Thursday, December 24, 2009

မြန်မာမှတ်ပုံတင်ရှိမှ ကိုးကန့်များ တရုတ်ပြည်ထဲဝင်ခွင့်ရ

သျှမ်းသံတော်ဆင့်

ကိုးကန့်ဒေသအား နအဖ စစ်တပ်ဝင် ရောက်သိမ်း ပိုက်ပြီး နောက်ပိုင်း ဒေသခံ တိုင်းရင်းသား များ မြန်မာ မှတ်ပုံတင် ရှိမှ နယ်ခြား ဂိတ်ဖြတ်သန်းခွင့် ရကြောင်း တရုတ် နယ်စပ် သတင်း ရပ်ကွက် ပြောပါသည်။

ကိုးကန့်ဒေသကို ဗမာစစ်တပ်ဝင်မသိမ်းခင်က ကိုးကန့်စကားပြောတတ်ရင် နယ်စပ်လွယ်လွယ်ကူကူဖြတ်သန်းသွားလာ လို့ရတယ်။ ပိုက်ဆံတပြားမှမကုန်ရဘူး။ အခုတော့ ဗမာမှတ်ပုံတင်မရှိရင် သွားလို့ကိုမရတော့ဘူး” - ဟု ကိုးကန့်ဒေသ ရောက် လားရှိုးမြို့ခံတဦး ကပြောပါသည်။

သြဂတ်စ်လနှောင်းပိုင်း နအဖ စစ်တပ်တို့ ကိုးကန့်ဒေသအား ၀င်ရောက်သိမ်းပိုက်ပြီးချိန်မှစ၍ ယခုထက်ထိ ဌာနဆိုင်ရာ များကွင်းဆင်းပြီး မှတ်ပုံတင် /အိမ်ထောင်စုစာရင်း ရွာဝင်ရွာထွက် လိုက်လုပ်ပေးနေသည်ဟု ဆိုသည်။

“မှတ်ပုံတင်အတွက် တယောက်စာ ကုန်ကျစရိတ်က တရုတ်ငွေ ယွမ် ၁၀၀ - ၂၀၀ ပေးရတယ်။ အိမ်ထောင်စု စာရင်းတခု လဲ အနည်းဆုံးယွမ် ၂၀၀ ဘဲ။ ဒေသခံတောင်သူဦးကြီးတွေအတွက် အခက်အခဲဖြစ်တာပေါ့။ မလုပ်နိုင်တဲ့ သူဆို တရုတ်ဘက် ကူးဖို့မလွယ်တော့ဘူး” - ဟု ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြော၏။

မြန်မာမှတ်ပုံတင်ရှိသူတိုင်း လောက်ကိုင် - ရန်လုံကျိုက်မှ တရုတ်ပြည်ထဲသို့ နယ်စပ်ဖြတ်သန်းလက်မှတ် (တနှစ်သက်တမ်း စာအုပ်) ၁၀ ယွမ် ၊ တနေ့(သို့) တခေါက် ဖြတ်သန်းသွားလာခ ၂ ယွမ် ကုန်ကျသည်ဟု သိရ၏။

အများအားဖြင့် ကိုးကန့်တိုင်းရင်းသားစကား (ကိုးကန့်လေသံ တရုတ်စကား) ကိုသာပြောသည့် ကိုးကန့်ဒေသသည် သြဂတ်စ်အရေးအခင်းပြီးနောက်ပိုင်း ဗမာစကားသာအဓိကဖြစ်လာ၏။ ထို့ကြောင့် ဗမာအာဏာပိုင်များနှင့် ပြောဆို ဆက်ဆံရေးတွင် ဘာသာပြန် အားကိုးနေရသဖြင့် အခက်အခဲများစွာကြုံတွေ့ရသည်ဟု အဆိုပါဒေသခံက ပြောပါသည်။

“ဦးဖုန်(ဖုန်ကြားရှင်း)ခေတ်က အဲလိုမဟုတ်ဘူး၊ ဒေသခံတွေဘယ်သူ့ကိုမှမကြောက်ရဘူး၊ အခုတော့ အိမ်ရှင်က ဧည့်သည် ကို ကြောက်နေရတယ်။ ဦးပိုင် (ပိုင်ဆုံချိန်) အဖွဲ့ကလဲ ဗမာတပ်တွေ ဟိုဒီသွားရင် လမ်းပြ၊ နောက်လိုက်ဘဲလေ။ အားကိုး လို့ မရဘူး” - ဟု ဆက်ပြော၏။

စစ်အစိုးရတပ် ကိုးကန့်ဒေသ ၀င်ရောက်သိမ်းပိုက်ပြီးနောက်ပိုင်း ကုန်သွယ်ရေးဇုန်အပြင်၊ သျှမ်းပြည်မြောက်ပိုင်း ပြည်ထောင်စုလမ်းမနှင့် ဆက်သွယ်မည့် ဗျူဟာလမ်းမ (ချင်းရွှေဟော် - လောက်ကိုင် - ကုံးကြမ်း ) လည်းတိုးချဲ့ဖေါက်လုပ် နေသည်ဟု တရုတ်နယ်စပ် ဆိုစ့်က ပြောပါသည်။

သြဂတ့်စ်လ အရေးအခင်းကြောင့် ဖုန်ကြားရှင်းနှင့်အဖွဲ့ တိမ်းရှောင်နေရဆဲဖြစ်ပြီး စစ်အစိုးရအား ထောက်ခံသည့် ပိုင်ဆုံချိန် ဦးဆောင် ကိုးကန့်တပ်ဖွဲ့ကမူ နယ်ခြားစောင့်တပ် တပ်ရင်းအမှတ် ၁၀၀၆ အဖြစ် ဒီဇင်ဘာ ၄ ရက်နေ့က ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီးဖြစ်သည်။


No comments: