Sunday, June 13, 2010

မြစ်ဆုံမှ အစိုးရရွာသစ်သို့ အပြောင်းခံရသူများ၏ကျန်းမာရေး စိုးရိမ်နေရ

KNG

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် လုံဂါဇွပ်တွင် အိမ်အသစ်ပြောင်းရွှေ့လိုက်ရသည့် ဒေသခံကလေးများ ကျန်းမာရေးအခြေအနေဆိုးနေသည်။

၎င်းနယ်မြေတွင် မိုးရွာ၍ ရေဝပ်နေသော်ကြောင့် ခြင်များပေါက်ပွားကာ ကလေးများသည် နှာစေး၊ ချောင်းဆိုး ငှက်ဖျား အပြင်း ဖျားနာ နေ ကြသည်။ “သနားစရာကြီး၊ အားလုံးဖျားနေကြတယ်၊ သိပ်မကြာရင်ကလေးတွေ အားလုံးအသက်အန္တရာယ်နဲ့ရင်ဆိုင်နိုင်တယ်” ဟု ယင်း ရွာ သစ်သို့သွားကြည့်ပေးသည့် ကျန်းမာရေး ဆရာမတစ်ယောက်ပြောနေကြောင်းကို ခရစ်ယာန်ဘာသာရေးဆရာ တစ်ဦးမှပြောပြသည်။

အေးရှားဝေါလ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ပေးနေသည့် ၎င်းတန်ဖိုးနည်း ဆောက်လုပ်ရေးအိမ်တန်းတွင် ဆေးပေးခန်းမရှိ၊ ဆေးဆရာမရှိ ဖြစ်နေ၍ ရွာသားများ အခက်အခဲကြုံတွေ့နေရသည်။

ဤသို့စိုးရိမ်နေရသည့် ရွာအိမ်သစ်သို့ တန်ဖရဲရွာမှ ဆေးဆရာမများ တစ်ပတ်ကို တစ်ယောက်အလေ့ကျ သွားကြည့်ပေးနေသည်။

ဆေးဆရာမ သာမက ကလေးကျောင်းစာသင်ရန် အတွက်လည်း တန်ဖရဲရွာမှ ဆရာ/ဆရာမများ သွားရောက် သင်ကြားပေးနေရသည်။ “အစိုးရမှ ဆရာနှစ်ယောက်ထည့်ပေးမယ်ပြောတယ်၊ ဒါမဲ့ အခုထိ မရောက်လာသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ယောက် ပြောသည်။

ကျောက်ခဲပြည့်နက်နေသည့် အနီရောင်မြေကြီးပေါ်တည်ဆောက်ထားသော ၉ပေပတ်လည်ဧည့်ခန်းကျဉ်းမှာ နေထိုင်နေရသည့် သူတို့ဘဝသည် အကျဉ်းတန်လှကြောင်း ဒေသခံရွာသားများ ငြီးသွားနေကြသည်။

“ဘယ်လိုမှ မတတ်နိုင်တော့ ခံစားနေရတယ်” ဟုပြောင်းရွှေ့ခံရသည့် ဒေသခံရွာသားများပြောနေသည်။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့သည့် ၎င်းဒေသခံများသည် ယခုတွင် ဘာပင်မှ စိုက်ပျိုး၍ မရဖြစ်နေသည်။

လုံဂါဇွပ်တွင် ဆောက်လုပ်ရေးအိမ်တန်း တည်ဆောက်ပေးနေသည့် အေးရှားဝေါလ်ကုမ္ပဏီမှ အိမ်များကို တစ်ပုံစံတည်းတည်ဆောက်ထားသောကြောင့် “ အိမ်တွေလည်း ဆင်တူဆင်တူပြန်ဖြစ်နေ၊ ဘယ်သူ့အိမ်က ဘယ်လူ့အိမ်မှန်းမသိ၊ တစ်ချို့ဆို အိမ်မှားပြီးဝင်ကြတယ်” ဟု ခုတလော ယင်းအိမ်သစ်သွားရောက်ခဲ့သည် ဒေသခံလူကြီးတစ်ဦး ပြောသည်။

ဤကဲ့သို့ဖြစ် မြစ်ဆုံရေကာတာတည်ဆောက်ရေးကြောင့် ပြီးခဲ့သည့် မေ ၂၈ရက်နေ့ ပထမဦးဆုံးပြောင်းရွှေ့လိုက်ရသည့် မဇွပ်ဒေသခံရွာသားများသည် အခက်အခဲအမျိုးမျိုး ရင်ဆိုင် နေရ သည်။

No comments: