Monday, September 13, 2010

အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများပြော

သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကို မှန်မှန်ကန်ကန်ပြောဆိုရန် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း ထိုင်းနယ်စပ် အခြေဆိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ရွေးကောက်ပွဲဟာ မြန်မာ့ပြည်တွင်းရေးဖြစ်လို့ အခြားသူတွေအနေနဲ့ ၀င်မစွက်သင့်ဘူးဆိုတာကိုက နအဖ စစ်အစိုးရကို ခုခံ ပြောလိုက်တာဘဲ၊ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု အကျိုးမဟုတ်ဘူး၊ စစ်အာဏာရှင်တွေအတွက် ဖြစ်တယ်ဆိုတာ ရှင်းနေပြီးသား၊ ဒီအပေါ်မှာ မှန်မှန်ကန်ကန် ပြောဆိုဖို့ အိမ်နီးချင်းကောင်းနိုင်ငံတခု အနေနဲ့ တာဝန်ရှိတယ်” ဟု သူက ဆို သည်။

နအဖအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခုလ ၇ ရက်နေ့ တရုတ်နိုင်ငံခရီးစဉ် အတွင်း နအဖကျင်းပမည့် ရွေး ကောက်ပွဲကို နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ခြင်းမပြုရန် တရုတ်နိုင်ငံက သတိပေးချက် အပေါ် သူက တုန့်ပြန် ပြောဆို ခြင်း ဖြစ်သည်။

တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲကို အကျိုးစီးပွားအရ တရုတ်က ထောက်ခံခြင်းဖြစ်သော်လည်း နိုင်ငံတကာကို ထိုသို့ ပြောခွင့် မရှိကြောင်း တရုတ်နယ်စပ် စစ်ရေးနိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောကလည်း ပြောသည်။
“ရွေးကောက်ပွဲဟာ ပြည်သူလူထုကို ကျွန်ဇါတ်သွင်းနေတယ်ဆိုတာ တရုတ်လည်းသိတာပဲ ဒါပေမဲ့ နအဖနဲ့ဆက်စပ်နေတဲ့ အကျိုးစီးပွားပေါ်ကနေပြောတာက သူ့ကိစ္စလေ ဒါပေမဲ့တခြားနိုင်ငံတွေလည်း သူတို့အကျိုးစီးပွားအလိုက် ပြောဆို ဆက်ဆံ နေတဲ့ အပေါ် ပြောပိုင်ခွင့်မရှိပါဘူး” ဟု ဆိုသည်။

ထို့အပြင် တရုတ်နယ်စပ်တွင် နှစ်နိုင်ငံဆက်ဆံရေးထိခိုက်စေမည့် လုပ်ရပ်များနှင့် နအဖဆန့်ကျင်သည့် လှုပ်ရှားမှုများကို တရုတ်က လက်ခံမည် မဟုတ်ကြောင်း သမ္မတ ဟူကျင်းထောင်၏ ပြောကြားချက်ကို ကိုးကား၍ စက်တင်ဘာလ ၁၂ ရက် နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

ဦးအောင်ကျော်ဇောက “တရုတ်ကတော့ ဒီကိစ္စကို တစ်ခုလုံးအနေအထားနဲ့ ပြောတယ်လို့ ထင်တယ်။ အခြေခံအားဖြင့် ငြိမ်းချမ်းစွာဖြေရှင်းပါလို့ ပြောထားတာ နအဖသတင်းစာမှာက လိုတာကိုပဲဆွဲရေးတာ အစီအစဉ်ရှိရှိ အသုံးချတာပေါ့ ” ဟု ဆိုသည်။

တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နအဖစစ်အစိုးရကိုဆန့်ကျင်ခြင်း မဟုတ်ကြောင်း ၄င်းတို့လို လားချက်များကိုတင်ပြ တောင်းဆိုခြင်းသာဖြစ်ကြောင်း နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးနေသည်မှာ နအဖ ကိုယ် တိုင် ဖြစ်ကြောင်း သူကဆက်ပြောသည်။

“တရုတ်နယ်စပ်မှာ ကိုးကန့်တိုက်ပွဲစတိုက်တာလည်း နအဖပဲလေ ၂၀၀၀ ခုနှစ်က မုံးကိုးအရေးအခင်း မုံဆာလတို့ကို တိုက် တဲ့ အခါမှာ တရုတ်အရပ်သားတွေရော လူ ၁၀၀ ကျော်ကို ဟေမိုးလုံမှာ အကုန်ပစ်သတ်လိုက်တယ်။ အဲလိုမတည် မငြိမ် ဖြစ်အောင်လုပ်တာ နအဖလုပ်တာပဲလေ” ဟု သူက ဆိုသည်။

No comments: