Saturday, June 12, 2010

နျူကလီးယား သတင်း မမှန်ဟု စစ်အစိုးရငြင်း

မင်းနိုင်သူ Saturday, June 12, 2010

ကာတာနိုင်ငံ ဒိုဟာမြို့ အခြေစိုက် အယ်လ်ဂျာဇီးရား ရုပ်မြင်သံကြားဌာနမှ ဇွန် ၄ ရက်တွင် စတင် ထုတ်လွှင့်ခဲ့သော မြန်မာ နျူကလီးယား သတင်းသည် လီဆယ် လုပ်ကြံမှု ဖြစ်သည်ဟု စစ်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။

ယမန်နေ့ည ကမ္ဘာ့ဖလား ဘောလုံး ကွင်းဖွင့်ပွဲ အပြီးတွင် အစိုးရ MRTV ရုပ်/သံ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပြီး ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများ တွင်လည်း ယင်းသတင်းကို ဖော်ပြထားသည်။

ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) နှင့် အယ်လ်ဂျာဇီးရားတို့ ပူးပေါင်း ထုတ်လွှင့်ခဲ့သော မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း၍ နျူကလီးယားလက်နက် ထုတ်လုပ်ရန် ကြိုးပမ်းဆောင်ရွက်နေသည့်သတင်းမှာ နိုင်ငံရေးအရ ထိုးနှက်ချက်များသာ ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ အစိုးရပိုင် သတင်းဌာနများက ရေးသားသည်။
DVBသတင်းဌာန ချင်းမိုင်ဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က“ကျနော်တို့ သတင်းဌာနက သတင်းဌာနတွေလိုက်နာသင့်တဲ့ စည်း မျဉ်း စည်းကမ်းနဲ့အညီ လုပ်တာပါ၊ ဘယ်သူ့ကိုမှ စွပ်စွဲတာမျိုး မရှိပါဘူး ၊ ကျနော်တို့ ဌာနရဲ့ အဓိက ရည်ရွယ်ချက်က သတင်း ၊ ပညာရေး ၊ ဖျော်ဖြေမှုဆိုတာတွေ ပေးဝေဖို့ပါ၊ ဘယ်အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ်ကိုမှ နစ်နာပါစေဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ၊ ဒါပေ မယ့် တကယ်ဖြစ်ရင်တော့ ဖြစ်နေတာကို ဖြစ်တဲ့အတိုင်း ကျနော်တို့ သတင်းထုတ်မှာပါ"ဟု ပြောသည်။

နော်ဝေးနိုင်ငံ အခြေစိုက် DVB ရုပ်သံဌာနကို ၁၉၈၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ဖွဲ့စည်းခဲ့သည့် The National Endowment for Democracy (NED) က အဓိက ပံ့ပိုးပေးနေပြီး NED အဖွဲ့အတွက် ရန်ပုံငွေကို အမေရိကန်ကွန်ဂရက်က နှစ်စဉ် ငွေကြေး ထောက်ပံ့ ပေးနေသည်ဟုလည်း နအဖ သတင်းစာများတွင် ရေးသားထားသည်။

မြန်မာနျူကလီးယားဆိုင်ရာ သတင်း ထုတ်လုပ်ပေးခဲ့သည့် DVB ကို The National Endowment for Democracy (NED) အဖွဲ့က ထောက်ပံ့မှုများရှိသော်လည်း အဓိကပံ့ပိုးနေသည့် အဖွဲ့အစည်းမဟုတ်ဟု ကိုတိုးဇော်လတ်က ငြင်းဆိုလိုက်ပြီး ယခု မြန်မာ နျူကလီးယားသတင်း ပျံ့နှံ့မှုတွင် အမေရိကန်က နောက်ကွယ်မှ ပါဝင်ပတ်သက်နေသည်ဟု နအဖ က စွပ်စွဲလိုခြင်းသာ ဖြစ် ကြောင်းလည်း တုံ့ပြန် ပြောဆိုသည်။

နအဖ သတင်းစာများတွင် DVB သည် လူသတ်သမား လေလှိုင်းသံ တခုဖြစ်သည်ဟုလည်း စွပ်စွဲ ရေးသားထားသည်။

“သူတို့ အစိုးရပိုင် သတင်းဌာနတွေက စာနယ်ဇင်းကျင့်ဝတ်နဲ့အညီ လုပ်နေတာမှ မဟုတ်တာ။ ကျနော်တို့မှာက စကားလုံး အသုံး အနှုန်းကအစ သတိထားရပါတယ် ၊ နအဖ သတင်းစာတွေကတော့ တပ်ပြေး ၊ ၀ရမ်းပြေး ၊ လူသတ်သမား လေလှိုင်းသံ ဆိုတာ မျိုးတွေ သုံးထားတယ် ၊ အဲဒီလို အသုံးအနှုန်းတွေ ကြည့်ခြင်းအားဖြင့် ဒီသတင်းဌာနရဲ့အဆင့်အတန်းကို လူတွေ သိနိုင်တာပေါ့ဗျာ၊ မြန်မာပြည်ကလူတွေ သိကြပါတယ်"ဟု ကိုတိုးဇော်လတ်က ဆက်လက် ပြောဆိုသည်။

ယင်း စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းနှင့် ဥမင် လိုဏ်ခေါင်းဆိုင်ရာ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ဗိုလ်မှူး စိုင်းသိန်းဝင်း ဆိုသူက ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ယင်း လျှို့ဝှက် စီမံကိန်းများကို DVB နှင့် အယ်လ်ဂျာဇီးရား သတင်းဌာနများမှ တဆင့်ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။

ယင်း စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော“မြန်မာနိုင်ငံ နျူကလီး ယား ဆိုင်ရာ လူပ်ရှားမှုများ”စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည် ကိုတွေ့ရ သည်။

အဆိုပါ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် စစ်သက် ၁၅ နှစ်ရှိ ပြီး ဒုံးပျံအင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်သကဲ့သို့ မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ် ရေးစက်ရုံမှ ဒုတိယ အကြီးအကဲ တဦး လည်း ဖြစ် ကြောင်း သိရသည်။
စစ်အစိုးရ သတင်းစာတွင် ဗိုလ်မှူးစိုင်းသိန်းဝင်းကို ဗိုလ်ကြီးအဆင့်သာရှိသည်ဟု ဖော်ပြမှုမှာလည်း မှန်ကန်မှုမရှိဟု ကိုတိုးဇော်လတ်က ဆက်လက်ပြောဆိုသည်။

“သူက ဗိုလ်မှူးပါ ၊ ဖြစ်တာတော့ မကြာသေးဘူး ၊ လပိုင်းပဲရှိသေးတယ် ၊ ဒါပေမယ့် နအဖက ရှုတ်ချချင်တော့ ဗိုလ်ကြီးအဆင့်ပဲ ရှိတယ်လို့ လုပ်တာပါ ၊ ကျနော်တို့ တော်တော်ကြာကြာကတည်းက သူနဲ့ ချိတ်ဆက်မိထားတာပါ"ဟု ၄င်းက ဆိုသည်။

မြန်မာနျူကလီးယားသတင်း အယ်လ်ဂျာဇီးရားမှထုတ်လွှင့်ပြသမှု မတိုင်ခင်တွင် မြန်မာစစ်အစိုးရနှင့် ပုလဲပနံသင့်သော အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်ခရီးစဉ်ကို မြောက်ကိုရီးယားနှင့် နျူကလီးယား ဆက်ဆံရေးကြောင့် ဟုဆိုကာ ဇွန်လ ၃ ရက်နေ့တွင် ရုတ်တရက် ဖျက်သိမ်းခဲ့သည်။

စင်ကာပူ နိုင်ငံ၌ ဇွန်လ ၄ ရက်မှ ၆ ရက်နေ့ အထိ ကျင်းပသော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာ နျူကလီးယား အရေးနှင့် ပတ်သက်၍ တံခါးပိတ် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သေးသည်။

အဆိုပါအစည်းဝေးသို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် အေးမြင့်တက်ရောက်ရန်ရှိသော်လည်း အယ်လ်ဂျာဇီးရား သတင်းဌာနက မြန်မာ့နျူကလီးယားသတင်း ထုတ်လွှင့်ခဲ့ရာ တက်ရောက်ခြင်းမရှိတော့ဘဲ သံအမတ်ကြီး ဦးဝင်းမြင့်သာ တက်ရောက်ခဲ့သည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြား ရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများ တွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချ ထားကြောင်း သိရသည်။


No comments: