Monday, September 13, 2010

ဗုံးသတင်းကြောင့် လုံခြုံရေးများချထား

NEJ / ၁၃ စက်တင်ဘာ ၂၀၁၀

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးအနီး ရထားလမ်း ခုံးကျော်တံတားတွင် ပြီးခဲ့သည့် စက်တင်ဘာ ( ၁၁ ) ရက်၌ ချိန်ကိုက်မိုင်း ဗုံးတလုံးတွေ့ရှိကြောင်း နအဖသတင်းစာတွင် အကျယ်တ၀င့် ဖော်ပြခဲ့ပြီးသည့်နောက် ရန်ကုန်မြို့ လူထူထပ်သော နေရာများ၌ လုံခြုံရေးများ ချထားသည်။

“ရွေးကောက်ပွဲ ကာလကလည်း နီးနေပြီလေ။ နောက်လတွေဆို လုံခြုံရေးက ပိုယူရတော့မယ်၊ ရွေးကောက်ပွဲ လုပ်ပြီးသွားဖို့ပဲ လိုတာ” ဟု ရန်ကုန်တိုင်းရဲရုံးမှ အရာရှိတဦးက ပြောသည်။

လုံခြုံရေးရဲများက ညပိုင်းတွင် ယာဉ်များကိုပါ ရပ်တန့် စစ်ဆေးရှာဖွေကြောင်း၊ ပြည်လမ်း၊ ကမ္ဘာအေးလမ်းနှင့် ဦးဝိစာရလမ်း တလျှောက်အပါအ၀င် မြေနီကုန်းမီးပွိင့်၊ လှည်းတန်းမီးပွိုင့်၊ သမိုင်းလမ်းဆုံနှင့် မြို့တွင်း လမ်းမကြီးများဖြစ်သော ဆူးလေဘုရားလမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်းတို့တွင် ပြုလုပ်နေခြင်းဖြစ်ကြောင်း တက္ကစီမောင်းတဦးက ပြောသည်။

တာဝန်ကျရဲများနှင့်အတူ မြို့နယ်ကြက်ခြေနီများ ရယကများလည်း စစ်ဆေးရာတွင် ပါဝင်ကြကြောင်း ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းတွင် နေသူတဦးက ပြောသည်။

“ထစ်ကနဲဆိုရင် ရယက ပါတယ်။ ဗုံးတွေ့တယ်ဆိုရင် လုံခြုံရေးချပြီ။ ဗုံးတလုံးပဲတွေ့တွေ့၊ နှစ်လုံးပဲတွေတွေ့ တယောက်ယောက်ရဲ့ လက်ချက်လို့ ပြောတော့မယ် ဆိုတာကိုပါပဲ” ဟု ၎င်းက ပြောသည်။

ပြည်တွင်း စာနယ်ဇင်းသမားတဦးကမူ ဗုံးတွေ့သည်ဟု သတင်းစာမှ ကြေညာသောရက်မှာ ပဲခူးမြို့မှ လူငယ် (၂) ဦးကို စစ်တပ်မှသေနတ်ဖြင့်ပစ်ခတ်ပြီး တပတ်ကာလတွင် ဖြစ်ကြောင်း၊ ယခုကာလသည် မြန်မာနိုင်ငံတွင်း ပြည်သူတို့အနေဖြင့် မိမိတို့၏ဆန္ဒကို ဖော်ထုတ်ခွင့်ရတော့မည့် ရွေးကောက်ပွဲကာလ နီးနေပြီဖြစ်သည့်အတွက် မိမိပတ်ဝန်းကျင်အနေအထား၊ သတင်းစကားများကို မျက်ခြည်မပြတ်ကြရန် လိုကြောင်း ပြောကြားသည်။

၎င်းက “အခုက သတိနဲ့နေရမယ့် အချိန်ဖြစ်တယ်။ အစိုးရက လိုရင်တမျိုး၊ မလိုရင်တမျိုး လုပ်မယ့်သူ။ လုံးဝယုံကြည်လို့မရတဲ့ အဖွဲ့အစည်း။ မြန်မာနိုင်ငံမှာ ပြည်သူတွေက နေရတာ မလုံခြုံဘူး။ ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမယ့် တပ်မတော်က ပြည်သူတွေကို မသင်္ကာတဲ့အကြည့်နဲ့ စောင့်ကြည့်နေတယ်ဆိုတာ ပြည်သူတွေသိဖို့လိုတယ်” ဟု ပြောဆိုသည်။

No comments: