Thursday, June 17, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၃

မင်းဟန်

(၂၁၉)


ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းဖြစ်သူ၊ ဒေါက်တာမိုက်ကယ်အဲရစ် … သူ့ထံတွင် ဆီးကျိတ်ကင်ဆာရောဂါဝေဒနာခံစားရခြင်းကို ၁၉၉၉ ခုနှစ်၊ နှစ်ဦးတွင် သိလိုက်ရ၏။ခင်ပွန်းသည်အတွက် ရှင်သန်ချိန်သည် အကန့်အသတ်နှင့်…၊ တိုးတောင်းလွန်း၍နေလေပြီကို ဒေါ်အောင်ဆန်းစုကြည်လည်း သိ၏။ ဒေါက်တာမိုက်ကယ်အဲရစ်လည်း သိ၏။

သူ၏ နောက်ဆုံးအချိန်အတွင်း ဇနီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေးအတွက် ရန်ကုန်သို့သွားရန် ဒေါက်တာမိုက်ကယ်အဲရစ် ဆုံးဖြတ်၏။ လန်ဒန်ရှိ စစ်အုပ်စု၏ သံရုံးတွင် မြန်မာပြည်သို့ ပြည်ဝင်ခွင့်ဗီဇာ လျှောက်သည်။ သံရုံးက ဒေါက်တာမိုက်ကယ်အဲရစ်၏ ပြည်ဝင်ခွင့်ဗီဇာအား ငြင်းပယ်လိုက်၏။

အကြောင်းပြချက်က …. မြန်မာပြည်ရှိ ကျန်းမာရေးစောင့်ရှောက်ကုသမှုများက ခေတ်မမီ …၊ မိုက်ကယ်အဲရစ်၏ ဆီးကျိတ်ကင်ဆာရောဂါအား သက်သာစေလိမ့်မည်မဟုတ်… သို့အတွက် အင်္ဂလန်တွင်ပင် ဆေးဝါးကုသခြင်းက ပိုမို၍ကောင်းမွန်မည်ဖြစ်သည်။ ဤအတွက်…ပြည်ဝင်ခွင့်ဗီဇာအား ငြင်းဆန်ရခြင်း ဖြစ်ပါသည်ဟု ဆို၏။

စင်စစ်တွင်က…. ဒေါ်အောင်ဆန်းစုကြည်အား စစ်မျက်နှာသစ်ဖွင့်၍ ဖိအားပေးထိုးစစ်ဆင်လာခြင်းသာ ဖြစ်၏။

ပထမတွင် ဒေါက်တာမိုက်ကယ်အဲရစ်၏ ပြည်ဝင်ခွင့်ဗီဇာအား ငြင်းဆန်၏။

ပြီးလျှင်… ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တယ်လီဖုန်းဆက်သွယ်မှုများအား ဖြတ်တောက်၏။ ကင်ဆာဝေဒနာသည် ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်သွယ်မှု့များအားလုံးကို ဖြတ်တောက်ပစ်ခြင်းဖြစ်၏။ ခင်ပွန်းသည်၏ နောက်ဆုံးနေ့ရက်များအတွင်း ခင်ပွန်းသည်နှင့် တွေ့ဆုံနိုင်ရေးက … ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ခင်ပွန်းသည်ရှိရာ အင်္ဂလန်သို့ သွားရောက်ရန်မှတပါး… အခြားနည်းလမ်းဟူ၍ မရှိ…။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်းမှ ထွက်ခွာသွားစေလိုနေသည့် စစ်အုပ်စုကမူ …. တခုတည်းသော နည်းလမ်းသို့ ဒေါ်အောင်ဆန်းစုကြည် လျှောက်လှမ်းရန် ဆန္ဒစော၍နေ၏။ ဤအတွက်ပင် …. ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းသည်အကြား ဆက်သွယ်နိုင်မည့် နည်းလမ်းမှန်သမျှအား ဖိအားပေးသည့်အနေဖြင့် ပိတ်ဆို့ထားခြင်း ဖြစ်၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ …ဝေဒနာသည် ခင်ပွန်းဖြစ်သူနှင့် တွေ့ဆုံနိုင်မည့် တခုတည်းသော နည်းလမ်းအား ငြင်းပယ်၏။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများအရ …. ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့မြေပေါ်မှ ခဏငယ်မျှပင် ထွက်ခွာသွားရန်မဖြစ်…။ တဖဝါးမျှပင် စွန့်ခွာသွား၍မဖြစ်….။

၁၉၉၈ ခုနှစ်ကတည်းမှ ထိန်းသိမ်းထားခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်ပေါင်း ၇ဝဝ ကျော်ခန့်က ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်အသီးသီးတို့၌ ချုပ်နှောင်ခံထားရဆဲ…။ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP သည်လည်း ခက်ခဲကျပ်တည်းမှုများအကြားမှပင် …. ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးနှင့် ပြည်သူ့လွှတ်တော်တရပ်၏ ကိုယ်စား ‘လွှတ်တော်’ ရေးရာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နေရ၏။

စစ်အုပ်စု၏ တရားမဲ့ပြုမှုဆောင်ရွက်မှုများကြောင့် ပြည်သူလူထု၏ ဘဝအထွေထွေက၊ ဆိုးဆိုးဝါးဝါး….။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်း၌ တောရိုင်းမြေဧက ၁ဝဝဝ ကျော်အား ကျေးရွာအုပ်စု ၃၃ စုမှ လူထုသည် ခုတ်ထွင်ရှင်းလင်း၍… နေကြာ၊ ပဲ၊ မြေပဲ တို့အား ထွန်ယက်စိုက်ပျိုးပေးနေကြရ၏။ လုပ်ခဟူ၍က … မရ။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ချောင်းပေါက်ရွာ၊ တောင်ရိုးတိုက်ရွာ၊ ရေခါးရွာ၊ ကျောက်ကာရွာများမှ တောင်သူဦးကြီးများ၏ ဓားမဦးချလယ်မြေဧက ၇ဝဝ ကျော်အား အာဏာပိုင်များက ‘အဏုဇီဝ’ စက်ရုံတည်ဆောက်ရန်အတွက်ဟုဆိုကာ သိမ်းယူ၍နေကြပြန်သည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းရှိ ပေကြီး၊ စအုံးဗာ၊ ငှက်ပျောတိုင်၊ နတ်ကုန်း၊ ထောင်ရှားအိုင်ရွာများမှ လယ်မြေဧက ၆၃ဝဝ ကျော်ကိုလည်း မန္တလေး၊ မြစ်ကြီးနား ဗျူဟာလမ်းဖောက်ရန်အတွက်ဟူ၍ အာဏာပိုင်များက သိမ်းယူပြန်သည်။ စစ်အုပ်စု၏ အဓမ္မမှုအောက်၌ လူထုကြီးသည် ခါးစည်း၍ခံနေကြရသည်။

ဤအခြေအနေတွင်… ဒေါ်အောင်ဆန်းစုကြည်အနေနှင့် မည်သို့ဆုံးဖြတ်ရမည်နည်း…။
မိသားစုအရေးနှင့် တိုင်းပြည်အရေး…။
အမျိုးသားအရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စ….။

(၂၂ဝ)

ဒေါက်တာမိုက်ကယ်အဲရစ်၏ နောက်ဆုံးရက်များမှ…၊ နောက်ဆုံးအချိန်…။
ဒေါ်အောင်ဆန်းစုကြည်၏ ဖုန်းလိုင်းများအား အာဏာပိုင်များက ဖြတ်တောက်ထားသဖြင့်…. သူမ၏ မိတ်ဆွေသံတမန်တဦး၏ နေအိမ်မှတဆင့် …. ခင်ပွန်းသည်နှင့် နောက်ဆုံး နှုတ်ဆက်စကားပြောရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်၏။ ခင်ပွန်းသည်က … ဆေးရုံပေါ်မှ ဝေဒနာအား အံတုရင်း ဇနီးသည်နှင့် တယ်လီဖုန်း စကားပြောရန် စောင့်နေ၏။ သံတမန်တဦး၏ နေအိမ်ဖြစ်၍ စစ်အုပ်စုမှ တယ်လီဖုန်းလိုင်းများအား ဖြတ်တောက်၍မထား…။ ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည် တယ်လီဖုန်းအဆက်အသွယ်လုပ်၏။ ရသည်။
‘ဟဲလို…’
‘ဟဲလို..’
‘… … ’
တယ်လီဖုန်းလိုင်းက ပြတ်တောက်သွားလေပြီ…။
ခင်ပွန်းသည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ စကားပြောဆိုနေသည်ကို အာဏာပိုင်များကသိပြီး သံတမန်၏ နေအိမ်တယ်လီဖုန်းလိုင်းအား ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။

‘ဟဲလို…’ ဟူသည့် တယ်လီဖုန်းအတွင်းမှ မိုက်ကယ်အဲရစ်၏ အသံကား… ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံးကြားလိုက်ရသည့် ခင်ပွန်းသည်၏ အသံ…။ မိုက်ကယ်အဲရစ်၏ နောက်ဆုံးနှုတ်ဆက်စကား…။ ပြီးပြီ။

စစ်အုပ်စုက …. အငြိုးကြီးလေစွ…။
၁၉၉၉ ခုနှစ်၊ မတ်လ (၂၇) ရက်…။
စနေနေ့…။

ခင်ပွန်းသည်ဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်၏ ၅၃ နှစ်ပြည့်မြောက်သည့်မွေးနေ့…။ ၅၃ နှစ်မြောက် ခင်ပွန်းသည်၏ မွေးနေ့က …. မွေးနေ့၊ မွေးရက်၊ မွေးလ တထပ်တည်းကျသည့် မွေးနေ့ဖြစ်သည်။
ထိုနေ့နံနက်တွင်ပင် လန်ဒန်ရှိ နေအိမ်၌ ခင်ပွန်းသည် ဒေါက်တာမိုက်ကယ်အဲရစ် ကွယ်လွန်အနိစ္စရောက်သည့် သတင်းအား ဒေါ်အောင်ဆန်းစုကြည် ကြားသိရ၏။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဦးလွင်တို့ အသီးသီး ရောက်လာခဲ့ကြသည်။ ဒေါက်တာမိုက်ကယ်အဲရစ်၏ နာရေးအစီအစဉ်အား ဆွေးနွေးကြ၏။
အမှတ် ၅၄ တက္ကသိုလမ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်း၌ပင် မဏ္ဍပ်ထိုး၍ နာရေးသို့ လာရောက်ကြမည့်… လူပရိသတ်၊ ရဟန်းပရိသတ်များအား ဧည့်ခံမည်။

ဧပြီလ ၂ ရက်နေ့တွင်မူ… ဒေါက်တာမိုက်ကယ်အဲရစ်အား ရည်စူး၍ ပရိတ်တရားနာယူကြမည်။
သတင်းဌာနအသီးသီးက ဒေါက်တာမိုက်ကယ်အဲရစ်၏ နာရေးသတင်းအား ကြေညာပေး၏။

နာရေးလာကြသည့် သူများဖြင့် အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝင်းအတွင်းရှိ မဏ္ဍပ်ကြီးသည် အစဉ်အမြဲလိုလိုပင် ပြည့်သိပ်၍နေ၏။ ဒေါ်အောင်ဆန်းစုကြည်က… မဏ္ဍပ်အတွင်းရှိ နာရေးလာကြသည့် သူများအား နံနက် ၁၁ နာရီတွင်က တကြိမ်…၊ မွန်းလွဲ ၃ နာရီတွင် တကြိမ်….၊ တွေ့ဆုံ၍စကားပြောဆိုသည်။

သားငယ်မောင်ထိန်လင်းက ရန်ကုန်တွင် ရောက်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရှိနေ၏။
အာဏာပိုင်များက …တက္ကသိုလ်ရိပ်သာလမ်းတွင် စစ်ဆေးရေးဂိတ်ဖွင့်၍ နာရေးသို့ လာရောက်သြည့်သူများအား မှတ်ပုံတင်စစ်၏။ ဓာတ်ပုံရိုက်၏။ ဗီဒီယိုရိုက်၍လည်း မှတ်တမ်းယူကြ၏။


(၂၂၁)
ခင်ပွန်းသည်၏ ဈာပနကိစ္စပြီးသည်နှင့် အဖွဲ့ချုပ်အတွင်း၌ စိန်ခေါ်မှုအသစ်က ဒေါ်အောင်ဆန်းစုကြည်အား အသင့်စောင့်ကြို၍နေသည်။ စိန်ခေါ်မှုသစ်က ကြီးမားသော စိန်ခေါ်မှုကြီး မဟုတ်စေကာမူ … စနစ်တကျ ကိုင်တွယ်၍ ဖြေရှင်းရမည်ပင်…။ ပြဿနာက မွေးထား၍မရ…။ ကြည့်နေ၍မရ…။

ဦးသန်းထွန်း (ဒေးဒရဲမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် ၂၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးသိမ်းကြည် (တောင်တွင်းကြီးမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် ၁၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးတင်ထွန်းမောင် (မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် ၂၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကြည်ဝင်း (မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်မြေ အမှတ် ၁၊ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) တို့က … နိုင်ငံရေးစာတမ်းတစောင်အား ရေးသား၍ ဖြန့်ဝေ၏။

စာတမ်းက… အဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်နှင့် သွေဖယ်ဆန့်ကျင်သည့် စာတမ်းဖြစ်သည်။ စာတမ်း၏ အနှစ်သာရက…
အာဏာပိုင်များမှ ပြည်သူ့လွှတ်တော်ခေါ်ယူပေးမည့် အချိန်အား အဖွဲ့ချုပ်သည် စိတ်ရှည်ရှည်နှင့် စောင့်ရမည်ဖြစ်သည်။

အဖွဲ့ချုပ်မှ မိမိအစီအစဉ်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရန် ကြေညာခြင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အား ဖွဲ့စည်းခြင်းသည် မှားယွင်းသော လုပ်ဆောင်ချက်ဖြစ်သည်။
ဤအတွက် အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နုတ်ထွက်နေကြသည်။ အဖွဲ့ဝင်များ နုတ်ထွက်နေကြသည်။ အဖွဲ့ချုပ်၏ မြို့နယ်စည်းရုံးရေးအဖွဲ့များ ဖျက်သိမ်းခြင်း ခံနေကြရသည်။

အဖွဲ့ချုပ်နှင့် နအဖ တွေ့ဆုံဆွေးနွေးရေးတွင် အဖွဲ့ချုပ်ခေါင်းဆောင်များသည် အမှန်တကယ် တွေ့ဆုံဆွေးနွေး အဖြေရှာလိုသည့် စိတ်ဆန္ဒမရှိသည့်အတွက် တွေ့ဆုံဆွေးနွေးရေးသည် မဖြစ်ထွန်းရခြင်း ဖြစ်သည်။
ထိုအခြေအနေများကြောင့် နိုင်ငံတကာဆက်ဆံရေးတွင် ဟန့်တားနှောင့်ယှက်မှုများနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်… ဟူ၍ ဆို၏။

စာတမ်းပါ အကြောင်းအရာများက … စစ်အုပ်စုမှ အဖွဲ့ချုပ်အပေါ် စွပ်စွဲဝါဒဖြန့်နေသည့် အာဘော်များနှင့် တထပ်တည်း တူညီနေသည်။

အဖွဲ့ချုပ် ပြင်ပမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တပ်မတော်ထောက်လှမ်းရေးအဖွဲ့များသို့ ပေးပို့၏။
ဦးသန်းထွန်းတို့အုပ်စု၏ စာတမ်းးရေးသားဖြန့်ဝေပုံက … အဖွဲ့ချုပ်၏ ဗဟိုဦးဆောင်မှု၊ အဖွဲ့ချုပ်တွင်း ဒီမိုကရေစီအား ထိပါးဖောက်ဖျက်ရာကျပြီး၊ အဖွဲ့ချုပ်အတွင်း မူဝါဒလမ်းစဉ် ညီညွတ်ရေးအား ပျက်ပြားစေ၏။

ဤအတွက် …. ဦးသန်းထွန်းတို့အား အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့မှ ခေါ်ယူတွေ့ဆုံရ၏။ ဦးသန်းထွန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်သကဲ့သို့ အဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့တွင်လည်း အဖွဲ့ဝင်တဦးဖြစ်သည်။ သို့ဖြစ်၍ ဦးသန်းထွန်းက ၎င်းတို့၏ ၄ ဦးဂိုဏ်းတွင် ပို၍ တာဝန်ရှိသည့်သူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ဦးသန်းထွန်းတို့အား အချိန်ပေး၍ စိတ်ရှည်ရှည်နှင့် ဆွေးနွေး၏။ စာတမ်းတွင် ပါရှိသည့် လွဲမှားနေသည့် အမြင်များအား ထောက်ပြ၏။ ရှင်းပြ၏။ မရ…။

နောက်ဆုံးတွင်မူ …အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့သည် ဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး စည်းကမ်းများအရ… ဦးသန်းထွန်းနှင့် ဦးသိန်းကြည်တို့ ၂ ဦးအား အဖွဲ့ချုပ်မှ ထုတ်ပယ်လိုက်ရ၏။ မတတ်နိုင်…။

No comments: