မောင်ရမ္မာ
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးရွှေလှအောင်သည် ရမ်းဗြဲမြိ့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၇ ခုသို့ သွားရောက်ပြီး ရွှေးကောက်ပွဲ အတွက် ရယက ဥက္ကဌများကို ခြိမ်းခြောက်ပြီး မဲဆွယ် စည်းရုံးခဲ့သည်ဟု သတင်း ရရှိသည်။
မဲဆွယ် စည်းရုံးရာတွင် ရယက ဥက္ကဌများကို ပြည်ခိုင်ဖြိုး ပါတီ အနိုင်ရအောင် လုပ်ပေးရမည်ဟု ပြောဆိုပြီး မလုပ်ပေးနိုင်က ဥက္ကဌ ရာထူးမှ နုတ်ထွက်ရန် ပြောကြားခဲ့သည်ဟု ရယက ဥက္ကဌ တစ်ဦးက ပြောသည်။
“ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူးက ကျွန်တော်တို့ကို အနည်းဆုံး တစ်ရွာမှာ ၆၀ ရာခိုင်နှုန်း မဲရအောင် ပြုလုပ်ပေးရမယ်။ တကယ်လို့ မရဘူးဆိုရင် ခင်ဗျားတို့ ကို ရယက ဥက္ကဌ တာဝန်က ဖြုတ်ပစ်မယ်။ မရနိုင်ဘူးလို့ ထင်ရင်တော့ မဖြုတ်ခင်ကတည်းကပင် ကိုယ့်အသိနဲ့ကိုယ် ကြိုတင်ပီး ခုအချိန်ကတည်းက ထွက်ထားကြဆိုပြီး ကျေးရွာ အုပ်စု ရယက ဥက္ကဌတွေကို ခြိမ်းခြောက် ပြောကြား သွားခဲ့ပါတယ်။”
ဦးရွှေလှအောင်သည် ပြည်ခိုင်ဖြိုး ပါတီ မဲအနိုင်ရရှိရေး အတွက် သြဂတ်စ်လ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သော ရမ်းသစ်ချေအုပ်စု၊ ရမ်းသစ်ကြီးအုပ်စု၊ ကလပုန်းအုပ်စု၊ မရွတ်ချိန်အုပ်စု၊ လက့်ပံအုပ်စု၊ ကျောက်ဆောက် အုပ်စုနဲ့ အလယ်ချောင်းကျေးရွာအုပ်စု ခရီးစဉ် အတွင်း ထိုသို့ ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် သူက “ ဦးရွှေလှအောင်က ရမ်းဗြဲမြို့နယ်က တောရွာတွေကို စည်းရုံးတဲ့ အခါ “ပြည်ခိုင်ဖြိုး ပါတီကို မဲပေးကြပါ”ဆိုတဲ့ စာသားတွေနဲ့ တံဆိပ် ရိုက်ထားတဲ့ အင်္ကျီတွေကို လူထု အတွင်း ဝေပေး ပါတယ်။ ဒေသ တိုးတက်ရေး အတွက် လမ်းတွေ၊ ကျောင်းတွေ ဆောက်ပေးမယ် ဆိုပြီး ပြောဆို စည်းရုံးပါတယ်။ ပြည်ခိုင်ဖြိုး ပါတီက ရွှေးကောက်ပွဲ ပီးရင်လည်း ဆက်လက် အာဏာရမှာ ဖြစ်တဲ့ အတွက် ရယက ဥက္ကဌတွေ အနေနဲ့ ရယက ဥက္ကဌ ရာထူးက မပြုတ်ချင်ရင် ပြည်ခိုင်ဖြိုး ပါတီင်္ကို နိုင်အောင် လုပ်ကြ ဆိုပီးလည်း ပြောဆိုသွား ပါတယ် ” ဟု ပြောသည်။
၎င်းအပြင် ကျေးရွာအုပ်စု အတွင်းမှာရှိသော လယ်သမားများကိုလည်း ပြည်ခိုင်ဖြိုး ပါတီက ချေးငွေများ ထုတ်ချေးမည်ဟု ပြောဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်ဟု သူက ဆက်ပြောသည်။
ရမ်းဗြဲမြို့နယ်ရှိ လယ်သမားများကို လယ်တစ်ဧက ကျပ်ငွေ ၃၀၀၀ စီ ထုတ်ချေးပေးမည်ဟု ဆိုကာ အုပ်စု ကျေးရွာများ အတွင်းရှိ လယ်ဧက အရေအတွက် စာရင်းများကိုလည်း ကောက်ယူ သွားခဲ့ ကြောင်း သိရသည်။
ရမ်းဗြဲ့မြို့နယ်တွင် ရမ်းပေါက်တိုက်နယ်၊ ဟုန်းတိုက်နယ်၊ ကျောက်ချောင်းတိုက်နယ်၊ လေးတောင် တိုက်နယ်၊ ကန်တိုင်းတိုက်နယ်နှင့် ကုန်ဘောင်တိုက်နယ်များ ပါဝင်ပြီး ယခု ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ခြိမ်းခြောက် မဲဆွယ်စည်းရုံးခဲ့သော ကျေးရွာများမှာ ရမ်းပေါက် တိုက်နယ်တွင် ပါဝင်ကြောင်း သိရ သည်။
ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးရွှေလှအောင်သည် တခြားတိုက်နယ်များသို့ ယခုလအတွင်း သွားရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီ မဲအနိုင်ရရှိရေး အတွက် မဲဆွယ်စည်း ရုံးရေး လုပ်ဆောင်မည်ဟု သိရသည်။
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်တိုင်းတွင် နအဖ ကျောထောက်နောက်ခံပြုထားသော ပြည်ခိုင်ဖြိုး ပါတီ အနေဖြင့် ကျေးရွာအုပ်စုအလိုက် စည်းရုံးရေးလုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်ခွင့် ရနေသော်လည်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အပါအ၀င် တခြားပါတီများ၏ စည်းရုံးရေး ခရီးစဉ်များမှာ ကန့်သတ် ခံရမူများ ရှိနေကြောင်း သိရသည်။
No comments:
Post a Comment