Sunday, June 13, 2010

အမေရိကန် အစိုးရ အရေးယူမည်ကို စိုးရိမ်၍ နအဖ စစ်အစိုးရမှ နျူကလီယား ထုတ်လုပ်ရန် မဟုတ်မှန်ကြောင်း ငြင်းဆို

Narinjara News

အမေရိကန် အစိုးရ အနေဖြင့် မြန်မာ့ စစ်အစိုးရ၏ နျူကလီးယား အစီအစဉ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောကြားပြီးနောက် နအဖ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းနေသော စွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်း ငြင်းဆို လိုက်သည်။

နအဖ စစ်အစိုးရ အနေဖြင့် နျူကလီးယား စီမံကိန်းနှင့် တခြားလက်နက် ပစ္စည်းများ ပိုင်ဆိုင်မူ အမှန် တကယ် ရှိမရှိကို အမေရိကန် အစိုးရမှ အဓိကထား စောင့်ကြည့်နေကြောင်း အမေရိကန် အာစီယံရေးရာ သံအမတ် မစ္စတာ စကော့မာရှယ်က ပြောကြားသည်။

နအဖ စစ်အစိုးရမှ ဇွန်လ ၁၁ ရက်နေ့ထုတ်ပြန်သော နိုင်ငံခြားရေး ၀န်ကြီးဌာန ကျေညာချက်ထဲတွင် နျူကလီးယား လက်နက် ထုတ်လုပ်ရန် မြန်မာ အစိုးရအား စွပ်စွဲချက်များသည် အခြေအမြစ်မရှိသော စွပ်စွဲချက်များ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများနှင့် လုံးဝ ကွာခြားလွန်းသောကိစ္စဖြစ်၍ တုံ့ပြန် ရှင်းလင်းရန် လိုအပ်ခြင်းမရှိဟု ယူဆခဲ့ကြောင်း ဖေါ်ပြသည်။

ထိုသို့ ပြောကြားပြီး ယင်းနောက်ပိုင်းတွင် နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး မြန်မာ့ စစ်အစိုးရမှ ကြိုးပမ်းနေကြောင်း စွပ်စွဲချက်ကို ပြန်လည် ချေပလာခဲ့သည်။

နအဖ နိုင်ငံခြားရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်တွင် ချေပထားသည်မှာ အမေရိကန် အစိုးရမှ မြန်မာနှင့် ထိတွေ့ ဆက်ဆံမူများ ပြုလုပ်ရန် မူဝါဒ ချမှတ်ခဲ့ပြီးနောက် ယင်းမူဝါဒနှင့် အညီ အမေရိကန် အထက်လွတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်နှင့် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာဒ့်ကမ်းဘဲလ် တို့သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး ထိတွေ့ ဆွေးနွေးမူ လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့သည်ဟု ဖေါ်ပြသည်။

ယင်းသို့ အမေရိကန်နှင့် မြန်မာ ဆက်ဆံရေး ပြန်လည် စတင်နေချိန်တွင် မြန်မာ အစိုးရအား ဆန့်ကျင်သူများက သတင်း မီဒီယာများနှင့် ပူးပေါင်းပြီး ရည်ရွယ်ချက် ရှိရှိ နျူကလီးယားနှင့် ပတ်သက်သည့် စွပ်စွဲချက်များကို အချိန်ကိုက် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရေးသား ဖေါ်ပြသည်။

ယခုကဲသို့ ထိုးနှက်တိုက်ခိုက်မူကြောင့် ဇွန်လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ရှိသော အထက် လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက်ဘ် ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း ဖေါ်ပြသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် ပြည်ပ သတင်းမီဒီယာများမှ မြန်မာ့ စစ်အစိုးရမှ နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေကြောင်း ဖေါ်ပြချက်မှာ မြန်မာနှင့် အမေရိကန် အကြား ဆက်ဆံရေး ပြန်လည် ကောင်းမွန်လာမည်ကို မလိုလားသူများက ထိုးနှက်ချက် ဖြစ်ကြောင်း ဖေါ်ပြထားသည်ကို တွေ့ရှိရသည်။

သို့အတွက် ယခု နအဖ စစ်အစိုးရ၏ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေး နှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရမှ ပြန်လည် ချေပ ရှင်းလင်းချက်မှာ အမေရိကန် အစိုးရနှင့် ဆက်ဆံရေး ပြန်လည် ပျက်ပြားမည်ကို စိုးရိမ်သည့် အပြင် အရေးယူမူများကို ရှောင်လွဲလို၍ ဖြစ်သည်ဟု သုံးသပ်သူများက ပြောဆိုသည်။

နျူကလီယား လက်နက် ပိုင်ဆိုင်ရန် မြန်မာ့ နအဖ စစ်အစိုးရမှ ကြိုးပမ်းနေကြောင်း အယ်လ်ဂျာဇီးရား ရုပ်သံလွှင့်ဌာနက ဒီမိုကရက်တစ် မြန်မာ အသံနှင့် ပူးတွဲပြီး ဇွန်လ ၄ ရက်နေ့က စတင် ထုတ်လွှင့်ခဲ့သည်။

နအဖစစ် အစိုးရသည် မြောက်ကိုးရီးယားနိုင်ငံ၏ အကူအညီကို ရယူပြီး နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟူသော ထုတ်လွှင့်ချက်သည် နိုင်ငံရေး အရ ထိုးနှက်တိုက်ခိုက်မူ သက်သက်သာ ဖြစ်ပြီး အခြေအမြစ် မရှိကြောင်း နအဖ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဇွန်လ ၁၁ ရက်နေ့စွဲ ဖြင့် ထုတ်ပြန်ထားပြီး အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ ဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် အကျယ်တ၀င့် ဖေါ်ပြသည်။


No comments: