Tuesday, December 22, 2009

အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲတွင် ရိုက်နှက်မှုများဖြစ်ပွား

ဖြိုးကြီး

အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲကို ဝန်ကြီးခရီးစဉ်ကြောင့် ဖျက်သိမ်းခိုင်းပြီး ကြံ့ဖွံ့အဖွဲ့ရိုက်နှက်မှုများကြောင့် လူလေးဦး ဒဏ်ရာရရှိခဲ့သည်။

ယခုလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် တဖက်ကမ်းရှိ အလတ်ချောင်းကျေးရွာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုင်းဘုတ်တင်ပွဲပြုလုပ်ရာ ကျန်းမာရေးဝန်ကြီး ခရီးစဉ်နှင့် တိုက်ဆိုင်နေသည့်အတွက် အခမ်းအနားကို ရပ်ဆိုင်းခိုင်းကာ ကြံ့ဖွံ့အဖွဲ့မှ မြင့်လွင်ဆိုသူက ဦးဆောင်၍ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“အလံတင်ဖို့ လုပ်နေတဲ့အချိန်မှာ လာတားတာ၊ မြို့နယ် မယက ဥက္ကဌ ညွန့်တင်နဲ့ ကြံ့ဖွံ့တွေက ဒီနေ့မလုပ်ဘဲ နောက်နေမှ လုပ်ဖို့ ပြောတာ၊ အဲဒီမှာ ဝန်ကြီးပြန်သွားတော့မှ မြင့်လွင်တို့က စိန်ခေါ်ပြီး အိမ်ထဲက ထွက်လာတဲ့ သူတွေကို ရိုက်တာ” ဟု ဒေသခံတဦးက ပြောသည်။

နေ့လည် ၂ နာရီအချိန်ခန့်တွင် ဝန်ကြီးအဖွဲ့ပြန်သွားပြီးနောက် အခမ်းအနားကို ဆက်လုပ်ရန် အမျိုးသားနိုင်ငံရေးအဖွဲ့က တောင်းဆိုရာ အာဏာပိုင်များဘက်မှ မလုပ်ရန် ထပ်မံတားမြစ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ကြံ့ဖွံ့အတွင်းရေးမှူး မြင့်လွင်၊ မီးသတ် စွမ်းအားရှင်နဲ့ ကြံ့ဖွံ့အဖွဲ့တွေ ထပ်လာပြီး တားသေးတယ်၊ အဲဒီမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ဥက္ကဌက ကျနော်တို့ ဆိုင်းဘုတ်တင်ပွဲကို အထက်သက်ဆိုင်ရာကို တင်ပြပြီးသားဖြစ်တဲ့အကြောင်းရယ် နောက်ထပ် ရက်မရွေ့ပေးနိုင်ဘူးပေါ့၊ ဝန်ကြီးလာတဲ့ရက်နဲ့ တိုက်နေပေမဲ့လည်း ဝန်ကြီးပြန်တာနဲ့ဆက်လုပ်မှာလို့ပြောတော့ ကြံ့ဖွံ့အဖွဲ့တွေ ခါးတောင်းကြိုက်ပြီး မင်းတို့ကို ရိုက်လို့ရတယ် ဘာညာနဲ့ စိန်ခေါ်ပြီး ဖြစ်တာ” ဟု ဒေသခံက ဆက်ပြောသည်။

ယင်းကဲ့သို့ အာဏာပိုင်များနှောက်ယှက်မှုကြောင့် နေအိမ်ပျက်စီးသွားပြီး အဖွဲ့အလံကိုလည်း မီရှို့ခဲ့သည့်အပြင် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောဆိုခဲ့သည်။

အဆိုပါ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှာ ဦးအေးလွင်ဦးဆောင်သည့်အဖွဲ့ဖြစ်ပြီး နအဖ စစ်အာဏာပိုင်များအလိုကျ လှုပ်ရှားနေသည့်အဖွဲ့ဖြစ်သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ၎င်းတို့ ပါတီလှုပ်ရှားမှုအတွက် အနောက်တောင်တိုင်း၊ တိုင်းမှူးထံမှ အကူညီတောင်းခံသည့် စာများပေးပို့ခဲ့သည်။

No comments: