Wednesday, December 30, 2009

မြန်မာ ဒုနိုင်ငံခြားရေး ၀န်ကြီး ဘင်္ဂလာ ခရီးစဉ်အတွင်း ဘာတွေ ဆွေးနွေးမလဲ

Narinjara News

ယနေ့ စတင် ပြုလုပ်သည့် မြန်မာ- ဘင်္ဂလာ နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး အဆင့် ဆွေးနွေးပွဲကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဒက္ကားမြို့တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန ဧည့်ခန်းမတွင် ကျင်းပလျှက်ရှိသည်။

မြန်မာဘက်မှာ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးမောင်မြင့် ဦးဆောင်သော (၃) ဦးပါ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်နေပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းဝန် မစ္စတာ မူဟာမတ် မီဂျာရုလ် ကွာယေလ် ဦးဆောင်သော (၅) ဦးပါ ကိုယ်စားလှယ် အဖွဲ့မှ တက်ရောက်လျှက်ရှိသည်။

ဘင်္ဂလာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒါရိုက်တာ ဆိုင်ဒါ မူန တာဆနီက “ ဘင်္ဂလာဒေခ်ျ့ ဘက်က အဓိကထား တောင်းဆိုမယ့် အချက်ထဲမှာ မြန်မာ စစ်အစိုးရ အာဏာပိုင်တွေက ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ မူဆလင်တွေကို ဘင်္ဂလာဒေခ်ျ့ဘက်ကို နှင်ထုတ်နေတာကို ရပ်တန့်ဖို့ တောင်းဆိုသွားမှာ ဖြစ်တယ်။ ခုလို မြန်မာဘက်က မူဆလင်တွေကို ဖိအားပေး နှင်ထုတ်နေတာကြောင့် လူဦးရေ ထူထပ်တဲ့ ဘင်္ဂလာဒေခ်ျ့မှာ ၀န်ထုတ် ၀န်ပိုး ဖြစ်နေပါတယ်။ ဒီကိစ္စဟာ လက်ရှိ ဘင်္ဂလာဒေခ်ျ့အတွက် အထူးအရေးကြီးတဲ့ ပြဿနာ ဖြစ်နေပါတယ်။”

မြန်မာ နအဖ စစ်အစိုးရသည် ရခိုင်ပြည်နယ်တွင် နေထိုင်သော အစ္စလာမ် ဘာသာဝင်များအား ဗမာပြည်မသို့ ၀င်ရောက် နေထိုင်မည်ကို စိုးရိမ်ပြီး ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ခွာသွားရန် သွယ်ဝိုက်သော နည်းဖြင့် ဖိအားပေး နှင်ထုတ်လျှက်ရှိသည်။

“ ခု ဘင်္ဂလာဒေခ်ျ့မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာလို့ ခေါ်တဲ့ ဒုက္ခသည် ၂၈၀၀၀ ရှိပြီး တရားမ၀င်နေထိုင်နေတာက အများကြီးရှိပါတယ်။ ဒီကိစ္စကို မြန်မာနဲ့ အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။ မြန်မာက သူတို့ကို လက်ခံ ယူလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဘင်္ဂလာဒေခ်ျ့နိုင်ငံ တာဝန်ရှိသူများမှ သူတို့နိုင်ငံတွင် ရိုဟင်ဂျာ လူမျိုး မရှိကြောင်း ငြင်းဆိုထားပြီး ရိုဟင်ဂျာ ဆိုသူများမှာ မြန်မာနိုင်ငံက လာသူများ ဖြစ်ကြောင်း ပြောဆို ထားသည်။

မြန်မာ စစ်အစိုးရမှ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း အတိအလင်း ထုတ်ဖေါ် ပြောဆိုထားပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့က တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂလီများဟု ပြောသည်။

၎င်းအပြင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယခုဆွေးနွေးပွဲတွင် ဘင်္ဂလာဒေခ်ျ့မှ မြန်မာနှင့် ဆက်သွယ်မည့် တိုက်ရိုက်ကားလမ်း ဖေါက်လုပ်မည့် ကိစ္စကို တင်ပြသွားမည် ဖြစ်ပြီး တခြားဆွေးနွေးမည့် အကြောင်းအရာများထဲတွင် နယ်စပ် ကုန်သွယ်ရေး ကိစ္စနှင့် ရေပြင်ပိုင်နက် အငြင်းပွားမူ ကိစ္စများလည်း ပါဝင်သည်။

လေ့လာသုံးသပ်သူများ အပြောအရ မြန်မာဘက်က တင်ပြ ဆွေးနွေးရန် အကြောင်းအရာများ မရှိသလောက်ပင် ဖြစ်ပြီး မြန်မာအနေဖြင့် စီးပွားရေး ကိစ္စများမှ အပ တခြား ကိစ္စများကို တင်ပြ ဆွေးနွေးရန် အခြေအနေ မရှိကြောင်း သိရသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအား မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြုပ်နှံမူ ပြုလုပ်ရန် ဖိတ်ခေါ်နိုင်သည့် အလားအလာများ ရှိနေပြီး အထူးသဖြင့် ရေအား လျှပ်စစ် စီမံကိန်းများတွင် ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် သံတွဲမြို့နယ်တွင် တည်ဆောက်နေသော သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် ဘူးသီးတောင် မြို့နယ်တွင် တည်ဆောက်မည့် စိုင်းဒင် ရေအားလျှပ်စစ် စီမံကိန်းအတွက် အထူးငွေ လိုအပ်နေသဖြင့် အဆိုပါ ရင်းနှီးငွေအတွက် ဘင်္ဂလာဒေခ်ျ့ကို ချဉ်းကပ် ဖိတ်ခေါ်နိုင်ကြောင်း လေ့လာ သုံးသပ်သူများက ပြောသည်။

No comments: