Thursday, December 24, 2009

ကားတင်သွင်းခွင့် ပေးသည်ကို ဟိုတယ်လုပ်ငန်းရှင်များ မကျေနပ်

စိုးမိုး/ ၂၄ ဒီဇင်ဘာ ၂၀၀၉

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို သယ်ယူပို့ဆောင်ရေးအတွက် စစ်အစိုးရက ပြည်ပမှ ကားတင်သွင်းခွင့် ပြုလိုက်သော်လည်း ဟိုတယ်လုပ်ငန်းရှင်များက ကျေနပ်မှုမရှိကြကြောင်း သိရသည်။

တိုးတက်လာသည့် ခရီးသွားလုပ်ငန်း ရေရှည်ထိန်းရန်အတွက် မလိုအပ်သည့် မူဝါဒဆိုင်ရာ အတားအဆီးများ လျှော့ချပေးရန် ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များ တင်ပြတောင်းခံမှုကို စစ်အစိုးရက ကားတင်သွင်းခွင့် ပါမစ်ဖြင့်သာ ပြီးဆုံးသွားစေခြင်းဖြစ်သည်။

“တကယ်က အလုပ်မဖြစ်တဲ့ မူဝါဒတွေ၊ လျှော့ပေးရမယ့်ကိစ္စတွေကို တင်ပြရင် သူတို့ဖြေရှင်းပုံက ကားပါမစ် ပေးလိုက်မယ်။ လိုအပ်တဲ့ ပစ္စည်းကို အခွန်မကောက်ဘဲ သွင်းခွင့်ပေးလိုက်မယ်။ ဒီဖြေရှင်းမှုဟာ ရေရှည်အကျိုးဖြစ်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး” ဟု ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် ကားတင်သွင်းခွင့်ကို စစ်အစိုးရက ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တဆင့် ဟိုတယ် ခရီးသွားလုပ်ငန်းရှင်များကို ယခုလအတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တိုးတက်လာသည့် ခရီးသွားလုပ်ငန်းကို ရေရှည် ဆက်လက် ထိန်းထားနိုင်ရန်အတွက် ခရီးသွားလာခွင့်ဒေသများ ထပ်မံတိုးချဲ့ပေးရန်၊ သယ်ယူပို့ဆောင်ရေး စရိတ်စကများ လျှော့ချနိုင်ရန်၊ ကမ္ဘာလှည့်ခရီးသည်များ ဗီဇာ လွယ်လွယ်ကူကူ ရရှိစေရန်၊ Night Life ဖန်တီးပေးရန်၊ အထွေထွေကောက်ခံနေသည့် စရိတ်စကများ လျှော့ချရန်၊ ဧည့်လမ်းညွှန်များ အခွန်လျှော့ချပေးရန်တို့ကို ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက တင်ပြတောင်းခံနေကြသည်။

“အခု အွန်လိုင်းဗီဇာစနစ် လုပ်လိုက်တာနဲ့တင် ခရီးသွားလုပ်ငန်းက အရမ်းတက်လာတယ်။ ဒီစနစ်လေး ဖြစ်လာဖို့ကို ခရီးသွားလုပ်ငန်းရှင်တွေ အတော်ကြိုးစားခဲ့ရတယ်” ဟု ခရီးသွားလုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

မြန်မာပြည်တွင်း ကားတင်သွင်းမှုကို စစ်အစိုးရ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သည့် စီးပွားရေး ဦးပိုင်လီမိတက် တခုတည်းက လုပ်ကိုင်နေပြီး လုပ်ငန်းရှင်များက နိုင်ငံတကာ ပေါက်ဈေး၏ (၁၀) ဆခန့်ပေးကာ ၀ယ်ယူ လုပ်ကိုင်နေရခြင်း ဖြစ်သည်။

No comments: