Monday, December 21, 2009

ရွေးကောက်ပွဲအတွက် လူစာရင်းများ ကောက်ခံ ပြည်သူများက စာရင်းကောက်မှုကို မလိုလား

တက်လူ/ ၂၁ ဒီဇင်ဘာ ၂၀၀၉

လာမည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်တွင် မဲပေးရန် လူ စာရင်း များကို ယခုလ လယ်မှ စတင် ကောက်ခံ နေပြီဖြစ် ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ (၁၉) ရက်တွင် ကျောက်တံတားမြို့နယ် (၃၆) လမ်း၌ ရပ်ကွက်အာဏာပိုင်များက လော်စပီကာများဖြင့် ရပ်ကွက်တွင်းနေထိုင်သူများကို ၎င်းတို့၏ အိမ်ထောင်စု စာရင်းများ၊ ယာယီအိမ်ထောင်စုစာရင်းများ၊ ဧည့်စာရင်းများကို ယူဆောင်၍ စာရင်းပေးရန် လိုက်လံဆော်သြနေသည်ဟု အဆိုပါလမ်းတွင် နေထိုင်သူတဦးက ပြောသည်။

လမ်း (၄၀) တွင် နေထိုင်သူတဦးကလည်း “ကျနော်တို့ လမ်း (၄၀) မှာလည်း ဒီဇင်ဘာ (၁၇) ရက်နေ့က စာရင်းလာကောက် တယ်။ မဲပေးဖို့ လူစာရင်းကို ကောက်တာလို့ ပြောတယ်။ ဒါပေမယ့် ကျနော်တို့က မယုံဘူး။ စာရင်းကောက်ပြီးတော့ စာရင်းပေးသူတွေအားလုံး သူတို့ကို ထောက်ခံသူတွေလို့ စာရင်းယူမသွားဘူးလို့ ဘယ်သူပြောနိုင်လို့လဲ” ဟု ပြောသည်။

ထိုသို့ စာရင်းကောက်ယူမှုများမှာ အိမ်ရှင်၊ အိမ်ငှားနှင့်ပတ်သက်၍ စာရင်းကောက်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒပေးသည့်အခါ မဲပေးခွင့်ရသူနှင့် မဲပေးခွင့်မရသူများကို ခွဲထုတ်ရန်အတွက်ဖြစ်ကြောင်း ရန်ကုန်တိုင်း လူဝင်မှုဦးစီးဌာနမှ အရာထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ဆန္ဒမဲပေးပွဲပြုလုပ်ခဲ့စဉ်ကလည်း စာရင်းကောက်ထား သူများကို အမှန်ခြစ် (ထောက်ခံသူ) အဖြစ် အသိအမှတ်ပြုသွားခြင်းကို ပြည်သူတို့က သိရှိနေသည့်အတွက် ယခုကဲ့သို့ ကြိုတင် စာရင်းကောက်ခံခြင်းကို မလိုလားကြကြောင်း စာရင်းကောက်အဖွဲ့တွင် ပါဝင်သူတဦးက ပြောသည်။

“မယုံကြတာတော့ အသေအချာပဲ။ ကျနော်တို့ကလည်း တာဝန်အရ လုပ်ရတာဖြစ်တယ်။ လာပြီး စာရင်းပေးချင်ရင် ပေး၊ မပေးချင်လည်း နေ၊ အတင်းအကျပ်တော့မလုပ်ဘူး။ ရွေးကောက်ပွဲက ဘယ်ဆီနေမှန်းမသိသေးဘူး” ဟု ကျောက်တံတားမြို့ နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

ရွေးကောက်ပွဲအတွက် စည်းမျဉ်းဥပဒေများ ထုတ်ပြန်မှုမရှိခြင်း၊ ပါတီများထောင်ခွင့်မရသေးခြင်းအပေါ် ပြည်သူများက နားမလည်နိုင်ဘဲ ယခုကဲ့သို့ စာရင်းကောက်နေသည်မှာ တဖက်သတ်ဆန်နေသည်ဟု အငြိမ်းစားရှေ့နေတဦးက ပြောသည်။

နအဖအကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြီးခဲ့သည့် နိုဝင်ဘာ (၂၇) ရက် နေပြည်တော်တွင်ပြုလုပ်သော ကြံ့ဖွံ့ နှစ်ပတ်လည်အစည်းအဝေးတွင် ၂၀၁၀ ၌ ကျင်းပမည့် ရွေးကောက်ပွဲကို လူထုထောက်ခံထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ လွတ်လပ်မှုနှင့်မျှတမှုရှိစွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောဆိုမှုကို အစိုးရပိုင်သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

“လွတ်လပ်မှုလို့ပဲပြောပြော၊ မျှတမှုလို့ပဲဆိုဆို ဒါကပြည်သူတွေကို နားလှည့် ပါးရိုက်လုပ်တာ ဖြစ်တယ်။ မြန်မာအစိုးရဟာ မတရားတဲ့၊ မမျှတတဲ့ လုပ်ရပ်တွေကို လုပ်လာခဲ့တာ အနှစ် (၂၀) ကျော်နေပြီ။ ဒီတခါ တရားမျှတမှု ရှိနိုင်ပါ့မလား။ မြန်မာ ပြည်သူတွေကတော့ လှည့်စားခံနေရတာပါပဲ” ဟု စာပေဗိမာန်ဆုရ စာရေးဆရာတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဲဆန္ဒ ပေးပွဲနှင့် ပတ်သက်၍ ပန်းပဲ တန်းတွင် နေထိုင်သူ ကျောင်း ဆရာမ တဦးကလည်း “ပန်းပဲတန်းမှာ ဥပဒေ အတည်ပြုရေး အတွက် မဲပေးမယ့် နေရာကို မသွား ရခင်မှာ အိမ်ကို အမှန်ခြစ်ထား တဲ့ စာရွက် လာပေးတယ်။ အဲဒီလိုပဲ လုပ်ပေး ပါဆိုတာကို ပြောလာတယ်။ ဟာ ဒါဆိုရင် ကျမတို့အနေနဲ့  မိမိ သဘော ဆန္ဒကို ဆောင်ရွက်ခွင့် မရဘူး ဆိုတဲ့ သဘောပေါ့။ ကောင်းပြီ ဒါဆိုရင် အဲဒီကို မသွားတော့ဘူး။ ဒီက လူကြီးတွေပဲ ကျမတို့ကိုယ်စား ထည့်လိုက်ပါတော့လို့ ပြန်ပေးလိုက်တယ်။ ဒါက ကိုယ်တွေ့ဖြစ်ရပ်ပါ။ ပြောချင်တာက ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလား ဆိုတာကို မဲပေးမယ့်သူတွေ အားလုံးက စဉ်းစားသင့်တယ်” ဟု ပြောသည်။

No comments: