်သူဆိုတာနဲ့ မဝင်မယ့်သူဆိုတာရယ်လို့ခွဲရင် ရမယ်ထင်ပါတယ်။ ရွေးကောက်ပွဲကို မဝင်ဘူးလို့ပြောပြီး ဒီအယူအဆကို တွင်တွင်ဖြန့်နေသူ၊ သူတို့နဲ့မတူသူတွေကို ရန်တွေ့နေ သူတွေကတော့ သဘောတရားရေးဆရာကြီးတွေဖြစ်ပါတယ်။ သူတို့မှာ အာဏာ-အခွင့်အရေး ရည်မှန်းချက်မရှိဘူး၊ စေတနာ သန့်သန့်နဲ့ ဒီအယူအဆတွေကို ဖြန့်နေတာလို့ ဆိုနေကြသူတွေဖြစ်ပါတယ်။ ဒါပေမယ့် တချိန်ကတော့ သူတို့ဟာ တခြားအဖွဲ့အစည်းတွေမှာ တခြားအယူအဆတွေအတွက်လည်း သဘောတရားဆရာကြီးတွေလုပ်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်တယ်ဆိုတာ သတိမပြုမိဘဲ မနေနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံတကာ စာမျက်နှာတွေပေါ်ကနေ ရှာတွေ့လို့ရသမျှ၊ အသုံးတည့်မယ် ထင်သမျှကို ဆွဲယူပြီး ဗမာပြည် နိုင်ငံရေးနဲ့ အတင်းဆွဲစပ်ပေးတာပါ။ သူတို့ဟာ သူများတွေကိုတော့ စာအုပ်ကြီးသမားတွေ၊ တရားသေသမားတွေလို့ ပုတ်ခတ်တိုက်ခိုက်ပြီး သူတို့ကိုယ်တိုင်ကတော့ စာအုပ်ကြီး- စာအုပ်ကလေး၊ ဆောင်းပါးတို၊ ဆောင်းပါးရှည်၊ လက်လှမ်းမီသမျှထဲကနေ နအဖဗိုလ်ချုပ်တွေ မနောခွေ့မယ်ထင်သမျှကို ဆွဲယူကိုးကား နေကြတာဖြစ်ပါတယ်။ နအဖစစ်အုပ်စုဖြစ်စေချင်တဲ့ လာမယ့်ရွေးကောက်ပွဲကို ဝင်ဖို့ သဏ္ဌာန်မျိုးစုံ၊ အသုံးအနှုန်းမျိုးစုံနဲ့ နှပ်ကြောင်းပေးရေးပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်မယ့် “တတိယအုပ်စု”၊ တတိယလိုင်း” ဆိုသူတွေအထဲမှာတော့ လူပေါင်းစုံတွေ့ရပါတယ်။ စစ်အုပ်စုထိပ်သီး တွေနဲ့ပေါင်း၊ ကျိကျိတက်ချမ်းသာနေတဲ့ ပညာရှင်ဆိုသူတွေပါသလို လက်ကိုင်ဖုန်းလေးရ၊ ဓာတ်ဆီဆိုင်ပါမစ်လေးရတာနဲ့ စစ် အစိုးရပြောစေချင်သမျှ ပြောနေတဲ့လူတွေလည်းပါပါတယ်။ ဒါပေမယ့် အများဆုံးကတော့ ဗမာပြည်နိုင်ငံရေးလောက ဝေါဟာရအရ ‘အပျက်’ လို့ ဆိုရမယ့်လူတွေ ဖြစ်ပါတယ်။ ဗကပပျက်၊ မဆလပျက်၊ အလံနီပျက်၊ ပမညတပျက်၊ နောက်ဆုံး ဒီချုပ်အပျက်တောင် ပါပါတယ်။ အားနာနာနဲ့ထောက်ပြရရင် ဒီအထဲမှာ ဗြောင်တမျိုး၊ တိတ်တိတ်တဖုံ သဏ္ဌာန်မျိုးစုံနဲ့ လက်နက်ချထားသူတွေလည်း တကယ်ပဲမနည်းပါဘူး။ ပတ်မကြီးဖောက်ခွဲဖူးသူတွေများပါတယ်။

ဒီနေရာမှာ ဒီပုဂ္ဂိုလ်၊ ဒီအဖွဲ့အစည်းတွေဟာ “တတိယအုပ်စု”၊ “တတိယလိုင်း” တကယ်ဟုတ်မဟုတ်ဆိုတာကိုလည်း ပြော ရမယ်ထင်ပါတယ်။ ဗမာပြည်ရဲ့ လွတ်လပ်ရေးဒီဘက် ရွေးကောက်ပွဲသမိုင်းမှာ ‘တသီးပုဂ္ဂလ’ ဆိုတဲ့အသုံးအနှုန်းကို လူတိုင်း၊ နားယဉ်၊ မျက်စိယဉ်နေတယ်လို့ ပြောနိုင်ပါတယ်။ နောက်ပြီး စစ်အေးခေတ်တုန်းက ‘ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှု’ ကိုလည်း သိကြပါတယ်။ အဲဒါတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အခုပြောနေတဲ့ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ အမည်ခံသက်သက်ဆိုတာကို တွေ့ရပါလိမ့်မယ်။

တတိယအုပ်စု၊ တတိယလိုင်းဆိုတာဟာ သမိုင်းအခြေအနေလိုက်လို့ ပြောင်းလဲနေတာဖြစ်ပါတယ်။ ဖဆပလမကွဲခင် ၁၉၅၂ ရွေးကောက်ပွဲနဲ့ ၁၉၅၆ ရွေးကောက်ပွဲအပြီးမှာ ဖဆပလနဲ့ ပမညတဟာ အဓိကထိပ်ချင်းဆိုင်နေသူတွေ ဖြစ်ပါတယ်။ ကျန်တဲ့ တသီးပုဂ္ဂလဆိုတာတွေက ဒီနှစ်ဖွဲ့နဲ့ ဘယ်လိုမှမပတ်သက်သူတဲ့ တတိယအင်အားတွေဖြစ်ပါတယ်။ ဒါပေမယ့် ဖဆပလလည်း ကွဲပြီးတဲ့အခါမှာတော့ သန့်ရှင်းနဲ့တည်မြဲတို့ဟာ အဓိကဆိုင်နေသူတွေဖြစ်ပြီး ပမညတဟာ တတိယအုပ်စုဖြစ်သွားပါတယ်။ ပမညတဟာ အဲဒီနှစ်ဖက်နဲ့ အခြေခံအယူအဆမှာ လုံးဝမတူပါဘူး။

အခုတော့ ဒီလူတွေက သူတို့ကိုယ်သူတို့ နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်းမတူဘူးဆိုတာနဲ့ပဲ “တတိယအုပ်စု” လို့ ခေါ်ရတော့မလိုဖြစ်နေပါတယ်။ တကယ်ကျတော့ တစညလိုဟာကို မေးကြည့်ရင်လည်း သူတို့ဟာ နအဖနဲ့ရော၊ ဒီချုပ်နဲ့ရော မတူဘူး၊ တခြားစီလို့ပဲပြောမှာပါ။ ဒါကြောင့် “နအဖနဲ့လည်းမတူ၊ ဒီချုပ်နဲ့လည်းမတူ” ဆိုတာကို စံလို့ပြောလို့မဖြစ်ပါဘူး။ ဒီတော့ တဆက်တည်း မေးသင့်တာက ဒီ “တတိယအုပ်စု” ၊ “တတိယလိုင်း” သမားတွေဟာ သူတို့ကိုယ်သူတို့ နအဖနဲ့မတူပါဘူးလို့ ဘယ်နေရာမှာ၊ ဘယ်လိုမတူတာလဲလို့ တိတိကျကျပြောဖူးသလဲ ဆိုတာပါပဲ။ ပြည်သူလူထုက ကြားနေရတဲ့ သူတို့ပါးစပ်က စကားတွေကတော့ နအဖကိုထောက်ခံနေတာချည့်ပါပဲ။ နအဖနဲ့ မတူတာရယ်လို့ စကားဦးလေးသန်းပြတာတောင် မကြားဖူးပါဘူး။

တခါ အယူအဆသဘောအရပြောရရင်လည်း ဒီနေ့ဗမာပြည်နိုင်ငံရေးမှာ အဓိကကွဲနေတာက နအဖရဲ့ဖွဲ့စည်းပုံနဲ့ရွေးကောက် ပွဲတို့အပေါ် သဘောထားတဲ့ ကိစ္စမှာဖြစ်ပါတယ်။ ဒီအဓိကပြဿနာကြီးမှာ သူတို့ဟာ နအဖနဲ့ တသားတည်းဖြစ်ရုံမက ပိုတောင်ကဲနေကြပါတယ်။ နအဖရဲ့ဖွဲ့စည်းပုံကို နောင်မှာပြင်သွားကြတာပေါ့ ဆိုတာမျိုးတောင် မပြောဝံ့တဲ့လူတွေဖြစ်ပါတယ်။ တချိန်က ဗမာပြည် နိုင်ငံရေးဇာတ်ခုံပေါ်က တသီးပုဂ္ဂလဆိုတာဟာ တကယ့်တသီးပုဂ္ဂလတွေဖြစ်တာမို့လို့ ဖဆပလလို အာဏာရအဖွဲ့ဟာ သူတို့ချင်း ကွဲပြဲတာအပါ နိုင်ငံရေးပြဿနာကြီးတွေ၊ အကျဉ်းအကျပ်တွေနဲ့ ကြုံတွေ့လာရတိုင်း ဒီတသီးပုဂ္ဂလတွေကို စည်းရုံးခဲ့၊ ကိုယ့်ကိုထောက်ခံအောင် လုံးပန်းခဲ့ရပါတယ်။ အဲဒါနဲ့ပြောင်းပြန် အခုဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေကတော့ တကယ်လို့ နအဖအစိုးရမှာသာ အကျဉ်းအကျပ်နဲ့ ကြုံရရင် အရင်ဆုံးထိုးကျွေးတာ ခံရဖို့ ရှိပါတယ်။ တကယ်ကဒီ “တတိယအုပ်စု”၊ “တတိယလိုင်း” ဆိုတာတွေဟာ နအဖမိုးလေဝသ၊ တနည်းအားဖြင့် ဗိုလ်သန်းရွှေရဲ့ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ရပ်တည်လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။ နအဖ ဒါရိုက်လုပ်သမျှ လိုက်လုပ်ရသူတွေ ဖြစ်ပါတယ်။ နအဖက ပေါ်စေဆိုလို့ ပေါ်ပေါက်လာတာဖြစ်ပြီး တချိန်မှာ နအဖကပျောက်စေဆိုရင်လည်း ရုတ်ခြည်းပျောက်ကွယ်သွားမှာသာဖြစ်ပါတယ်။

နအဖရဲ့ တရားဝင်မီဒီယာတွေမှာ အခုထက်ထိ ဒီအဖွဲ့တွေ၊ ဒီလူတွေနဲ့ ဒီအယူအဆ၊ ဒီအပြောအဆိုတွေအကြောင်း ဘာမှ မပြောတာကို သတိထားမိကြမယ်ထင်ပါတယ်။ ဒါဟာ သမိုင်းမှာ မကြာမကြာကြုံတွေ့ရလေ့ရှိတဲ့ ကပ်ဖားရပ်ဖားတွေကို သခင်က သိပ်ဂရုမစိုက်တဲ့ ဖြစ်ရပ်တွေအတိုင်း တသဝေမတိမ်း တွေ့ရတာသာဖြစ်ပါတယ်။ မဆလလက်ထက်မှာ သခင်စိုးဟာ ထောင်ထဲကနေရော၊ ထောင်ပြင်ကနေပါ စစ်အုပ်စုအုပ်စိုးမှုကိုရော၊ မဆလသဘောတရားကိုပါ ထောက်ခံတဲ့စာတမ်းတွေကို သဘောတရားလုပ်ပြီး ဗိုလ်နေဝင်းဆီကို ရေးပို့ပါတယ်။ နောက်ဆုံးတော့ အဲဒီစာတွေဟာ ထောက်လှမ်းရေးအတွက် အသုံးချစရာသာဖြစ်ခဲ့ပြီး ဗိုလ်နေဝင်းက မျက်စောင်းတောင် ထိုးမကြည့်ခဲ့ဘူးဆိုတာကို သတိထားကြသင့်ပါတယ်။

ဒါနဲ့များ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ “တတိယအုပ်စု”၊ “တတိယလိုင်း” လို့ မသူတော် (၇) ပါးလို ကိုယ့်အကြောင်းကိုယ် ဖော်နေကြတာလဲလို့ မေးလာရင် အဖြေကသိပ်ရှင်းပါတယ်။ တချက် နအဖက အဲဒီလိုပြောစေချင်မှန်း သိလို့ဖြစ်ပါတယ်။ သူတို့အဖို့ နအဖဗိုလ်ချုပ်တွေ ကျေနပ်အောင်လုပ်ရေးဟာ အဓိကဆိုတာကိုမမေ့သင့်ပါဘူး။ နောက်တချက်ကတော့ လာမယ့်ရွေးကောက်ပွဲမှာ မဲရချင်လို့ ဖြစ်ပါတယ်။ ဒီချုပ်နဲ့ တသားတည်းဆိုရင် နအဖကအမှုန့်ကြိတ်ပစ်မှာ၊ နအဖနဲ့ တသားတည်းဆိုရင် မဲမရမှာ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဗုံမဟုတ်၊ ပတ်မဟုတ်ဖြစ်ပါကြောင်း ပြောနေတာဖြစ်ပါတယ်။ သူတို့ခမျာ ရွေးကောက်ပွဲကတဆင့် သူတို့အကျိုးရှိမယ်လို့ တကယ်ကို ယုံကြည်နေရှာကြတာပါ။

ဒါပေမယ့် လူသားချင်းစာနာတတ်သူများကတော့ သူတို့တတွေ ဒီလိုလုပ်နေလို့ သူတို့ရဲ့ဇာတ်သိမ်းမကောင်းနိုင်ဘူး၊ သူတို့ကို နအဖဗိုလ်ချုပ်တွေက ဒီတပွဲ၊ ဒီတကွေ့အတွက်သာ အသုံးချတာဖြစ်တယ်ဆိုတာကို သတိပေးကြရပါမယ်။



No comments: