NEJ / ၁၃ စက်တင်ဘာ ၂၀၁၀
ရန်ကုန်တွင် မြို့နယ်အလိုက်မဲပေးမည့် လူဦးရေစာရင်းများကို စက်တင်ဘာ ဒုတိယပတ်မှ စတင်ကောက်ခံနေပြီဖြစ်သည်။
အဆိုပါ စာရင်းကောက်ယူမှုကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးများက ကောက်ခံခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
စာရင်းကောက်ခံရာတွင် မိသားစုအရေအတွက်၊ နေထိုင်သည့်လမ်း၊ ရပ်ကွက်၊ အသက်၊ အလုပ်အကိုင်၊ ပညာအရည်အချင်း၊ ရန်ကုန်တွင် လက်ရှိနေမနေ၊ နိုင်ငံရပ်ခြားတွင်ရှိမရှိ စသည်တို့ကို တိတိကျကျ စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ စံပြငါးဈေးအနီးတွင် နေသူတဦးက ပြောသည်။
“ကျနော်တို့ကို ရယက ကပြောတာတော့ မဲပေးရတော့မှာမို့လို့တဲ့” ဟု ၎င်းက ပြောသည်။
စမ်းချောင်းမြို့နယ်တွင်လည်း အလားတူ လူဦးရေစာရင်းများကို ကောက်ခံနေကြောင်း သိရပြီး အိမ်ငှားနေထိုင်သူများလည်း ငှားရမ်းနေထိုင်ရာ မြို့နယ်အလိုက် မဲပေးရမည်ဖြစ်ကြောင်း သိရသည်။
အခြေခံလူဦးရေစာရင်း ကောက်ခံပြီးပါက မဲပေးခွင့်ရမည့်သူများ စာရင်းကို သက်ဆိုင်ရာရပ်ကွက် ရယက ရုံးများတွင် ကြေညာပေးထားမည်ဟု ဗဟန်းမြို့နယ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တာဝန်ရှိသူက ပြောသည်။
ယခု စာရင်းကောက်ခံခြင်း ပြုလုပ်ရာတွင် မည်သည့်ဖိအားပေးခြင်းမျိုးမှ မတွေ့ရသော်လည်း ပြီးခဲ့သည့် လများအတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ရန်ကုန်မြို့ခံများအား ၎င်းတို့ပါတီသို့ အတင်းဝင်ခိုင်းမှုများ ရှိခဲ့သည့်အတွက် ပြည်သူတို့က မနှစ်သက်ကြကြောင်း သိရသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ်တွင်နေထိုင်သူ သမိုင်းအဓိက တက္ကသိုလ်ကျောင်းသားတဦးက “ကြံ့ဖွံ့က ပါတီဝင်လျှောက်လွှာပေါ်မှာ ကျနော့်အဒေါ်ကို လက်မှတ် အတင်းထိုးခိုင်းတယ်၊ ကျနော့်အဒေါ်က စက်ချုပ်တာ၊ သူက နိုင်ငံရေးလည်းမသိဘူး။ ကျနော်က မထိုးနဲ့ပြောလို့ ကြံ့ဖွံ့ကလူတွေနဲ့ ကျနော်နဲ့ မကြည်မလင်ဖြစ်ရသေးတယ်။ လက်မှတ်တော့ ထိုးလိုက်ရတာပေါ့ဗျာ။ ကျနော်က (၂၁) နှစ်ပါ၊ ကျနော်လည်း မဲပေးရမှာလေ ” ဟု ပြောသည်။
ရန်ကုန်မြို့တွင် အိမ်ထောင်စုအလိုက် မဲပေးရမည့်သူများကို စာရင်းကောက်ခံနေသကဲ့သို့ မဲပေးရမည့်အရွယ် ရှိသူများ (အသက်၁၈ နှစ်ပြည့်ပြီး) သူများကိုပါ ကြံ့ဖွံ့ပါတီဝင်အဖြစ် တပါတည်းစည်းရုံး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
လသာမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးကမူ “ကြံ့ဖွံ့မတရားဘူးဆိုတာ ပြောစရာ စကားလုံးမရှိတော့ဘူး။ ပြောနေလည်း အပိုပဲ။ အားလုံးနားလည်ရမှာက ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေလို့ရတယ်။ တကယ်လို့ မဲပေးရင်လည်း ကိုယ်နေတဲ့မြို့နယ်မှာ ဘယ်ပါတီက ပြိုင်မှာလည်းဆိုတာကို ကြည့်ပြီး ကြံ့ဖွံ့ပါတီကလွဲရင် ကျန်တဲ့ပါတီတွေကို မဲပေးဖို့ ကျမတော့ စဉ်းစားထားတယ်” ဟု ပြောဆိုသည်။
ရန်ကုန်တွင် ကြံ့ဖံွ့ပါတီမှ ကိုယ်စားလှယ်ပေါင်း (၁၄၀) ခန့် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြို့နယ်တိုင်းတွင် လမ်းများကို ခင်းပေးမည်ဟုဆိုကာ ကြံ့ဖွံ့ပါတီက စည်းရုံးရေးများ ပြုလုပ်နေကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။
“လမ်းခင်းပေးမယ်၊ ပါတီဝင်ပါလို့ပြောပြီးမှ လမ်းခင်းပေးတာလေ၊ ဒီလိုကိစ္စမျိုးကို ကျနော်တို့အနေနဲ့ မနှစ်သက်ဘူး။ အစိုးရဆိုတာ လမ်းကို ခင်းကိုခင်းပေးရမယ့် ကိစ္စပဲ။ အခုမှ ပါတီထောင်ပြီးတော့ မဲရအောင် လမ်းခင်းပေးမယ်ဆိုတော့ဗျာ ကျနော်တော့ မ၀င်ဘူး” ဟု ဗဟန်းမြို့နယ်မှ ပြည်သူတဦးက ပြောကြားသည်။
No comments:
Post a Comment