Sunday, December 27, 2009

ကျိုက်တမော့ဆံတော်ရှင်တောင်ပေါ်ဘုရားသို့ ကားဖြင့်တက်နိုင်ပြီး

Kaowao

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက် ကျေးရွာ အရှေ့ဘက် ကျိုက်တမော့တောင် ထိပ်ပေါ်တွင် တည်ထား ကိုးကွယ် လျှက်ရှိသော ဆံတော်ရှင် ကျိုက်တမော့ စေတီ တော်သို့ ယခုအခါ မော်တော် ကားဖြင့် တက်ရောက် ဖူးမျှော်နိုင်ပြီး ဖြစ်ကြောင်း ဒေသခံ တစ်ဦးမှ ပြောပါသည်။

ယခင်က၄င်းတောင်ပေါ်ဘုရားသို့ ခြေလျင်ခရီးဖြင့်သာ တက်ရောက်ဖူးမျှော်နိုင်ခဲ့သော်လည်း လွန်ခဲ့သော(၃)နှစ် ခန့်က ကမာဝက်ကျေးရွာရှိ လဝီမာန်ထောကျောင်းထိုင် ဆရာတော်ဘဒ္ဒ န္တအိန္ဒကမှ ကမကထပြု ဦးဆောင်ပြီး ဘုရားဂေါပကအဖွဲ့နှင့် ရွာသူရွာသားများစုပေါင်း၍ လူအားငွေအားဖြင့် အားတက်သရောပြုလုပ်ကြသည်။

ယခုအခါ ကျောက်ခင်းကားလမ်းကြမ်းပြီးသွားခဲ့ပြီးဖြစ်၍ မော်တော်ကားဖြင့် တက်ရောက်နိုင်ခဲ့ပြီး ဘုရားတောင်ခြေ ရင်းသို့ ဝင်သောလမ်းကိုလည်း ကတ္တရာလမ်းအဖြစ်သို့ ဆက်လက်ပြုလုပ်နေပြီးဖြစ်ကြောင်း ဘုရားဂေါပကတစ်ဦးမှ ပြောပြခဲ့သည်။

နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ကျော်(၆)ရက်မှ(၈)ရက်နေ့အထိ ကျိုက်တမော့ဘုရား ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပလျှက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် အစဉ်စည်ကားလျှက်ရှိသည်။

ဂေါတမမြတ်စွာဘုရား ရာမညဒေသ သုဝဏ္ဏဘုမ္မိတိုင်းသို့ ဒေသစာရီကြွရောက်စဉ်အခါက ဥလုကအရှင်ရသေ့မှ ဆံတော်တစ်ဆူရရှိခဲ့ပြီး ဤကျိုက်တမော့ဘုရားကို တည်ထားကိုးကွယ်ခဲ့သည် ဟုဆို၏။ ဘုရားတည်ရန် လိုအပ် သည့်ရေရရှိရန်အတွက် နတ်မင်း(မွန်ဘာသာခေါ်- စမိန်းအိန်း)က ရေတွင်းတစ်တွင်းပြုလုပ်ခဲ့ရာ ၄င်းရေတွင်းကို ယခုတိုင်နတ်ရေတွင်း(မွန်ဘာသာခေါ်- ပလိုင်းအိန်း)ဟု ခေါ်တွင်၍ ယနေ့တိုင်ကျန်ရှိနေသေးသည်ဟု ဆိုသည်။

No comments: